..............................

Tuesday, September 11, 2012

မုံရွာမြို့ဘုရားဖူး အမျိုးသမီး ၁၂ ဦး အာဏာပိုင်ဖမ်းဆီး

2012-09-10

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်သိမ်း ခံရတဲ့ ကျေးရွာတွေ ကနေ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူ ၀တ်ပြီး ဘုရားဖူးလာတဲ့ အမျိုးသမီးတွေ အပါအ၀င် ဒေသခံ အမျိုးသမီး (၁၂) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ်က ဆုတောင်းပြည့်ဘုရားကို ၀တ်ပြုဆုတောင်းဖို့ သွားကြတဲ့ ၀က်မှေးကျေးရွာသူတွေကို ညောင်ပင်ကြီး ဆိပ်ကမ်း ကနေ တတ်လာချိန် ကတည်းက ရဲအင်အား (၃၀) လောက်က အနီးကပ် စောင့်ကြည့်နေခဲ့ပုံကို အဖမ်း မခံရခင် မိနစ်ပိုင်း အလိုက ၀က်မှေးကျေးရွာသူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

" ၁၀ ယောက်တောင်မှ ကျွန်မတို့ ထိုးဖောက်ပြီးတော့ ဇက်ကြီးပေါ် ဆင်းသက်ပြီးတော့ အပြေး တက်ပြီးတော့ ဘုရားထဲမှာ လာဖူးရတယ်။ ဝက်မှေးက ၃ ယောက်၊ ရွှေလှေက ၇ ယောက်၊ ၁၀ ယောက်ထဲပဲ ပါတယ်။ အဲတာကို ဘုရားဖူးပြီးတော့လည်း ကျွန်မတို့နောက်ကို အာဏာပိုင်တွေ၊ ရဲတွေက အယောက် ၃၀ လောက် ပါတယ်။ အဲဒီမှာ ဆုတောင်းပြည့် ဘုရားကြီး ပတ်ပတ်လည်မှာ အကုန်လုံး အပေါက်တွေကို ပိတ်ထားပါတယ်။ ဘယ်နေရာမှ ဖွင့်ပြီး သွားပိုင်ခွင့် မရှိဘူး"

ဖမ်းဆီး ထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ အတွက် မုံရွာမြို့ပေါ်က ဒေသခံတွေ၊ ပွင့်လင်း လူ့အဖွဲ့ အစည်းက လှုပ်ရှားနေသူတွေနဲ့ မုံရွာခရိုင် ဗကသကျောင်းသား အဖွဲ့ဝင်တွေ ပါဝင်တဲ့ ပြည်သူလူထု ၃၀၀ နီးပါးလောက်က မုံရွာအမှတ် (၁) ရဲစခန်းကို ၀ိုင်းထားပြီး ဆန္ဒပြ တောင်းဆို ခဲ့ကြတယ်လို့ ဆန္ဒပြတဲ့ အထဲမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုကံရွှေက RFA ကို အခုလို ပြောပြပါတယ်။

"မနက်က ဘုရားဖူးဆိုပြီး တက်လာတဲ့ အဖွဲ့ကိုလေ လုံခြုံရေး စိုးရိမ်လို့ ဆိုပြီး ဆွဲသွားတာ။ ဒီကနေ ရဲစခန်းကို ခေါ်သွားတယ်ပေါ့နော်။ ရဲစခန်းကိုခေါ်သွားတော့ ဗကသကျောင်းသားတွေနဲ့၊ ပွင့်လင်း လူ့အဖွဲ့အစည်း အကုန်လုံး ချိတ်ဆက်ပြီးတော့ ဒီလူတွေ လွှတ်ပေးဖို့ ဆန္ဒ ခံယူတယ်ပေါ့နော်။ အခုလောလောဆယ် လူပေါင်း ၃၀၀ လောက် ရှိတယ်။ သူတို့ဘက်က လောလောဆယ် ၁၀ ယောက် လွှတ်မယ်ပြောပေမဲ့ ကျွန်တော်တို့က ၁၂ ယောက်လုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်"

ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူ အားလုံးကို အာဏာပိုင်တွေက အခုညနေ (၆) နာရီ အထိ မလွှတ်ပေးသေးတဲ့ အတွက် မုံရွာခရိုင် ဗကသကျောင်းသားတွေ ဦးဆောင်တဲ့ ဒေသခံလူထု ၃၀၀၀ နီးပါးလောက်ဟာ ထိန်းသိမ်း ခံထားတဲ့ သူတွေကို အမြန် လွှတ်ပေးရေး တောင်းဆိုပြီး မုံရွာမြို့တစ်ပတ် လှည့်လည် ဆန္ဒပြနေတယ်လို့ သိရပါတယ်။

မုံရွာ တစ်ဖက်ကမ်းကနေ မုံရွာမြို့ပေါ်ကို ပို့ဆောင်ပေးနေတဲ့ လှေ၊ သမ္မာန်စတဲ့ ပို့ဆောင်ရေး ရေယာဉ်တွေ ကိုလည်း တစ်ဖက်ကမ်းကျေးရွာတွေကနေ မြို့ပေါ် တက်လာလို့ မရအောင် အာဏာပိုင်တွေက မနေ့ ကတည်းက တားဆီး ပိတ်ပင်ထားတဲ့ အတွက် မုံရွာမြို့ပေါ်မှာ အလုပ် လုပ်နေရတဲ့ ဒေသခံ အလုပ်သမားတွေ အခက်အခဲကြုံ နေရတယ်လို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့