..............................

Friday, September 14, 2012

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ကချင်ဒေသ စစ်ပွဲများ

မောင်ထက်မွန်
စက်တင်ဘာ၊ ၁၄ ရက် ၂၀၁၂

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ မှာ နိုင်ငံတော်သမတ ရုံးက အမိန့်အမှတ် - ၃၁/၂၀၁၂ ကို ထုတ်ပြန်ပြီး၊ နိုင်ငံတော် သမတရုံး ၀န်ကြီးဌာန ၀န်ကြီး (၆) ဦး ခန့်အပ် ခဲ့ပါတယ်။ ယခင် ရထား ပို့ဆောင်ရေး ၀န်ကြီး ဖြစ်တဲ့ ဦးအောင်မင်း ကိုလည်း သမတရုံး ၀န်ကြီးဌာန ၀န်ကြီး အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။

သူ့ရဲ့တာဝန်တွေကတော့ တိုင်းရင်းသားရေးရာကိစ္စတွေ အဓိက ဆောင်ရွက်ဖို့ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့နဲ့ အဲန်ဂျီအို ကိစ္စတွေ၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကိစ္စတွေကိုပါ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ ပြည်ပ သတင်းမီဒီယာ တခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ၀န်ကြီး ဦးအောင်မင်း က ဖြေကြား သွားခဲ့ပါတယ်။

ကချင်က လွဲလို့ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေး အဆင့် ဆောင်ရွက်ပြီး သဘော တူညီချက် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ ဒုတိယ အဆင့် အနေနဲ့ (political dialogue) နိုင်ငံရေးအရ တွေ့ဆုံရေး၊ (development) ဖွံ့ဖြိုးမှု၊ (settlement) ပြေငြိမ်းခြင်း၊ (rehabilitation) ပြန်လည် တည်ဆောက်မှု စတာတွေကို ဆက်ပြီး ဆောင်ရွက်နေ ကြောင်း၊ တတိယ အဆင့်အနေနဲ့က ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီး တခုလုပ်မယ်၊ ဘုံသဘောတူညီချက် တခုရယူမှာ ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာ ဖြစ်ပါတယ်။ ဒီလို အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ် လို့ ဦးအောင်မင်း က ပြောကြား သွားခဲ့ပါတယ်။

ကချင်နဲ့ ၁ နှစ်ကျော် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး၊ အခုထက်ထိ အောင်မြင်အောင် စေ့စပ်ဆွေးနွေးနိုင်တဲ့ အဆင့်ကို မရောက်သေးတာနဲ့ ပတ်သက်လို့ ဦးအောင်မင်းက - ကချင်ကိစ္စဟာ လက်ရှိ အစိုးရ မတင်ခင်ကတည်းက စတဲ့ကိစ္စ ဖြစ်ပြီး။ အခုမှ ကျနော်တို့က ဖြည်နေရတာ၊ ကျနော့်ကို တာဝန်ပေးတဲ့အခါမှာ ၃ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးရာမှာ တပ်တွေ သူ့နေရာသူ ပြန်ကြဖို့ ဆွေးနွေးဖြစ်ခဲ့ကြောင်း။ ၄ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင် လိုက်ပါပြီး တပ်မတော်မှ တပ်တွေ ပြန်ရွှေ့ရေး ကိစ္စကို ဆွေးနွေးဖို့ လူကြီးတွေက လက်ခံ ခဲ့ကြောင်း။

တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ့် နေရာသတ်မှတ်ရေးမှာ သဘောကွဲလွဲနေပြီး KIA ဖက်က သူ့နယ်မြေ အတွင်းရှိ လွယ်ဂျယ် သို့မဟုတ် တရုပ်ပြည် ရွှေလီ မှာ တွေ့ဖို့ ကမ်းလှမ်းထားရာမှာ အစိုးရ ဖက်က ဗန်းမော် သို့မဟုတ် မူဆယ်မှာ တွေ့ဖို့ ဆန္ဒပြုခဲ့ကြောင်း။ တွေ့ဖို့ နေရာ ညှိနှိုင်းလို့ အဆင်မပြေ သေးကြောင်း။

နိုင်ငံတော် သမတ က နေပြည်တော်မှာ လာလုပ်ဖို့၊ သွားလာရေး လုံခြုံရေး ကိစ္စတို့ကို တာဝန် ယူကြောင်း၊ သမတ မျက်စေ့အောက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ကမ်းလှမ်းထားပြီးကြောင်း - နဲ့ ၂ ဘက် တပ်တွေ ရွှေ့ပြီးနောက်၊ အပစ်အခတ် ရပ်စဲရေးလုပ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ် ဆိုရင် တဆင့်ပြီး၊ တဆင့် အောင်မြင်တဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဖြစ်သွားမယ်၊ တွေ့ဆုံဖို့ နေရာရွေးတဲ့ကိစ္စ နားလည်မှု ရပြီးတဲ့နောက်မှာ ဆက်တိုက် အဆင်ပြေသွားမှာ ဖြစ်ကြောင်း ဦးအောင်မင်း က ပြောပါတယ်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တပ်မတော် အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ပတ်သက်ပြီး - သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ တပ်မတော်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ လွဲလို့ ထိုးစစ်ဆင်ခြင်းမပြုဖို့ ညွှန်ကြားချက် ထုတ်ခဲ့ပေမဲ့လည်း ကချင်ဒေသတွင်းမှ စစ်ပွဲတွေဟာ ရပ်တန့်မသွားဘဲ ပိုမို ပြင်းထန်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဂျွန်လ ၉ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ဒေသက တိုက်ပွဲတွေဟာ ဒီကနေ့ ၂၀၁၂ စက်တင်ဘာလ (၁၄) ရက်နေ့ အထိ ၄၆၅ ရက် တိုင်ခဲ့ပြီ ဖြစ်ပြီး၊ စစ်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများစွာ ရှိခဲ့ပါတယ်။ စစ်ပွဲ ကျရောက်ရာ အရပ်က ဒေသခံ တိုင်းရင်းသားပြည်သူ လူ ၉ သောင်းခန့် စစ်ဘေး ဒုက္ခသည် အဖြစ်နဲ့ အတိဒုက္ခ ကျရောက်နေပါတယ်။

ဒါဟာ လွှတ်တော်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဖြေကြား သွားခဲ့သလို - သမတ ဦးသိန်းစိန်ရဲ့ ညွှန်ကြား ချက်ကို လိုက်နာကာ တပ်မတော်အနေနဲ့ ထိုးစစ်မဆင်သော်လည်း ၂ ဘက်တပ်တွေ နေရာယူမှုက ၂ဘက်စလုံး ရှေ့ရောက်နေပြီး၊ ရောယှက် ရှုပ်ထွေးနေတာကြောင့် လူနာပို့၊ ရိက္ခာသယ်၊ သင်တန်းသွား စတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ အတွက် သွားလာတဲ့ အခါမှာ ထိတွေ့မှုတွေဖြစ်ရာမှ တိုက်ပွဲတွေ ဖြစ်နေရတာ ဖြစ်တယ် လို့ ရှင်းလင်းတင်ပြမှုဟာ နားထောင်ကောင်းအောင် ပြောတဲ့ မုသား စကားတွေသာ ဖြစ်ပြီး။ တကယ်တော့ ကချင်နဲ့ ငြိမ်းချမ်းရေးကိစ္စဟာ လက်တွေ့မှာ ဦးအောင်မင်း ပြောသလောက် လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တဦးက ပြောပါတယ်။ ကချင်ဒေသမှာ KIA နဲ့ တပ်မတော်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲ ဟာ သာမန်ထက် ရှုပ်ထွေး နက်နဲတဲ့ အခြေခံအကြောင်းတရားတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

အိမ်နီးချင်း ဆွေမျိုးပေါက်ဖေါ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုရဲ့ အကျိုး စီးပွားတွေ ပါ ရောယှက်နေတာကြောင့် ကာကွယ်ရေး ဦးစီးချုပ် ခမျာ၊ သမတရဲ့ အမိန့်ကို လိုက်နာဖို့ ပျက်ကွက် နေရတာ ဖြစ်ကြောင်း သူက ပြောဆိုပါတယ်။

စနစ်ဟောင်းရဲ့ဆိုးမွေတွေ ဖြစ်တဲ့ လောဘသား စစ်ဗိုလ်ချုပ်တစုနဲ့ အကျိုးတူ စီးပွားဖက် ခေတ်ပျက် စီးပွားရေး သမား ခရိုနီ တစုရဲ့ အကျိုးစီးပွား၊ အိမ်နီးချင်း ဆွေမျိုးပေါက်ဖေါ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံမှု အာမခံချက်အတွက်နဲ့ အောက်ခြေ တပ်မတော်သားတွေ အသက်နဲ့ စတေးပြီး၊ ငြိမ်းချမ်းရေး ရသင့် ရထိုက်ပြီ ဖြစ်တဲ့ ဒီ ကချင်ဒေသမှာ တပ်မတော်က စစ်ပွဲတွေ ဆက်လက် ရင်ဆိုင်နေရတဲ့ အတွက် ရင်နာမိတယ် လို့လည်း သူက ပြောပါတယ်။

တကယ်တော့ ပြည်တွင်းစစ် ရပ်ဆဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာ၊ နိုင်ငံရေး အရ ဆွေးနွေး အဖြေ ရှာနိုင်မှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သလို၊ ၂၀၁၄ မှာ အာဆီယံ ဥက္ကဌ တာဝန်ကို လက်ခံဆောင်ရွက်မယ့် မြန်မာနိုင်ငံ အဖို့ စည်းလုံး ညီညွတ်တဲ့ အမျိုးသား ဂုဏ်သိက္ခာ အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မနေ ဖေါ်ဆောင်ဖို့ လိုပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။


0 comments:

အပေါ်သို့