..............................

Friday, April 27, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း(၈)

ဧပြီလ ၂၇ ရက် ၂၀၁၂

ဟန်လင်း
စေတနာနဲ့ အကျိုးပေး လိုက်လျောညီထွေရှိကြပါစေ

ဦးပိုင်ကုမ္ပဏီကြီးကြောင့် တပ်မတော်သားနဲ့ တပ်ရင်းတပ်ဖွဲ့တွေ လက်တွေ့ အကျိုးမခံစားဘူး ဆိုရင် တိုင်းပြည်နဲ့ ပြည်သူ အတွက် ဘာတွေ အကျိုးအမြတ် ထွက်ခဲ့ပါသလဲဆိုတာ ဆက်တွေး ကြည့်ရအောင်ပါ။

ဦးပိုင်ကုမ္ပဏီကြီးရဲ့ မြ၀တီဘဏ်နဲ့ စစ်တပ်အုပ်စီးတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ် တို့ဟာ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်နဲ့ ချိတ်ဆက်ပြီး ငွေကြေးကိစ္စ အ၀၀ကို စီမံနေကြသလို သွင်းကုန် ထုတ်ကုန် ကိစ္စတွေကိုလည်း ဒီဘဏ်တွေ ကပဲ ချယ်လှယ် ဆောင်ရွက်ကြတာပါ။ ပြည်ပက တင်သွင်းတဲ့ စားအုံးဆီနဲ့ ပြည်ပသို့ တင်ပို့ ရောင်းချတဲ့ သဘာဝ ဓါတ်ငွေ့တို့ ကို ဦးပိုင်နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရှင်းက တိုက်ရိုက် စီမံပါတယ်။

အကျိုးဆက် အားဖြင့် ပြည်ပကတင်သွင်းတဲ့ စားအုံးဆီ ကို ပြည်သူတွေက ဆီတပိဿာာ ကျပ်ငွေ ၁၀၀၀ လောက် အမြတ်ပေးပြီး ပြန်ဝယ်စား ရပါတော့တယ်။ နောက်တခုကလည်း စစ်တပ်က လုပ်ကိုင်တဲ့ ဘိလပ်မြေ စက်ရုံက ထုတ်တဲ့ ဘိလပ်မြေတွေ ရောင်းကောင်းအောင် ထိုင်းနိုင်ငံဖက်က လာတဲ့ ဘိလပ်မြေတွေ ပိတ်ပင်ခဲ့ရာက ပြည်တွင်းမှာ နဂို ဈေးထက် ၃ ဆလောက် ဈေးတက်ပြီး ၀ယ်ယူ သုံးစွဲရ ပြန်ပါတော့တယ်။

ပြီးတော့လည်း ဧရာဝတီ ဒေးဒရဲဖက်က လယ်သမား ရာကျော်လောက်ဟာ ပြီးခဲ့တဲ့ ဦးပိုင် ကုမ္ပဏီဆီက ချေးယူ ထားတဲ့ စိုက်ပျိုးစရိတ် ပြန်မဆပ်နိုင်လို့ လယ်မြေတွေ အသိမ်းခံရမယ့် အနေထားမျိုးနဲ့ ကျန်ဒေသ အသီးသီးမှာ ဦးပိုင် စနက်ကြောင့် လယ်မြေမဲ့ကြသူတွေ ဒုနဲ့ဒေးရှိလို့ နေပြန်ပါသေးတယ်။

ဦးပိုင်ကလုပ်ကိုင်တဲ့ ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ ကဏ္ဍမှာလည်း ၁၉၉၈-၉၉ ခုနှစ် အတွက် အထည်ချုပ် လုပ်ငန်းမှ ပြည်ပ (အဓိက အနောက်ဥရောပ နိုင်ငံတွေ)ကို တန်ချိန် (၁၈၇) သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံက အထည်ချုပ်လုပ် သားတွေနဲ့စာရင် မြန်မာ့ အထည်ချုပ် လုပ်သားတွေရတဲ့ လစာဟာ ဒေါ်လာ ၂၀ မှ ၂၅ ဒေါ်လာလောက်သာ ဖြစ်နေလို့ ဗီယက်နမ်ရဲ့ ထက်ဝက်။ ထိုင်းအထည်ချုပ် လုပ်သားရတာထက် ဆယ်ပုံတပုံ လောက်သာရှိပါတယ်။

ဒါကြောင့် နှစ်စဉ်ဒေါ်လာသန်း(၄၀၀)လောက်ပြည်ပတင်ပို့ပြီး အကျိုးအမြတ် ရှိလှတဲ့ အထည်ချုပ် လုပ်ငန်းတွေ ၁၉၉၆ ခုနှစ် မှာ စီးပွားရေး ပိတ်ဆို့ ခံရလိုက်တော့ အတော်ကြီး အထိနာခဲ့တာ အကျိုးအမြတ် တော်တော်ရနေတဲ့ ဗိုလ်ချုပ်တွေပဲ ဖြစ်ခဲ့ကြ ပါတယ်။ အောက်ခြေ လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်သားပေါင်း တသိန်းကျော် အလုပ်ပြုတ် ဘ၀ပျက် နွံနစ်ခဲ့ရတဲ့ အဖြစ် ဟာ လည်း ဗိုလ်ချုပ်တွေ အထည်ချုပ် စီးပွားရေး ကဏ္ဍမှာ ၀င်ပြီး နှောက်တဲ့ စနက်ကြောင့်ပါ။

လွန်ခဲ့သော၂၃နှစ်ကျော်ကာလ မြန်မာ့စီးပွားရေးဟာ စစ်တပ်ကတိုက်ရိုက်အုပ် ချုပ်စီမံနေတဲ့ ဦးပိုင် ကုမ္ပဏီကြီးရဲ့ လက်အောက်ခံ ဖြစ်ခဲ့သလို နိုင်ငံတကာက စစ်အုပ်စု ထိပ်သီးများအပေါ် ကျင့်သုံးတဲ့ ပိတ်ဆို့ အရေးယူမှု ပြုခဲ့ပြန် တော့လည်း အဲဒီ ဒဏ်တွေကို ပြည်သူတွေပဲ ကျောကော့အောင် ခါးစည်း ခံခဲ့ရပြန်ပါတယ်။ ကြက်သွန်နဲ့ ပေါင်းလို့ ဂျင်းပါ ရောအထောင်း ခံခဲ့ရတဲ့ အဖြစ်မျိုးလိုပါ။ ဒါကြောင့်မို့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီကြီးကြောင့် ပြည်သူတွေ အတွက် သက်သာချောင်ချိမှု တစိုးတစိမှ မရှိခဲ့သလို ပိုပြီး နစ်နာခဲ့ရတယ်လို့ပဲ ဆိုရပါတော့မယ်။

ကဲဒါဆိုရင် တိုင်းပြည်မှာ စစ်တပ်ပိုင်အရင်းအနှီးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်ပြီး ရှိသင့် မရှိသင့် ဦးပိုင် ကုမ္ပဏီတို့ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ် ကိစ္စများကို နိုင်ငံတကာ ဥပမာများနဲ့ ချိန်ဆ စဉ်းစား ကြည့်ကြရအောင်ပါ။

မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ တပုံစံတည်းတူညီတာ ပါကစ္စတန်တပ်မတော်ပိုင် ဦးပိုင် ကုမ္ပဏီတွေပါ။ ကြည်း၊ ရေ၊ လေ တပ်မတော်တွေ အလိုက် (ဖေါ်ဂျေ) ၊(ရှာဟင်း)၊ (ဘာဟီရ) ဖေါင်ဒေးရှင်းများ ဆိုတဲ့ နံမည်တို့နဲ့ ဦးပိုင် ကုမ္ပဏီတွေဖွဲ့ပြီး တိုင်းပြည် စီးပွားရေးမှာ ၀င်လုပ် နေကြတာပါ။ ဒီဖေါင်ဒေးရှင်းတွေ အောက်မှာ စီးပွားရေး လုပ်ငန်း ရာကျော် ချိတ်ဆက်လုပ် ကိုင်နေပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ၇၀% လောက်ကို စီမံ ခန့်ခွဲ နေကြတာပါ။ နိုင်ငံပိုင် မြေယာ ၁၂% ကို စစ်တပ်က သိမ်းထားပြီး စစ်တပ် ဗိုလ်မှူးချုပ် တယောက်ကို မြေဧက (၅၀)လောက် ချပေးပါတယ်။ ကျေးလက် မြေယာတွေကို စစ်တပ်ရဲ့အိုးအိမ်ဦး စီး(ကာကွယ်ရေး)ကထိန်းချုပ်ထားသလို စစ်ဖက်တင်မက သူ့ရဲ့ သစ္စာခံတွေကိုပါ ပြန်လည် ခွဲဝေပေးလေ့ ရှိပါတယ်။

မြန်မာစစ်တပ်ကလည်း ကျေးလက်မှာမြေယာတွေ သိမ်းယူတတ်ပေမဲ့ အခိုင်အမာ စာရင်ဇယား မပြုခြင်း ကျေးလက် မြေယာ အားလုံး စစ်တပ်က ပိုင်တယ်လို့ တရားဝင် ထုတ်မပြောဆိုခြင်း ဥပဒေနဲ့ ပြဋ္ဌာန်း မထားခြင်း တို့သာ ပါကစ္စတန် စစ်တပ်နဲ့ မတူညီတာပါ။

ထူးခြားချက်ကတော့ ပါကစ္စတန်တပ်မတော်ရော မြန်မာ့တပ်မတော် ၂ ခုစလုံး ဟာ (၄၀%နဲ့ ၇၀%သော) တရုပ်ပြည်က အဓိက လက်နက် ၀ယ်ယူသူတွေ ဖြစ်နေကြသလို တရုပ်ပြည်က ရင်းနှီးမြှုပ်နှံမှု အများဆုံး (တတိယနဲ့ စတုတ္ထမြောက်) နိုင်ငံများ ဖြစ်လို့နေတာပါ။ ဒါကြောင့်လည်း နှစ်နိုင်ငံစလုံးဟာ လက်နက်တွေ စိတ်ကြိုက်ဝယ်ယူ နိုင်ဖို့ သက်သက် ဦးပိုင်ကုမ္ပဏီ တွေ ထောင်ကြပြီး တရုပ်အရင်းအနှီး အများကြီးကို မျက်စိမှိတ်ပြီး တမင် ခွင့်ပြု ကြရတယ်လို့ပဲ ကောက်ချက် ချနိုင်ပါသေးတယ်။

နောက်တခုက တိုင်းပြည်စီးပွားရေး သုံးပုံတပုံလောက်ကို အစဉ်တစိုက်ထိန်းချုပ် လုပ်ကိုင်ခဲ့တဲ့ အီဂျစ် တပ်မတော်ပိုင် ဦးပိုင် ကုမ္ပဏီရဲ့ ဥပမာပါ။ သမ္မတ နာဆာလက်ထက် ၁၉၅၂ ခုနှစ်စစ်တပ်က အာဏာသိမ်းစဉ်က စပြီး တိုင်းပြည် စီးပွားရေးထဲ စစ် တပ် စ၀င်ခဲ့ရာကနေ ၁၉၇၀ လွန် နှစ်တွေမှာ တိုင်းပြည်က စီးပွားရေးဈေးကွက် စဖွင့်လိုက်တော့ သမတ အန်ဝါဆဒတ်နဲ့ ရင် နှီးသူတွေ ဆွေမျိုးတွေအားလုံး တိုင်းပြည် စီးပွားရေးထဲ အလုံးအရင်းနဲ့ ၀င်လို့ လာပါတော့တယ်။ တိုင်းပြည်စီးပွား ၂၅% က နေ ၄၀%လောက်ကို စစ်တပ်က စီမံခဲ့ပါတော့တယ်။ စစ်တပ်ပိုင် ကုမ္ပဏီတွေ ၇၅% လောက်ရှိလာသလို ကျန်တဲ့ ကုမ္ပဏီ တွေကလည်း စစ်တပ် အရာရှိဟောင်းတွေ ပိုင်တာခပ်များများပါ။

လုပ်ငန်းခွင်ဆိုင်ရာအတွေ့အကြုံနဲ့ အရည်အချင်း သင်တန်းများမရှိတဲ့ စစ်တပ်အရာရှိ ဟောင်းတွေ စီးပွားရေး ကဏ္ဍထဲ ၀င်ပါ နေကြတဲ့ အချက်တွေဟာ မြန်မာ့ ဦးပိုင်ကုမ္ပဏီနဲ့ လာတူညီပေမယ့် ထိထိရောက်ရောက် ထုတ်ကုန်တွေ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်တဲ့ အဆင့်ထိ အောင်မြင်မှု ရှိတာကတော့ အီဂျစ်က ဦးပိုင် ကုမ္မဏီဟာ မြန်မာ စစ်တပ်နဲ့ မတူပါဘူး။ အီဂျစ် စစ်တပ်ရဲ့ စက်မှုထုတ်ကုန် ၀က်ဘ်ဆိုဒ်ထဲမှာ စစ်တပ်ပိုင် ကုမ္ပဏီ ၂၀ လောက်ရဲ့ စက်မှုနဲ့ လျှပ်စစ် ထုတ်ကုန်တွေကို အောင် မြင်စွာ ကြေညာပြီး နိုင်ငံတကာသို့ ရောင်းချနေပါတယ်။

တပ်မတော်က အဝေးပြေးလမ်းမကြီးတွေ အိုးအိမ်အဆောက်အဦကြီးတွေ ဆောက်လုပ် နေတာတွေဟာ အီဂျစ်တို့ အတွက် တော့ တခြား နိုင်ငံသားတွေလိုမျိုး သိပ်ထူးဆန်း မနေတော့ပါဘူး။ တကယ်လို့ စစ်တပ်ကို နိုင်ငံရေး နယ်ထဲက ထွက်ခွာ ခိုင်းလိုက်မယ်ဆိုရင် အဲဒီလိုရထားတဲ့ အကျိုးအမြတ် တွေကြောင့်ပဲ တိုင်းပြည်ကို အန္တရာယ်ဖြစ် လာစေလိမ့်မယ်။ စစ်တပ် အတွင်းက နောက်တက် ပြုပြင်ပြောင်းလဲ လိုသူတွေက ဖိအား မပေးသမျှ လက်ရှိ ဗိုလ်ချုပ်တွေဟာ သူတို့ အကျိုးစီးပွား ဦးပိုင် အဆောက်အဦကြီးကို ဆက်ပြီး ကာကွယ်နေဦးမှာသာ ဖြစ်တယ်လို့ အီဂျစ် ပြည်သူ အများစုက ယုံကြည် ထားကြပါတယ်။

တကယ်တော့ မြန်မာ့စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းကြီး နမူနာယူသင့်တဲ့ စစ်အာဏာရှင် တဦး ရှိပါတယ်။ တောင်ကိုရီး ယားက ပတ်ချုံဟီးပါ။ (၁၉၆၁ မှ ၁၉၇၂ ခုနှစ်တွေ အထိ) တောင်ကိုရီးယားမှာ စစ်တပ်နဲ့ တက်သိမ်းပြီး အာဏာ ရယူခဲ့သူ ပတ်ချုံဟီးဟာ စစ်သားတွေဟာ စီးပွားရေးမှာ မစီမံတတ်တဲ့ အကြောင်းကို ကောင်းကောင်းကြီး သိခဲ့သူ တယောက်ပါ။ ပြည်ပရောက် ပညာတတ်တွေ တိုင်းပြည်ကိုပြန်လာဖို့ စည်းရုံး ခေါ်ဆိုပြီး ပေါ်လစီတွေ ချမှတ် ပေးနိုင်ခဲ့လို့လည်း ဒီကနေ့ တောင်ကိုရီးယား တက္ကသိုလ်ဟာ နံမည်ကျော် ဟားဗတ် တက္ကသိုလ်ရဲ့ လက်ခွဲ တက္ကသိုလ်တခု အဖြစ် အသိမှတ်ပြု ခံခဲ့ရတာပါ။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးမှာ ထိပ်တန်း ရောက်နေ နိုင်တာကလည်း ပတ်ချုံဟီးရဲ့ ကောင်းမှုတခုပါပဲ။ စစ်အာဏာ ရှင်ပီပီ မကျင့်သုံးခဲ့လို့ စစ်တပ်က စီးပွားရေးနဲ့ ဝေးဝေး နေခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အမှန်ဆိုရရင် စစ်တပ်တခုရဲ့ပင်မရည်မှန်းချက်ဟာ တိုင်းပြည်ကို ကာကွယ်ဖို့ပါ။ လုံခြုံ ငြိမ်းချမ်းနေမှ ဒုတိယ ရည်မှန်းချက် တွေဖြစ်တဲ့ ဖွံ့ဖြိုး တိုးတက်မှု လမ်းမပေါ်ကို ရောက်နိုင်ပါတယ်။ ဒါကြောင့် စစ်တပ်ဟာ သူ့ရဲ့ ပထမ ရည်မှန်းချက် အတိုင်း မဆောင်ရွက်ဘဲ တိုင်းပြည်စီးပွား ဖွံ့ဖြိုးရေး၊ တိုးတက်ရေးတွေမှာ ၀င်လုပ်လို့ကတော့ စေတနာ တလွဲကောင်း နေတာပဲ ဖြစ်ပါ လိမ့်မယ်။ တိုင်းပြည်အပေါ် ထားရှိတဲ့ စေတနာတွေ နေရာမှန် အဆင့်တွေမှန်ပါမှ တိုင်းပြည်တခု တိုးတက်နိုင်မယ့် အကြောင်းကို အပေါ်မှာပြောပြခဲ့တဲ့ နိုင်ငံရပ်ခြား နမူနာများထဲက ရွှေးနှုတ်ပြီး မြန်မာ့ တပ်မတော်ထဲက ခေတ်သစ် ဗိုလ်ချုပ်တွေ ကောင်းကောင်းကြီး သင်ခန်းစာယူ ပြန်လည် သုံးသပ်သင့်ကြပါပြီ။

0 comments:

အပေါ်သို့