..............................

Thursday, September 13, 2012

မိုးထိ မိုးမိ ရွှေတူးလုပ်သားများအား မိုင်းမြို့ငယ်သို့ ပြောင်းရွှေ့ နေရာပေးမည်

နေလင်းအောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၂

ရမည်းသင်း (မဇ္ဈိမ) ။ ။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်တွင် ဆောင်ရွက်နေသော မိုးထိမိုးမိ ဒေသ ရွှေ တူးဖေါ်ရေး လုပ်ငန်း အတွင်း အလုပ်လုပ်နေသူများ တစုတဝေးတည်း နေထိုင်နိုင်ရန်အတွက် မြို့သစ် မိုင်းမြို့ငယ် သို့ ယခုနှစ် ကုန်တွင် ပြောင်းရွှေ့ပေးသွားမည် ဖြစ်ကြောင်း ရွှေတူးဖေါ်ရေးကို ဦးဆောင် လုပ်ကိုင်နေသည့် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက ကဆိုသည်။

လက်ရှိမှာ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီ ၂၃ ခု မှ အလုပ် သမားများနှင့် ဈေးရောင်းသူများ အပါအဝင် စုစုပေါင်း ၈၈၀၀ ကျော် သည် လုပ်ကွက် အလိုက် နီးစပ် ဧရိယာ အတွင်း ပြန့်ကျဲစွာနေထိုင်လျက် ရှိသည်။

ယင်းမိုင်းတွင်းသည် တပ်ကုန်း-ရမည်းသင်း ကားလမ်းဘေးရှိ သာယာအေး ကျေးရွာမှ တောင်ပေါ် ၈ ဒဿမ ၅ မိုင် အကွာတွင် ရှိပြီး အလုပ်သမားများ တစု တဝေးတည်း နေနိုင်ရန်အတွက် ကုမ္ပဏီမှ ကျပ် သိန်းပေါင်း ၅၀၀၀ ခန့် အကုန်ကျခံ တည်ဆောက်သွားမည် ဖြစ်သည်။

တည်ဆောက်လျှက်ရှိသော မိုင်းမြို့ငယ်သည် အကျယ်အ၀န်း ၁၂၂ ဧက ရှိပြီး ရဲစခန်း၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ အပန်းဖြေ စခန်းငယ်များ ပါဝင်သည်။

“ဒီ စီမံကိန်းကို သြဂုတ်လမှာ စတင် တည်ဆောက်နေတာပါ။ ဒီဇင်ဘာလ တစ်ရက်နေ့မှာ စတင်ပြောင်းရွှေ့နိုင်အောင် တည်ဆောက်နေပါတယ်။ အခုလောလောဆယ် လူနေထိုင်ဖို့ အဆောက်အဦး ငါးလုံးကို စတင် ဆောက်နေတယ်” ဟုအဆိုပါ ကုမ္ပဏီ စီမံကိန်း ညွှန်ကြားရေးမှူး ဦးထွန်းအောင်စိုးက ပြောသည်။

မိုင်းလုပ်သားများ လုပ်ငန်းခွင် ဝင်ရောက်သည့် ဧရိယာနှင့် နေထိုင်သည့် ဧရိယာသီးခြားဖြစ်စေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

“ဒီမိုင်းမြို့ငယ်မှာ ကျွန်တော်တို့ ပင်မ ကုမ္ပဏီက ဝန်ထမ်းတွေရော အကျိုးတူ ကုမ္ပဏီတွေက လုပ်သားတွေနဲ့ ဈေးရောင်းချ သူတွေ နေထိုင်မယ်။ လုပ်သားတွေအတွက် အိမ်ခြေ သုံးထောင်ပါမယ်။ လူပျို၊ လူလွတ်တွေ အတွက် ဘားတိုက်တွေလည်း တည်ဆောက် သွားမယ်။ နိုင်ငံတာက မိုင်းတွေ လုပ်ငန်းတွေလိုပဲ နေထိုင်ရေးကို စီစဉ်ပေးတာပါ။ နမ္မတူ ဘော်တွင်းမှာလည်း ဒီလိုပါပဲ” ဟု ဦးထွန်းအောင်စိုးက ပြောသည်။

ကုမ္ပဏီမှ ဆောင်ရွက်နေသော မိုးထိ မိုးမိဒေသ ရွှေတူးဖေါ်ရေး လုပ်ငန်းသည် ၅,၁၀၅ ဧက အကျယ် အ၀န်း ရှိသည်။

အဆိုပါ ဧရိယာအတွင်းတွင် အခြားနေထိုင်လိုသူများ၊ ဈေးရောင်းချသူများနှင့် မိုင်းနယ်မြေအတွင်း ဆိုင်ကယ် ကယ်ရီ ဆွဲလိုသူများပါ နေထိုင်နိုင်ပြီး လာရောက်၍ နေထိုင်သူများ သင့်တော်သော ဈေးနှုန်းဖြင့် ငှားရမ်းသွားမည် ဖြစ်ကြောင်းလည်း ဦးထွန်းအောင်စိုး က ပြောသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် သစ်တောဌာနတို့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ကြိုးပြင်သစ်တော အတွင်း တည်ဆောက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းမိုင်းလုပ်ငန်းအတွင်း လုပ်ငန်း လုပ်ကိုင်နေကြသူများတွင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဝန်ထမ်း အင်အား ၂၀၀၀ ခန့်၊ မိတ်ဖက် ကုမ္ပဏီများမှာ အင်းပိုင်ရှင်များ၊ အင်းသားများ ၈၀၀၀ ကျော်နှင့် ဈေးရောင်းချသူ ၂၈၀ ကျော်ရှိပြီး ရှမ်း၊ ပအိုဝ့်၊ ကချင်၊ ဝ၊ ရခိုင်နှင့် ဗမာ တိုင်းရင်းသားများ ဖြစ်ကြောင်းနှင့် ယင်းတို့တွင် ရမည်းသင်း ဒေသခံ တစ်ထောင်ကျော်ပါဝင် လုပ်ကိုင်နေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

အဆိုပါ အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖေါ်ထုတ်လုပ်မှုအုပ်စု လီမိတက်မှ ဆောင်ရွက်နေသော ရွှေတူးဖေါ်မှု လုပ်ငန်းသည် ၂၀၁၁ ခုနှစ် အောင်တိုဘာတွင် စတင်ခဲ့သည့် ငါးနှစ် စီမံကိန်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့