..............................

Monday, April 23, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၇)

ဧပြီလ ၂၃ ရက် ၂၀၁၂

ဟန်လင်း
ဦးပိုင်ရဲ့အခြေခံ သရုပ်မှန်

တိုင်းပြည်မှာအုပ်ချုပ်ပုံစနစ်တခုပြောင်းပြီးနောက် စီးပွားရေးပုံစံတွေလည်း လိုက်ပြီး ပြောင်းလဲခဲ့ပါတယ်။ မပြောင်း လဲဘဲ ကြွင်းကျန် နေသေးတာကတော့ မြန်မာ့ တပ်မတော် စစ်ထိပ်သီးကြီးတွေ အများစု ရှယ်ယာ ပါဝင် ထူထောင် ထားတဲ့ ဦးပိုင် ကုမ္မဏီကြီးပါ။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့ ကြွေးကြော်လေ့ ရှိတဲ့ မြန်မာ စစ်တပ်ဟာ တိုင်းပြည်ရဲ့ အချုပ် အခြာ အာဏာကို စပြီး ယူလိုက်ပြီ ဆိုကတည်းက စစ်တပ်ပိုင် စီးပွားရေး စလုပ်ခဲ့တာ ကတော့ သိပ်ပြီးမထူးဆန်း လှပါဘူး။ ၁၉၉၁ ခုနှစ်မှာ စတင်ထူထောင်တဲ့ ဦးပိုင် ကုမ္ပဏီဆိုတာက ရင်းနှီးမတည်ငွေ ဒေါ်လာ ၁.၄ ဘီလီယံ ရှိပြီး ကာကွယ်ရေး၊ စစ်လက်နက် ၀ယ်ရေးဌာန (ကက၀ယ်) က အစုရှယ်ယာ ၄၀% ကျန်တပ်ရင်း တပ်ဖွဲ့တွေက ၆၀% အစုရှယ်ယာ အသီးသီး ခွဲဝေ ပိုင်ဆိုင်ကြပါတယ်။ (က)အုပ်နဲ့ (ခ)အုပ်စု ရှယ်ယာ အမျိုးအစား ခွဲခြားထားသလို ပေးတဲ့ အမြတ်ငွေလည်း မတူပါဘူး။ စစ်အုပ်စုဟာ တိုင်းပြည်က အကျိုးအမြတ်ရမယ့် လုပ်ငန်းအကုန်လုံးကို အပိုင်စီးပြီး လုပ်ခဲ့တာမို့ ကျောက်မျက်၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း ၊ အိမ်မြေရောင်းဝယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ လောင်စာ စွမ်းအင် ထုတ်လုပ်မှု၊ သံနဲ့သံမဏိ စက်မှုဇုံတွေ အပြင် လူထုနေ့တဓူဝ စားသုံးကုန်တွေဖြစ်တဲ့ စား ကုန်နဲ့ အဖျော်ယမကာ တို့လို ဟာတွေဟာ အားလုံး လုပ်ခွင့်ရသူတိုင်း မြတ်မယ့် ဦးပိုင်ရဲ့ အခိုင်အမာ လုပ်ငန်း တွေပါ။

ကဲ ဒီလိုဆိုတော့ ဦးပိုင်ကုမ္မဏီဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်လို့လာခဲ့ပြီလား၊ တပ်ရင်း တပ်ဖွဲ့ တွေနဲ့ တပ်မတော်သားတွေ ကိုယ်တိုင် လက်တွေ့ကျကျ ဘ၀နေမှု မြင့်မားလာခဲ့ပြီလား ဆိုတာတွေကတော့ စစ်သား တိုင်းလည်း သိချင်နေကြတဲ့ ကိစ္စပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ယခင်စစ်တပ် အာဏာသိမ်းကာစ အခြေအနေ ကလိုပဲ ဒီကနေ့ အထိလည်း စစ်သည်များရဲ့ ဘ၀တွေ အဆင်မပြေ သေးလို့ပါ။

၁၉၉၅-၉၆ခုနှစ်ဦးပိုင်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးကဏ္ဍအတော်များများကို ချုပ်ကိုင် ထားမိခဲ့ပြီလို့ ဆိုပါတယ်။ ကျောက်မျက်၊ စိုက်ပျိုးထုတ်ကုန်၊ သစ်၊ ရော်ဘာစတဲ့ ပြည်ပပို့ကုန်တွေ အခြေခံ စားကုန်များနဲ့ ကားတင် သွင်းတာတို့ အပြင် ၀န်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ဘိုအောင်ကျော် ဆိပ်ကမ်း ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ဗန္ဓုလ ကားလိုင်း စတဲ့အခြား ကုန်း/ရေလမ်း သယ်ပို့ လုပ်ငန်းစုံ တို့ကို ဦးပိုင် လက်အောက် လွှဲခဲ့သလို ပန်းဆိုးတန်းလမ်း ပြည်သူ့ ကုန်တိုက်ကိုလည်း ရူဘီမတ် ကုန်တိုက်အဖြစ် ပြောင်းပိုင်ခဲ့ပါတယ်။ မြန်မာ့ စီးပွားရေး လောကအတွင်း မြ၀တီဘဏ်၊ မြ၀တီ ကုန်သွယ်ရေး စသည်ဖြင့် စစ်တပ်ပိုင် စီးပွားရေး အဆောက်အဦ သစ်တွေလည်း အစားထိုး နေရာ ယူလာခဲ့ပါပြီ။

၁၉၉၀ခုနှစ်မှာကတည်းက နိုင်ငံခြားကုမ္မဏီပေါင်း(၅၀)လောက်နဲ့ စပြီးချိတ်ဆက်လုပ်ကိုင် ခဲ့နိုင်တာ စစ်တပ်ရဲ့ စီမံ အုပ်ချုပ်မှု ကောင်းလို့ မဟုတ်ဘဲ ယခင် မဆလ ခေတ်တုံးက တွေ့ရှိထားတဲ့ ရေနံနဲ့ သဘာဓါတ်ငွေ့ လုပ်ကွက်တွေ ဈေးကွက် ၀င်လာလို့ပါ။ ဗကပ ပြိုကွဲပြီးနောက် တရုပ်ပြည်နဲ့ နယ်စပ် စီးပွားရေး လမ်းကြောင်း စပွင့်ရာကနေ အပ်က အစ လက်နက် ဒုံးကျည်အဆုံး တရုပ်အားကိုး ပေါချောင်ကောင်း စီးပွားရေး ပုံစံ ဖြစ်ထွန်း လာခဲ့ပါတယ်။ ဒါ့အပြင် သောင်းကျန်းသူ အဖွဲ့အစည်းတွေနဲ့ အပစ် ရပ်ခဲ့ကြလို့ စစ်ရေး ဘတ်ဂျက်မှာ သက်သာမှု ရလာတာတို့ အပြင် မဆလ ခေတ်ကလို ပြည်သူကို အစိုးရ ၀န်ဆောင်မှု ပေးနေတဲ့ အခမဲ့ပညာရေး၊ ကျမ္မာရေး တို့လို ကိစ္စတွေကို တပ် မတော်အစိုးရက ဆက်ပြီး တာဝန် မယူခဲ့တာမို့ ကုန်ကျ စရိတ်တွေ ပေါ့ပါးသွားပြီး နောက်တက် စစ်အုပ်စု အတွက် အသက်ရှု ချောင်ခဲ့စေတဲ့ အခွင့်အခါကောင်း အမျိုးမျိုးနဲ့ ကြုံခဲ့လို့ပါ။ န၀တ-နအဖ တော်လို့ မဟုတ်ပါဘူး။

ဒါပေမဲ့ ရှေ့စီးပွားရေးအကွက် ကြိုမြင်ပြီး လောဘဇော မသတ်နိုင်တဲ့စစ်အုပ်စုဟာ ဦးပိုင် ကုမ္မဏီကြီးကို တိုင်းပြည်မှာ လိုငွေပြနေတဲ့ အခြေအနေ အောက်ကပဲ အမိန့်ကြေညာချက် တခု ထုတ်ပြန်ရုံ သက်သက်နဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။ စစ်တပ်ပိုင် ငွေလုံး ငွေရင်းရယ်လို့ တပြားတချပ်မှ မရှိလို့လည်း အစိုးရ ဘဏ်ထဲက ငွေကို ခဏလှည့်ပြီး အသုံးပြုခဲ့ ပါတယ်။ အဓိကအားဖြင့် စစ်ပြန်စစ်မှုထမ်းဟောင်း ခံစားခွင့်တွေနဲ့ တပ်မတော် ပင်စင် ရံပုံငွေတွေကို ခေါင်းစဉ်ပြခဲ့သလို ကျန်ငွေတချို့ကို အာဏာဆင်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တိုင်းမှူးပြုတ်တွေ က ထည့်ဝင် ကြပါတယ်။

ယခင် န၀တ ခေတ် စီးပွားမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ဒေးဗစ်အေဗယ် လက်ထက်တုံးက အစိုးရ ၀န်ကြီး ဌာန ( ၁၈ )ခု လက်အောက်ရှိ လုပ်ငန်းကြီး (၅၂) ကို ပြည်သူပိုင် အဖြစ် ပြောင်းဖို့ စီစဉ်ခဲ့သလို ၁၉၉၉-၂၀၀၀ ခု နှစ်ကိုရောက်တော့ လုပ်ငန်းပေါင်း (၁၆၀၀) လောက် အထိ ပြည်သူပိုင်လွှဲဖို့ ဖြစ်လာပါတယ်။ အဲဒီအထဲက အကျိုး မြတ်ရမယ့် လုပ်ငန်းတွေ မှန်သမျှကို ဦးပိုင်ကပဲရွှေးချယ် လွှဲပြောင်း ရင်းနှီးမြှုပ်နှံနိုင်ခွင့် ရရှိခဲ့တာပါ။ မြန်မာ့ သတ္တုတွင်း ၀န်ကြီးဌာနက မုံရွာ ကြေးနီ စီမံကိန်းမှာ အိုင်ဗင်ဟို ကုမ္မဏီနဲ့ လုပ်ငန်း ရပ်ဆိုင်းပြီးနောက် အစုရှယ်ယာ ထက်ဝက် ဒေါ်လာသန်း ၁၀၀ ဖိုးကို ဦးပိုင်က ၀င်မြှုပ်နှံ နိုင်ခဲ့တဲ့ ဖြစ်စဉ်ဟာ ပြည်သူတွေ လက်ညှိုး ထိုးပြနိုင်စရာ အထင်ကရ ဥပမာ တခုပါ။

လက်အောက်တပ်ရင်းတပ်ဖွဲ့တွေရဲ့ အချိုးကျဦးပိုင်ထည့်ရမယ့် ငွေအတွက်တော့ အထက်က ခေတ္တစိုက်ခံ ဖြေရှင်းပြီး နောင်တစ်စတစ်စ ရှာကြံ ထည့်ဝင်စေခြင်းနည်းနဲ့ ဦးပိုင် ကုမ္မဏီကြီးကို စတင်ခဲ့ကြောင်း တပ်တွင်း ထက်အောက် တရားဝင်ကြေးနန်း သက်သေ အထောက်အထားတွေလည်း အများကြီး ရှိပါတယ်။

၁၉၉၆ ခုနှစ်တွေတုံးက နယ်စပ်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ မြန်ပြည်တလွှား ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်တွေ အရ တပြည်လုံး ဖေါက်လုပ် ဆောက်လုပ်တဲ့ လမ်း၊ တံတား၊ မီးရထားလမ်း၊ ဆည်တာတမံ လုပ်ငန်းတွေကို တပ်မတော်သား အင်အားနဲ့ ဆောက်လုပ်ခိုင်းတာမျိုး၊ စစ်တပ်ကို ကန်ထရိုက် ဆွဲခိုင်းတာမျိုးတွေ ကိုလည်း တွေ့ရ ပြန်ပါသေးတယ်။ တိုးချဲ့ ဖွဲ့စည်းခဲ့တဲ့ တပ်တွေကို ထောက်ပံ့ဖို့ စရိတ်စက သက်သာသွားပြီး ဦးပိုင်မှာလည်း ရင်းနှီးငွေတိုး သွားစေမယ့် လုပ်ရပ်တွေပါ။

နယ်စပ်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်ကရတဲ့ ငွေတချို့တ၀က်ကို တပ်ရင်းခမ်းမ၊ တပ်ရင်းဓမ္မာရုံ၊ မူကြို/ မူလတန်း ကျောင်းများ စတဲ့ ကိစ္စတွေကို၊ တပ်ရင်း စိုပြေရေး ခေါင်းစဉ်အောက်မှာ အသုံးချခဲ့သလို ကျန်ငွေ အများစု ကတော့ တပ်ရင်းတိုင်း အချိုးကျ ထည့်ဝင်ရမယ့် ဦးပိုင်ငွေ စာရင်းထဲကို ၀င်သွား ကုန်ပါတော့တယ်။ ဦးပိုင် ကုမ္ပဏီကို တပ်ရင်းတွေ အစုထည့်ဝင်ကြတဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် စစချင်း ကျပ်ငွေ(၂၅) သိန်းလောက်ကို မဖြစ် မနေ ရှာကြံ ထည့်ခိုင်းသလို နှစ်စဉ် အမြတ်ရတဲ့ ငွေထဲက ထက်ဝက် ပြန်ထည့်ဝင် မြှုပ်နှံခိုင်း ပြန်ပါတယ်။ ဒီနောက် ပိုင်းမှာတော့ တပ်ရင်းတရင်း ဘယ်လောက်နှုန်း မဖြစ်မနေ ဦးပိုင် အစုအပ်ပြီး ဖြစ်ရမယ်ဆိုတဲ့ (ညကခ)ထုတ် တာမျိုးကိုလည်း ကကကြည်းကနေ ဖိအားပေးပြီး ကျင့်သုံးပါတယ်။ ဒီလိုနဲ့ ၁၉၉၀ က စတင်လိုက်တဲ့ ဦးပိုင်အစုငွေ များဟာ ၂၀၀၅ခုနှစ်ကိုရောက်မှ တပ်ရင်းတရင်း အစုငွေသိန်း (၃၀၀) နားကို ကပ်လာပါတော့တယ်။

နှစ်စဉ် အခုလိုဦးပိုင်အစုငွေအမြတ်ခွဲဝေရလို့ စစ်သားတွေခမျာမပျော်နိုင်ပါဘူး။ နောက်ထပ် ဘယ်လောက် ရှာကြံပြီး ထည့်ရဦးမလဲ လို့သာ အမြဲ ခေါင်းခြောက် နေကြရပါတယ်။ အကြောင်းကတော့ ဦးပိုင် ကုမ္ပဏီအတွက် ခေါင်းစဉ် ပြထားတဲ့ တပ်ရင်းက အကျိုးအမြတ်ရ လုပ်ငန်းတိုင်းလိုလို အရှုံးက ခပ်များများမို့ တခြားကနေ ရှာဖွေပြီး စိုက်ဆပ် ကြရလို့ပါ။ ၁၉၉၄ခုနှစ် အစောပိုင်းတုံးက ဦးပိုင်အတွက် ဒေသထွက်သီးနှံတွေ ကြိုတင် ဈေးဖြတ် ၀ယ်ယူ ကြရာမှာ စစ်တပ်နဲ့ ပြည်သူအကြား ဖမ်းဆီး ချုပ်နှောင်မှုတွေ သီးနှံသိမ်း မြေသိမ်း ဥစ္စာသိမ်း စတဲ့ အချင်းများ အမုန်းပွားမှုတွေ ဆက်တိုက် ဖြစ်ခဲ့ရဖူးပါတယ်။ တကယ်တော့ ဦးပိုင် အစုငွေတွေ ရှာနိုင်ဖို့အတွက် ရှေ့တန်းရော နောက်တန်းမှာပါ လူထုအမုန်းခံရတာ အောက်ခြေ စစ်သည်နဲ့ အရာရှိတွေပဲ ဖြစ်ခဲ့ရတာပါ။

တကယ်တန်းပြောမယ်ဆိုရင် ဦးပိုင်ကုမ္ပဏီဆိုပြီး စစ်တပ်ထိပ်သီးတွေ အကျိုးလုပ်ဆောင်ရာမှာ တပ်မတော်သား တွေနဲ့ စစ်ပြန် ဟောင်းတွေက အဖြည့်ခံ အဖြစ် သက်သက် နံမည်ခံရုံမျှပါ။ ယခင် ဗိုလ်ချုပ်ဟောင်းနဲ့ လက်ရှိ ဗိုလ်ချုပ် အဆင့်ရှိ သူတို့ရဲ့အရင်းအနှီး အများစုကြီးကို လက်ဝေခံ လုပ်ငန်းရှင် ကုမ္ပဏီတွေကို နံမည်ခံပြီး ဦးပိုင်နဲ့ ဆက်စပ်ကာ ဂွင်ရိုက်ပြီး ဝေမျှ စားကြတာမို့ လက်ရှိ ဗိုလ်ချုပ်တွေပဲ သိန်းပေါင်း သောင်းနဲ့ချီလို့ ချမ်းသာ သွားခဲ့ကြပါတော့တယ်။

မနေ့တနေ့ကမှစပြီး လူပြောများလာတဲ့ ဦးအောင်သောင်းပိုင် ဥစ္စာဓနတွေဟာ ယခင် စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် အံ့အားသင့် စရာ နမူနာ တခုပါပဲ။ စစ်သားတွေ ကတော့ ဒုံရင်း အတိုင်း အရင်ခေတ်တွေက ထက်တောင် ပိုပြီး ခက်လို့နေကြရဆဲ။ အိုနာ ကျိုးပဲ့ ဂျိုင်းထောက် စစ်သည်နဲ့ ဗိုက်မှောက်နေရတဲ့ တပ်မတော်သား မိသားစုတွေနဲ့ တိုက်ဆောက်ပြီးရင်း ဆောက်နေကြတဲ့ အထက်ပိုင်း ဗိုလ်ချုပ်တွေကြားမှာ ဒီလို အဆင့်အတန်း အဆမတန် ကွာခြား သွားစေတဲ့ အချက်တခုဟာ ဦးပိုင်ကုမ္ပဏီ ကောင်းမှုပါ။

စစ်မှုထမ်းဟောင်းတွေနဲ့ မသန်မစွမ်း စစ်သည်တွေ၊ တပ်မတော်သားမိသားစုဘ၀ သက်သာ ချောင်ချိရေး ဆိုပြီး ဦးပိုင် ကုမ္ပဏီကြီးကို ဖွဲ့စည်းခဲ့တဲ့ လုပ်ရပ်ဟာ တပ်မတော်နဲ့ အတူ တိုင်းပြည်နဲ့ လူထုအပေါ်မှာ စစ်တပ်ထိပ်သီး တွေက မျက်လှည့် ပြသလိုမျိုးပါ။ ပြည်သူ့ ဘဏ္ဏာငွေကို ဒေသဖွံ့ဖြိုးရေး၊ စစ်ပြန် တပ်မတော်သားများ သက်သာ ချောင်ချိရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လှည့်ထုတ်ပြီး ဗိုလ်ချုပ်များ နောင်ရေး အကျိုးစီးပွားအတွက် အရင်းအနှီးကြီး ပြုလိုက် တာ ဖြစ်တဲ့အပြင် အထက်ဌာန ကနေ တပ်မတော်သားတွေ အတွက် စိုက်ခံ လုပ်ဆောင်မယ့် ကိစ္စတွေကိုပါ အထက် ဌာန အနေနဲ့ ခေါင်းရှောင် လိုက်နိုင်ခဲ့ကြတဲ့ တချက်ခုတ် နှစ်ချက်ပြတ် စီမံကိန်းဟာ မြန်မာ့ စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီ ပါပဲလို့သာ ပွင့်ပွင့်လင်းလင်း ဆိုပါရစေတော့။

မြန်မာ့စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီကြီးကို စတင်ထူထောင်ခဲ့တဲ့ ဖြစ်စဉ်တခုလုံးဟာ ကိုယ်ဖဲ ကိုယ်ချိုးပြီး အနိုင်ယူ ကစားသွားတဲ့ ခပ်ညံ့ညံ့ ဖဲသမား တွေရဲ့ ရိုက်စားဂွင် တခုထက်ပိုပြီး ထူးခြားမယ်လို့တော့ မထင်မိပါဘူး။

ဆက်လက်တင်ပြပါဦးမယ်။


0 comments:

အပေါ်သို့