..............................

Thursday, April 26, 2012

မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် မရည်ရွယ်


2012-04-25

မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူထားတာတွေအားလုံးကို ချက်ခြင်း ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရမှာ ရည်ရွယ်ချက် မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Kurt Campbell က ပြောလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ မြို့မှာ မနေ့က ကျင်းပတဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒ သုံးသပ်ရေး ကြားနာပွဲမှာ ပြောဆို ခဲ့တာပါ။

အဲဒီကြားနာပွဲမှာ Mr. Kurt Campbell က - သမ္မတ ဦးသိန်းစိန် ရဲ့ပြုပြင်ပြောင်းလဲမှု တွေအပေါ် မိမိတို့ ကြိုဆိုပေမဲ့၊ ပိတ်ဆို့ အရေးယူမှု တွေကို ရုပ်သိမ်းလိုက်ဖို့ အစီအစဉ် မရှိပါဘူး။ မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ကြောင်း ပြန်လှည့်သွားတာမျိုး၊ ရှေ့ဆက် ပြုပြင် ပြောင်းလဲ သင့်တာတွေမှာ အချိန် ဆွဲနေတာမျိုး ဖြစ်လာရင် ဘယ်လိုတုန့် ပြန်သွားမလဲ ဆိုတဲ့ မဟာဗျူဟာ ဟာ မိမိတို့ အမေရိကန် အစိုးရရဲ့ မူဝါဒမှာ အဓိက ကျတဲ့ သဘောမျိုး ရှိပါတယ် လို့ ပြောသွားပါတယ်။

ဒါ့အပြင် မြောက်ပိုင်းကချင်ပြည်နယ်က တိုက်ပွဲတွေမှာ ဒေသခံတွေအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့ သတင်းတွေကို ကြားသိ နေရကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၅၀၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ လထဲမှာ လွှတ်ပေးခဲ့ ပေမဲ့ အနည်းဆုံး ရာနဲ့ချီပြီး ကျန်ရှိနေသေး တယ် လို့လည်း Mr. Campbell က ပြောဆိုပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ထွက်ဆို သွားခဲ့ရာမှာလည်း အမေရိကန် အစိုးရ အရာရှိကြီး တွေရဲ့ ပျက်ကွက်မှုတွေကို ပြောဆို သွားခဲ့ပါတယ်။

ဝါရင့်ကျောင်းသား ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသား အဖွဲ့ဝင်တွေနဲ့ တိုင်ပင်နှီးနှော ဆွေးနွေးတာမျိုး မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူ မှုတွေကို လျော့ပေါ့ ပေးလိုက်တဲ့ အချက်ကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့