..............................

Tuesday, April 24, 2012

ဘယ်သူတွေ အဖျက်အမှောင့် လုပ်နေတာလဲ

မင်းဝဏ်
ဧပြီလ ၂၄ ရက် ၂၀၁၂

ဧပြီလ ၁ ရက်ကကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာမှာ လွှတ်တော် ကိုယ်စားလှယ် ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဧပြီလ ၂၃ ရက်မှာ ပြန်လည် ကျင်းပခဲ့တဲ့ ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးရဲ့ လက်ကျန် အစီအစဉ် တွေကို ပါဝင်တက် ရောက်ခြင်း မရှိသေးတဲ့ သတင်းက ဒီရက်ပိုင်းမှာ အတော်လေးဟိုး လေးတကြော်ကြော် ဖြစ်နေပါတယ်။ နအဖလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေထဲက ပြဋ္ဌာန်းချက်တချို့ကို သမတ ဦးသိန်းစိန်တို့အစိုးရက ပြင်ဆင်ပေး ပြီးတဲ့နောက်မှာ NLD က နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမှာ တခုရှင်းပြဖို့လိုတာက လွှတ်တော်အမတ်ဖြစ်လာပြီး လွှတ်တော်ထဲ ရောက်ပီဆို အမတ်တိုင်းက ကျမ်းကျိန် ဆိုရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်တို့က အဲဒီကျမ်းကျိန်ဆိုရာမှာ အရင်က အခြေခံ ဥပေဒကို ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစား လိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ အစားထိုး ပြောင်းလဲပေးဖို့ သမတဦးသိန်းစိန်နဲ့ ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် သဘော တူညီချက် ရပြီးတဲ့နောက် မှာ လွှတ်တော် ၂ ရပ်စလုံးမှာလည်း ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး ဒီစကားရပ်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော် ၂ရပ်စလုံးက တပ်မတော်သား ကိုယ်စားလှယ်တွေကော၊ အရပ်သား ကိုယ်စားလှယ်တွေပါ ရာနှုန်း ပြည့် သဘောတူ လက်ခံခဲ့ကြလို့ နိုင်ငံရေး ပါတီများ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ ဒီစကားရပ်ကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေး ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုနှစ်ဖက်သဘောတူညီချက်တွေနဲ့အတူ လွှတ်တော်တွင်း ဥပဒေ လုပ်ထုံးလုပ်နည်း ဖြစ်စဉ်တွေကို ဖြတ်သန်း ရယူပြီး ချောမွေ့နေကာမှ အခုတခါ ပြန်ပြီး အတားအဆီးတွေ ပြန်ပေါ် လာနေတာကတော့ သွေးရိုး သားရိုး မဟုတ်ပါဘူး။ အတော် အံ့အားသင့်စရာ ကောင်းပါတယ်။ တကယ်တော့ ဥပဒေ အရ၊ ပြင်ဆင်ပြီး စကားရပ်တခုဟာ နေရာတိုင်းမှာ သက်ဝင်ရမှာ ဖြစ်ပါတယ်။ အခုတော့ အခြေခံ ဥပဒေထဲက ကျမ်းကျိန်လွှာ ထဲမှာ ဒီလေးစား လိုက်နာပါမည် ဆိုတာကို ပြင်မထားဘဲ နဂိုမူလက အတိုင်း ထိန်းသိမ်းကာကွယ်စောင့် ရှောက်ပါမည် ဆိုပြီး ပြင်ဆင်ခြင်း မရှိဘဲ ထည့်သွင်းထားတာကို တွေ့နေရလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဒါကို ဥပဒေကြောင်းအရ ထောက်ပြ တောင်းဆိုနေရတာ ဖြစ် ပါတယ်။

ဒါတွေကလည်း သူ့အလိုလို အဆင်သင့် အလွယ်တကူ ဖြစ်လာရတာမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထု ကောင်းကျိုးအတွက် ရှေးရှုပြီး ကြိုးပမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင် နအဖ ခေတ်ကနေ အခု သမတ ဦးသိန်းစိန်တို့ လက်ထက်ထိ လုပ်ခဲ့ရတဲ့ ညှိနှိုင်း ဆွေးနွေးပွဲ တွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကောင်း တွေ ဖြစ်တယ်လို့ ပြောရင် မမှားပါဘူး။ တနည်းပြောရရင် ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ယုံ ကြည်မှု တည်ဆောက်ရေးရဲ့ ပထမဆုံး ပွဲဦးထွက် ခြေလှမ်းကောင်း ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူတို့ ပြန်လည် ကြည်ဖြူကြမယ့် အခြေအနေ အခင်းအကျင်းတရပ်လည်း ဖြစ်ပါတယ်။

ကတိက၀တ်တွေအရ ပြင်ဆင်ပေးပြီးသား ဥပဒေတရပ်၊ စကားရပ်တခု၊ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် up hold ဆိုတဲ့ စာသားအစား နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲကနေ သဘောတူထားပြီးသား ဖြစ်တဲ့ လေးစား လိုက်နာ respect နဲ့ အစားထိုး ပြင်ဆင်ပေးဖို့၊ ဆိုတာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သော်လည်းကောင်း၊ ယုံကြည်မှု တည်ဆောက်ရေး အတွက်သော်လည်းကောင်း အင်မတန်မှ အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်းလည်း ဖြစ်လို့ ပြည်ခိုင်ဖြိုး ပါတီနဲ့ တပ်မတော်အနေနဲ့ အထူး အလေးထား သင့်ပါတယ်။

ဒီအချိန်မှာပဲ သမ္မတဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံထဲက လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန် စာသားကို ပြင်မပေးနိုင်ဘူး ဆိုတဲ့ စကားမျိုး သူလုံးဝ မပြောခဲ့ရဘူးလို့ ငြင်းဆိုလိုက်ပြီး ဒါဟာသူတို့ အစိုးရနဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြားက ယုံကြည်မှုကို ပျက်စီးစေတဲ့ အကြောင်းအရာ ဖြစ်တယ်လို့လည်း မီဒီယာ ကနေ ပြောခဲ့ပါတယ်။

လွှတ်တော်နိုင်ငံရေးထဲပါဝင်ဖို့ ရွေးကောက်ပွဲဝင်ရတာဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရည်ရွယ်ချက်ကြီး ၃ ခု နဲ့ ဝင်ရောက်တာဖြစ်တယ်လို့ ကြွေးကြော်ထားတဲ့ NLD အတွက် ညှိနှိုင်း သဘောတူညီချက် ရထားပြီးသား၊ ကတိပေးပြီးသား ၊ ပြင်ဆင်ပေးပြီးသား စကားရပ် တခုအတွက် အခုလို ကသိကအောက် ဖြစ်စရာ ကြုံလာခဲ့ရတာကတော့ စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ NLD အတွက် သာ မကပါဘူး။ တတိုင်းတပြည်လုံး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်စေချင်တဲ့ ပြည်သူ တွေ၊ တပ်မတော်သားတွေ အတွက်ပါ။ စိတ် ကသိကအောက် ဖြစ်စေပါတယ်။

ဒီလိုလုပ်ရပ်ကို ဘယ်သူကများ ကြိုးကိုင်လုပ်ဆောင်နေတာပါလဲ။ သမတ ဦးသိန်းစိန် ကလည်း သဘောတူ ပြီးပြီ၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်ကလည်း သဘော တူထားတာကို ဘယ်သူကများ ၀င်ဖျက် နိုင်ပါသလဲ။ သေချာတာကတော့ တခုပဲ ရှိပါတယ်။ တပ်မတော် ထိပ်တန်း အသိုင်းအ၀ိုင်းက ထွက်လာနေတဲ့ တီးတိုး စကားတွေအရဆို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အခုထိ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဆို သူကိုယ်တိုင် ပါဝင် ဆုံးဖြတ်နေပြီး သူ သဘောမတူတာကို ကျန်တဲ့သူတွေက အရင် အတိုင်းပဲ ဘာမှ လုပ်လို့ မရဘူး ဆိုတာပါပဲ။

ဒီလိုအခြေအနေမှာ NLD က အပြောနဲ့အလုပ်အတိုင်း ဖွဲ့စည်းပုံထဲက ဥပဒေပုဒ်မတွေ တခုပြီးတခု ပြင်လာလို့ အခု ကတည်းကသာ စလျှော့ပေးလိုက်ရင် နောက်ပိုင်းမှာ ပြင်ပေးရမယ့် ဥပဒေပုဒ်မတွေ များလာတဲ့ အခါ ကိုယ်ကျိုးရှာ ဗိုလ်ချုပ်တစုဟာ သူတို့ရဲ့ ၂၀၀၈ ခံကတုတ်ကြီး ကျဆုံးရတော့မယ်လို့ စိတ်ပူပန်သောက ရောက်နေပုံ ရပါတယ်။ ဒါ့ကြောင့် ပြည်ခိုင်းဖြိုး ပါတီနဲ့ တပ်မတော်ထဲက ကိုယ်ကျိုး လောဘကြီးတဲ့ ဗိုလ်ချုပ်တွေ တချို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစီအမံအတိုင်း လွှတ်တော်၂ရပ်က အတည်ပြုပြီးသား ကိစ္စ တခုကို ကဖျက်ကယက် လုပ်နေကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပြင်ပေးဖို့ကိစ္စဟာ အထူးအခွင့်အရေးရရှိထားသူတွေအတွက် ရာဇသံလို ဖြစ်နေတော့ စစ်အုပ်စု ခေါင်းမာ ဂိုဏ်းသားတွေ အရမ်း စိုးရိမ်နေကြပါတယ်။ နေပြည်တော် ၄ မြို့ နယ်မှာ NLD ကို ပြည်သူလူထု အပြတ်အသတ် ထောက်ခံခဲ့တဲ့ အခြေအနေ အပါအဝင် ၄၅ နေရာပြိုင် ၄၃ နေရာနိုင်ခဲ့တဲ့ NLD ကို လျှော့ မတွက်ရဲတဲ့ အခြေအနေလည်း ဆိုက်နေပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီတစ်ခေါက်လွှတ်တော်တက်ဖို့ ဗိုလ်မှူးအမတ်တွေအစား ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဗိုလ်မှူးချုပ် အဆင့်ထိ စစ်ဗိုလ်အမတ် ၅၉ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လဲလှယ် အစားထိုး လိုက်တာကလည်း ဒီ ကျမ်းကျိန်လွှာ စကားရပ် ပြင်ဆင်ချက်ကို နဂို စစ်ဗိုလ် အမတ်တွေက သဘော တူထားတာဖြစ်လို့ အခုတခါ ကဖျက်ကယက် လုပ်တာမှာ မအောင်မြင်စေဖို့ ညွှန်ကြားချက် အသစ်နဲ့ တပ်မတော်သား ကိုယ်စားလှယ်သစ်တွေများ ရွေးချယ် လွှတ်တာများလား ဆိုပီး သံသယ ဖြစ်စရာ ကောင်းလှ ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည် ကမ္ဘာနဲ့အညီ ရင်ဘောင် တန်းနိုင်ရေးတို့အတွက် တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုပဲ အသဲ ကြား က မဲတပြားနဲ့ လွှတ်တော်တွင်း လွှတ်တော်ပ အားပြိုင်ပွဲတွေမှာ တိုင်းပြည် အန္တရာယ် ဖြစ်စေတဲ့ အဖျက် အမှောင့်တွေ အားလုံးကို မားမားမတ်မတ် ဆက်လက်ရင်ဆိုင် တွန်းလှန် ကြပါစို့လို့။

0 comments:

အပေါ်သို့