..............................

Monday, September 10, 2012

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အို အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

Sunday, 09 September 2012

ကချင်ပြည်နယ် အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွား မှုသည် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းမှ စတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ်ကျော် ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။

“ကချင်ပြည်နယ်ထဲမှာ တောင်ပိုင်းမှာ မဖြစ်ရင် မြောက်ပိုင်းမှာဖြစ်တယ်ပေါ့။ တိုက်ပွဲတွေ ဖြစ်တာကတော့ ရှိနေတာပဲ။ တပ်မတော် စစ်ကြောင်း ရွေ့လျားမှုနဲ့ ရင်ဆိုင်တွေ့ကြရင် ဖြစ်တာပဲ။ အခု ပိုပြီး လှုပ်နေတယ်။ ရှမ်းမြောက်ပိုင်းကတော့ နည်းနည်း ငြိမ်နေတယ်။ မကြာသေးခင် က ဖြစ်တာကတော့ ဖားကန့်ပေါ့”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ပြောပြသည်။

၂၀၁၁ ခုနှစ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင် တည်ရှိသည်။ နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုသည် မြစ်ကြီးနား မြို့နယ်၊ ၀ိုင်းမော် မြို့နယ်၊ မန်စီမြို့နယ် များသို့ သက်ရောက်မှုများ ရှိလာသည်ဟု သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ပထမပတ်အတွင်းတွင် ဖားကန့်မြို့နယ်၌လည်း တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု သိရှိ ရသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား မှုများ၊ စက်တင်ဘာ လဆန်းတွင် မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တိုက်ပွဲဖြစ်ပွားမှု စသည်တို့ ရှိခဲ့သည်။

“စက်တင်ဘာလ ၆ ရက်နေ့ည ပိုင်းက မန္တလေး-မြစ်ကြီးနားရထား လမ်းဘက်မှာ တိုက်ပွဲဖြစ်တယ်။ ရထားလမ်း အသွား အလာ ရပ်သွား တာပေါ့။ ကုန်စည် အ၀င် အထွက်က ရထားကို အားထားနေရတော့ စိတ်ပူကြတယ်။ ဒါပေမယ့် ရထားက အခုတော့ ပုံမှန် ပြန်သွားနေပါပြီ”ဟု မြစ်ကြီးနားမြို့မှ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ပြောပြသည်။

၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများ မှ စတင်ကာ ဒေသခံများသည် နေ ထိုင်ရာကျေးရွာများကို စွန့်ခွာမှုများ ရှိလာခဲ့သည်။ မြို့ပေါ် ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိ က အဆောက်အအုံများတွင် ဖွင့် လှစ်သော ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံမှုများ အပြင် တောတွင်း ကယ်ဆယ်ရေး စခန်းများသို့ ရောက် ရှိ ခိုလှုံ သူများလည်း ရှိလာခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် မျိုးစုံ၊ အဖွဲ့အစည်း မျိုးစုံ ပေါ်ပေါက် လာပြီး ပြည်တွင်း လက်နက်ကိုင် ဆူပူမှုများဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင် လာခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်း လှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့ လာရောက် ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက် အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် တပ်မတော် ထောက်လှမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ် မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံခဲ့သည်။၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု မှတ်တမ်းများ အရ သိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်မူ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့ အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားမှု ရှိလာကာ က ချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် တာပိန်ရေအား လျှပ်စစ် တည်ရှိရာ ဒေသ တစ်ဝိုက်တွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်သည် ကေအိုင်အေတပ်စ ခန်းများအား ထိုးစစ် မဆင်ရန် ညွှန် ကြားခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားသည့် ၂၀၁၁ခုနှစ်ဇွန်လမှ လက်ရှိကာလ အထိ တိုက်ပွဲအကြိမ် အရေအတွက်မှာ ၂၀၀၀ ၀န်းကျင် ရှိပြီ ဖြစ်ကြောင်းလည်း လေ့လာ သိရှိသူတို့က ဆိုပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) မှ တာဝန် ရှိသူများသည် ပြည်ထောင်စုအဆင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိကာလသည် စစ်ဖြစ်ပွားသည့်ကာလ တစ်နှစ်ကျော်လွန်ခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်း ဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

Ref: EMG News

0 comments:

အပေါ်သို့