..............................

Tuesday, September 11, 2012

လူထုဘဝ ပြောင်းလဲတိုးတက်အောင် ဆောင်ကြဉ်း မပေးနိုင်သေးတဲ့ လွှတ်တော်

မင်းဝဏ်

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က စတင်ကျင်းပခဲ့တဲ့ ပထမ အကြိမ် လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွေ အားလုံး စက်တင်ဘာလ ၇ ရက်နေ့မှာ ရပ်နားခဲ့ပြီး အောက်တိုဘာလ ၁၅ ရက် နောက်ပိုင်းမှ ပဉ္စမ ပုံမှန် အစည်းအဝေးတွေ ကျင်းပ သွားမယ်လို့ ကြားသိရပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၇ ရက်က ၁၃ ရက်မြောက် အစီအစဉ် အဖြစ် ကျင်းပခဲ့ပြီး လွှတ်တော် ရပ်စဲလိုက် တာပါ။

ပြည်ထောင်စုလွှတ်တော် ၁၃ ရက်ခရီးမှာ ဆောင်ရွက်ပြီးစီး ခဲ့တဲ့ ကိစ္စရပ်တွေ အဖြစ် “ လွှတ်တော်က အတည်ပြုပြီး သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးဖြစ်တဲ့ ဥပဒေကြမ်း ၅ ခု၊ သမ္မတ လက်မှတ် ထိုးဖို့ ပေးပို့ ထားတဲ့ ပို့ကုန် သွင်းကုန် ဥပဒေကြမ်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို သမ္မတ လက်မှတ်ထိုးဖို့ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စ၊ ဒု-သမ္မတသစ် အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ် တင်မြှောက်တဲ့ကိစ္စ၊ ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် တဦးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တဦး စုစုပေါင်း ပြည်ထောင်စု အဆင့် ပုဂိုလ် ၁၃ ဦး ခန့်အပ် တာဝန်ပေးရန် သဘောတူ ဆုံးဖြတ်တဲ့ကိစ္စ ” တွေကို တွေ့ရှိ ရပါတယ်။ ပြည်သူ့လွှတ်တော် ပထမ အကြိမ် စတုတ္ထပုံမှန် အစည်း အဝေးက စက်တင်ဘာလ ၆ ရက်မှာ ပြီးဆုံး ခဲ့ပါတယ်။

လွှတ်တော်ကာလ နှစ်လ ကြာချိန် အတွင်းမှာ စည်းဝေး ကျင်းပရက်ပေါင်း လေးဆယ်ကျော် ရှိခဲ့ပြီး လက်ခံ ရရှိတဲ့ မေးခွန်းအရေ အတွက် ၈၈၈ ခု၊ အဆိုအရေ အတွက် ၉၆ ခု၊ ဥပဒေကြမ်းများ ဆွေးနွေးမှု ၃၂ ခု ရှိခဲ့ကြောင်း သိရပါတယ်။ အမျိုးသား လွှတ်တော်မှာတော့ မေးခွန်း အရေအတွက် ၁၇၃ ခုနဲ့ ဥပဒေကြမ်းများ ဆွေးနွေးမှု ၁၄ ခု ရှိခဲ့ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက မတ်လ ၂၈ ရက်မှာ ဆုံးဖြတ် ခဲ့တဲ့ လွှတ်တော် အသီးသီးက ဖွဲ့စည်းခဲ့တဲ့ ကော်မတီ၊ ကော်မရှင်များဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူး- ဆိုတဲ့ ကိစ္စရပ်အပေါ် ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု အတွက် အမျိုးသား လွှတ်တော်က စတင် ဆောင်ရွက်ခဲ့ပြီး ကိုယ်စားလှယ် ၁၆၃ ဦးက ထောက်ခံ ခဲ့တဲ့အတွက် ပြည်သူ့ လွှတ်တော်မှာ သြဂုတ်လ ၂၉ ရက်နေ့က စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါတယ်။ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ခုံရုံးဘက်က ပြန်လည် ကန့်ကွက်မှုတွေ စက်တင်ဘာလ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ တာကိုလည်း တွေ့ရပါတယ်။ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တဦးဖြစ်တဲ့ (နအဖ စစ်အစိုးရ လက်ထက်က တရားရေး အဖွဲ့ဝင်ဟောင်း) ကြံ့ဖွံ့ အမတ် သူရ ဦးအောင်ကိုက တရား လွှတ်တော်ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကို တားမြစ် စာချွန်တော် ထုတ်နိုင်တဲ့ အခွင့်အာဏာ မရှိတဲ့ အကြောင်း၊ ပြည်သူသန်း ၆၀ ရဲ့ ကိုယ်စား လှယ် ၆၀၀ ကျော်နဲ့ ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကြီးရဲ့ အထက်မှာ သူ့ကို အမိန့်ပေးနိုင်တဲ့ အဖွဲ့ အစည်း ဆိုတာ မရှိဘူးလို့ ပြောဆို ခဲ့တာ တွေ့ရပြီး အခြား ကြံ့ဖွံ့ အမတ်တဦး ဖြစ်တဲ့ ဦးသူရိန်ဇော် ကတော့ ဖွဲ့စည်းပုံခုံရုံး အနေနဲ့ တောင်းပန်ဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ် ထားတာရှိပြီး သူတို့ တောင်းပန်ရင် ဒီကိစ္စကို ရပ်မယ်၊ တရား လွှတ်တော်ချုပ် မကလို့ ဘယ်ပဲတင်တင်၊ လွှတ်တော်ကို တားမြစ်မိန့် ထုတ်လို့ ရတယ်လို့ ဥပဒေထဲမှာ တွေ့ဖူးလို့လား - စသဖြင့် ကျူပင်ခုတ် ကျူငုတ် မကျန် ရှင်းမယ့် ဟန်နဲ့ ပြောဆို သွားတာကလည်း ဒီ တခေါက် လွှတ်တော် အစည်းအဝေးတွေရဲ့ ထူးခြားချက် တွေလို့ ပြောရမှာပါ။

- ဖွဲ့စည်းပုံခုံရုံးဥက္ကဌ ဗိုလ်ချုပ်ဟောင်း၊ စစ်ဥပဒေချုပ်ဟောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် ရွေး ကောက်ပွဲရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးသိန်းစိုး အပါအဝင် ခုံရုံး အဖွဲ့ဝင် ၉ ဦးက တော့ အစိုးရသစ် သက်တမ်း ၁၈ လအတွင်း နိဂုံး ချုပ်သွားရှာပြီ ဖြစ်ပါတယ်။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် ဟုတ်၊ မဟုတ် အဓိပ္ပါယ် ဖွင့်ဆိုချက် အငြင်းပွားမှုရဲ့ နောက်ဆုံး အဖြေ အတိအကျ ထွက်မလာပဲ သမ္မတ ဦးသိန်းစိန် ရွေးခဲ့တဲ့ ၃ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း ရွေးခဲ့တဲ့ ၃ ဦးနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ရွေးခဲ့တဲ့ ၃ ဦး - စုစုပေါင်း ၉ ဦးပါတဲ့ ပြည်ထောင်စု အဆင့် တရားစီရင်ရေး အာဏာပိုင် အဖွဲ့အစည်း တခုကတော့ မလှမပ နိဂုံး အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟောင်းတွေက ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း တဦး ခေါင်းဆောင်ခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးထဲမှာ အရပ်သား ဥပဒေ ပညာရှင်တွေလည်း ပါဝင်ခဲ့တာပါ။ ကြံ့ဖွံ့ အစိုးရ သက်တမ်း ၁၈ လအတွင်း နိုင်ငံတော် အချုပ်အခြာ အာဏာရဲ့ ခက်မ ၃ ဖြာထဲက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးတို့ အကြား ပွတ်တိုက် ထိခိုက်မှုနဲ့ စစ်တပ် ဗိုလ်ချုပ် ဟောင်းတွေကြား အာဏာ ပြိုင်ဆိုင်မှု အတွေ့အကြုံသစ် တခုကို မြန်မာပြည်သား တွေနဲ့ နိုင်ငံတကာကပါ မျက်ဝါး ထင်ထင် တွေ့လိုက် ကြရတာပဲ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ ဖွဲ့စည်းပုံ ခုံရုံးကြားက အငြင်းပွားမှု အဆုံးသတ် ပုံစံဟာ နောင်လာမယ့် တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်တွေ အပေါ်မှာလည်း စီရင်ထုံး (ဖြတ်ထုံး) သဖွယ် လွှမ်းမိုး သက်ရောက်မှု ရှိသွားတော့မှာ ဖြစ်ပါတယ်။

ပထမ အကြိမ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ကာလ အတွင်း ဒု-သမ္မတ ရွေးချယ် တင်မြှောက်တဲ့ ကိစ္စ ကလည်း လွှတ်တော် ကျင်းပနေတဲ့ ၂၁ ရက် လွန်တဲ့ ကာလအထိ အောင်မြင်စွာ မဆောင်ရွက် နိုင်ခဲ့တာ တွေ့ရ ပါတယ်။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အာဏာပိုင်တွေ ကိုယ်တိုင် မသိလိုက် ဖာသာ ချိုးဖေါက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သီဟ သူရ ဦးတင်အောင်မြင့်ဦး နေရာမှာ နဂိုရ်မူလ လျာထားခြင်း ခံရတဲ့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေဟာ သူ့ရဲ့ ချွေးမနဲ့ သားအရင်းက သြစတြေးလျ နိုင်ငံသားတွေ ဖြစ်နေလို့ နောက်ဆုံးမှာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒု-သမ္မတ ဖြစ်စေသတည်းလို့ လုပ်ခဲ့ရတဲ့ ဖြစ်စဉ် တခုပါပဲ။ ဗိုလ်ချုပ်ဟောင်း တွေနဲ့ လက်ရှိ ဗိုလ်ချုပ်တွေ အတွက် အာဏာနေရာ၊ ရာထူး အရွှေ့အပြောင်းမှာ ထိုး ကျွေး ခံခဲ့ရတာက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က စစ်ဗိုလ်အမတ် ဗိုလ်ကြီး လင်းလင်းကျော်ပါ။ သူ့နေရာမှာ အစားထိုးဖို့ နေပြည်တော်က ပို့လာတဲ့ စစ်ဗိုလ် အမတ်အသစ် ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်ကတော့ ဦးမြင့်ဆွေ တစ်ယောက် ဒု-သမ္မတ ဖြစ်မလာတဲ့ အတွက် ဇော်ကန့်လန့် ဖြစ်နေရာကနေ လွှတ်တော် စဲကာနီးမှ သမ္မတက အသစ် ခန့်အပ်တဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဖြစ်သွား ခဲ့ပါတယ်။ ဒု-ဗိုလ်ချုပ်ကြီး လှမင်းကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ စစ်ဖက် မူလတာဝန်ကို ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ရင် စစ်ဗိုလ်တွေဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်တွေ ဆီကို ပို့ချင်တဲ့ အချိန်မှာပို့၊ မလိုအပ်ဘူး ထင်ရင် ပြန်ရုပ်သိမ်း၊ အစိုးရ အဖွဲ့ထဲ ထည့်ချင်သူကိုထည့်၊ အလဲအလှယ် လုပ်ချင်ရင် စစ်တပ်ထဲကို ပြန်ခေါ်သွင်း လုပ်နေတာကို မြင်တွေ့ရမှာပါ။

ဖွဲ့စည်းပုံခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ အဆိုနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်တော့ သုံးပုံနှစ်ပုံ ကျော်တဲ့ ထောက်ခံ ဆန္ဒမဲ ၃၀၇ မဲရရှိပြီး ဖြစ်တာကို သူရ ဦးရွှေမန်းကလည်း သူပါ ထောက်ခံတဲ့ အကြောင်းနဲ့ သူ့ရဲ့ ဆန္ဒမဲပါ ထည့်သွင်း ရေတွက်ပြီး ၃၀၈ မဲလို့ ကြေညာတဲ့ အတွက် ပုဒ်မ ၁၂၉ (ခ) ကို ဖေါက်ဖျက်ရာ ရောက်ကြောင်းလည်း သတိပြုမိပါတယ်။ ပြည်သူ့လွှတ်တော် အစည်းအဝေး တွေမှာ မဲခွဲဆုံးဖြတ်ရင် ဥက္ကဌ ဒါမှမဟုတ် လွှတ်တော် ဥက္ကဌ တာဝန် ထမ်းဆောင်နေတဲ့ ဒု-ဥက္ကဌဟာ ဆန္ဒမဲ မပေးရပဲ ထောက်ခံ/ ကန့်ကွက် ဆန္ဒမဲ တူညီနေတဲ့ ကိစ္စမျိုးကိုသာ အနိုင်မဲ ပေးရမယ် - လို့ ပြဌာန်းတာကို သတိ မမူမိတာလား၊ သိပ်ကို တိကျပြတ် သားပြီး ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ တသားတည်း ရှိကြောင်းပြချင်တဲ့ ဆန္ဒဇော ကပ်သွားလို့လား မသိပါဘူး၊ လွှတ်တော် ဥက္ကဌကိုယ်တိုင် သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖေါက်ဖျက်ခဲ့တာ တွေ့ရပါတယ်။

နဝတ/ နအဖ စစ်အစိုးရခေတ်နဲ့ ဇတ်ဆရာကြီး ဗိုလ်သန်းရွှေ အလွန်ကာလမှာ ကြံ့ဖွံ့ အစိုးရ သက်တမ်း ၁၈ လ အတွင်း လွှတ်တော် အစည်းအဝေးတွေ ကျင်းပခဲ့တာ လေးကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အမတ်တွေ လွှတ်တော်တွင်း နိုင်ငံရေးထဲ ရောက်သွားကြတဲ့ ဖြစ်စဉ်နဲ့ ဦးသိန်းစိန် အစိုးရ အတွင်း ဝန်ကြီးဌာန အတိုးအလျော့၊ ဝန်ကြီးရာထူး အပြောင်းအလဲတွေ - စသဖြင့် တွေ့ရှိခဲ့ရပေမယ့် တပ်မတော်သားတွေ အပါအဝင် မြန်မာပြည်က အခြေခံ လူတန်းစားတွေရဲ့ နေ့စဉ်ဘဝတွေကတော့ ထူးခြားပြောင်းလဲ တိုးတက်မှု မရှိသေးတာ တွေ့ရတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။

မင်းဝဏ်



0 comments:

အပေါ်သို့