..............................

Monday, April 23, 2012

ရင်ဖွင့်မိတာ အပြစ်လား

နေမင်းသူ
၂၂ ဧပြီ ၂၀၁၂

ခုတလော တပ်မတော်တွင်းမှာ ပြောင်းလဲမှုမဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ကြားသိနေရပါတယ်။ အင်တာနက်မှာ တပ်မတော်ထဲက ဖြစ်ရပ်မှန်တွေ ထုတ်ဖော် ရေးသားတဲ့ တပ်မတော်သားတွေကို အရေးယူ အပြစ် ပေးတဲ့ ဖြစ်စဉ်တွေပါ။ ဒီအထဲမှာ လေတပ်က အရာရှိငယ်တွေရဲ့ ဖြစ်စဉ်တွေဟာ ရင်နင့်ဖွယ်ရာ အကောင်းဆုံးဖြစ် ပါတယ်။ တပ်မတော်သားတိုင်း ကြားနေရမြဲဖြစ်တဲ့ “နံရံတိုင်းမှာ နားရှိတယ်” ဆိုတဲ့ စကားဟာ..ခုတော့ “စကြဝဠာ တခွင်လုံး နားတွေအပြည့်ရှိနေပြီ” လို့ ထပ်ပြီးတင်စားခေါ်ဝေါ်ရမလို ဖြစ်နေပါပြီ။

အိုင်တီခေတ်မှာ အင်တာနက်ဆက်သွယ်ရေး နည်းပညာအစွမ်းနဲ့ ကမ္ဘာပြားပြီ ဆိုရလောက်အောင် ကမ္ဘာအနှံ့ ဆက် သွယ်ရေးကွန်ရက်ဖြန့်နေကြချိန်၊ မြန်မာပြည်သူလူထု အများစုဟာ တောင်ကုန်း တောင်ထွတ်တွေကြားထဲမှာ အမှောင် ချ ပိတ်မိနေဆဲ.. တပ်မတော်သားတွေရဲ့ ဘဝက ပိုပြီး ဆိုးရွားကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတုန်းပါ.. တပ်မတော် ထဲမှာ အင်တာနက် အသုံးပြုတတ်သူ အသုံးပြုနိုင်သူ ဦးရေ နည်းပါးလွန်းလှတာနဲ့အမျှ ပေါ်ပေါ် ထင်ထင်လည်း မသုံး ရဲ ကြပါ။

တပ်ထဲက အခြေအနေမှန်တွေကို အင်တာနက်မှာ ထုတ်ဖော်ရေးသားမိလို့ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် အနှစ်(၂၀) ချမှတ်တယ်ဆိုတာ စံပြသဘောလုပ်ပြလိုက်တာလို့ ယူဆပါတယ်... ဒီလိုနည်းနဲ့ အပြစ်ပေးလို့တော့ အမှန်တရားဖော်ထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ပါ။ တပ်မတော်ရဲ့ ဂုဏ်လည်း ထွန်းပြောင်လာမှာ မဟုတ်ဘဲ ဖိနှိပ်မှု သရုပ်တွေသာ ပိုပိုပြီးပေါ်လွင်လာမှာပါ။

တပ်မတော်အတွင်း အကျင့်စာရိတ္တပျက်ယွင်းမှုနဲ့ဆိုင်တဲ့ ပြစ်မှုတွေကျူးလွန်မိတဲ့ တပ်မတော်သားတွေကို အရပ်ဖက် ထောင်ချပြီး ထုတ်ပစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ခုလိုနှစ်ရှည် ပြစ်ဒဏ်တော့ မဟုတ်ပါဘူး။ ၁ နှစ်ကနေ ၅ နှစ်လောက် အတွင်းပဲ ကျခံရတာ။ ခုတော့ ဆင်းရဲကျပ်တည်းနေတဲ့ မိသားစုဘဝတွေကို ဖော်ထုတ်ရေးသား မိလို့ လူသတ်မှုထက် ၂ ဆ ပြင်းတဲ့ ပြစ်ဒဏ်ကို ခံစားနေရတဲ့သတင်းကြားရတာ စိတ်မချမ်းမြေ့စရာ...။
စစ်သားတွေလည်း လူသားတွေမို့ တခြားလူတွေလိုပဲ တွေးခေါ်ခံစားတတ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေ လောက် အထိ စစ်သည်တွေဟာ ထောင်ကျမှာကို ကြောက်ကြတယ်။ ထောင်ရဲ့ မကောင်းတဲ့ အနိဋ္ဌာရုံတွေကို သိနေကြလို့ ပါပဲ..။ ဒါကြောင့်မို့ တပ်ပြေးလုပ်ဖို့ ဝန်လေးကြတယ်။ ပြေးပြီးနောက်ပိုင်း ပြန်ဖမ်းမိလို့ဖြစ်ဖြစ် ကိုယ့်ဟာကို ပြန်အဖမ်း ခံလို့ပဲဖြစ်ဖြစ် ထောင်ဒဏ် ၆ လလောက် ကျတာကိုတောင် မခံနိုင်ကြဘူး။ သူတို့ကို ရာဇဝတ်အကျဉ်းသားတွေနဲ့ တတန်းတည်းထားပြီး ရဲဘက်စခန်း ပို့တယ်။ အဲဒီမှာ သေလုမျောပါး အလုပ်ကြမ်း ခိုင်းတာ ခံရတယ်။ အိမ်ကနေ ငွေနဲ့ မလိုက်နိုင်သူ သေဖို့သာပြင်ပေတော့ပဲ..။ သူတို့ထောင်က ထွက်ပြီး တပ်မှာ တပ်ထွက်လက်မှတ် လာယူတဲ့အခါ သူတို့ လို မလုပ်ဖို့ ကျန်တဲ့သူငယ်ချင်းတွေကို အခါခါ တားမြစ်ကြတယ်။ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဘယ်သူက တယုတယ ခံယူချင်မှာတုန်း။ တပ်ပြေးအများစုဟာ တပ်မှာ မတော်တရော်တွေလုပ်ပြီး အပြစ်ကျမခံချင်လို့ ပြေးတဲ့ လူက နည်းနည်းရယ်။ မွန်းကျပ်မှုဒဏ်ကို မခံစားနိုင်တော့ လို့ ပြေးသူက အများစုပါ။

ကျနော်ပြောစရာ တခုကျန်နေသေးတယ်။ စစ်သားအတော်များများဟာ ကိုယ်က ရဲဘော်ဖြစ်နေလို့ ဖိနှိပ်မှုတွေ ခံနေ ရပေမယ့် စစ်သားအဖြစ်ကိုတော့ ခုံမင်တတ်ကြတယ်။ ကိုယ်မွေးထားတဲ့ သားယောက်ျားလေး ၁၀ တန်း အောင်ရင် ဗိုလ်သင်တန်း တက်ရဖို့ မျှော်လင့်ကြတယ်။ တကယ်လို့ ကိုယ်က ထောင်ကျဖြစ်သွားရင် ဘဝမှာ အမဲစက် ထင်သွား ပြီ။ ကိုယ့်သားသမီး တက်လမ်းပိတ်သွားပြီ ဆိုတဲ့ အတွေးမျိုးတွေရှိကြပါတယ်။ ဒီခံစားချက်မျိုးကို စစ်သားချင်းမှ ပိုပြီး သိပါတယ်။

ဒါပေမဲ့ဗျာ... လူတယောက်ရဲ့ သည်းခံအောင့်အီးနိုင်မှု စွမ်းရည်ဆိုတာကလည်း အတိုင်းအတာရှိတယ်လေ။ ၂၀၀၀ ပြည့်နှစ် ဒီဘက်ပိုင်းမှာ တပ်ပြေးလုပ်လို့ ထောင် ၁ နှစ်၊ ၁ နှစ်ခွဲကျမှာကို သိပ်မမှုကြတော့ဘူး။ တပ်ထဲမှာ ကာလ အကန့်အသတ်မရှိ ဒုက္ခခံနေရတာထက် ကိုယ့်ဖာသာ အပြင်မှာ လွတ်လွတ်လပ်လပ် ရုန်းကန် ရတာ ပိုအကျိုးရှိ တယ် လို့ မြင်လာကြတယ်။ ၂၀၀၂ ခုနှစ်မှာ ကျနော့်သူငယ်ချင်းတယောက် ၁ နှစ်လောက် တပ်ပြေးလုပ်ပြီး အေးအေးဆေး ဆေးပဲ တပ်မှာလာအဖမ်းခံတယ်။ ကျနော်တို့က သူ့ကို “ မင်းကို ဘယ်သူကမှ မဖမ်းဘဲ ဘာလို့ လာအဖမ်းခံရတာလဲ” မေးတော့... သူက “ငါ နောက်ကျောမလုံတဲ့ ဘဝမှာ ကြာရှည်မရပ်တည်ချင်ဘူး... ရှင်းစရာရှိတဲ့ ကိစ္စ ရှင်းလိုက်မှအေး မယ်” ဆိုပြီး လာအဖမ်းခံတာတဲ့။ ၁၀ နှစ်လောက်အတွင်းမှာ စစ်သားတွေရဲ့ တွေးခေါ်ပုံ ပြောင်းသွားတာပြောပါ တယ်..။ ဒီလိုအခြေအနေတွေ ဖြစ်လာရတာဟာ စစ်သည်တွေ ကိုယ်တိုင် ဖန်တီးတာ မဟုတ်ပါဘူး။

စစ်ဘက်ဥပဒေမှာ ပြဋ္ဌာန်းထားတာက စစ်သည်တဦး တပ်ပြေးကာလ ၆ လပြည့်ရင် တပ်မှာဆက်ထားလို့ မရတော့ ဘူး။ ဒါပေမဲ့ ခုနောက်ပိုင်း တပ်ပြေး စစ်သည်တွေဟာ ပြန် အဖမ်းခံမယ် ဆိုရင်တောင် အနဲဆုံး တပ်ပြေးကာလ ၁ နှစ် ပြည့်မှ ပြန်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သည် တပ်ကထွက်ပြေးသွားတဲ့အခါ အချိန်နဲ့တပြေးညီ ခွင့်မဲ့ပျက် ကွက် တပ်ပြေးကြေညာတာမျိုး မလုပ်သေးဘဲ သုံးလေးလလောက် စောင့်ကြည့် နေသေးတယ်။ တပ်ပြေးဖြစ်စဉ်တွေ များရင် တပ်မှူးကို ထိမှာကတကြောင်း... အခြားအကြောင်းတွေလည်း ရှိမှာပေါ့.. အဲဒီတော့ စစ်သည်က ၆ လကွက် တိ တွက်ပြီး ပြန်လာရင် တပ်ပြေးကာလက ၃ လလောက်ပဲ ရှိသေးပြီး တပ်တွင်းအချုပ်၊ စစ်ထောင်လောက်နဲ့ သံသရာ ရှည်သွားပြန်ရော... ဒီကြားထဲ တပ်ပြေးလုပ်မဲ့သူတွေ နောက်တွန့်သွားအောင် တပ်ပြေးကာလရဲ့ ၂ ဆ ပြစ်ဒဏ်ပေး တဲ့ နည်းကို စီမံချက်ချ လုပ်ခဲ့ပေမဲ့ တပ်ပြေးဦးရေ လျော့နည်း မသွားပါဘူး။

ကျနော်သတိထားမိသလောက် စစ်သားတွေရေးတဲ့ စာတွေဟာ တပ်တွင်းက မမျှတတဲ့ အုပ်ချုပ်မှုတွေ၊ အဆင့်အတန်း ခွဲခြား ဖိနှိပ် ခံရတာတွေ၊ တပ် မိသားစုတွေ ကြုံတွေ့ နေရတဲ့ ဆင်းရဲ ကျပ်တည်းမှုတွေကို ဖွင့်ထုတ် ရေးသားတာ လောက် ပဲ ရှိပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံတကာခုံရုံးတင်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် တိုက်ခိုက်ချေမှုန်းပစ်မယ် ဆိုတဲ့ ပြင်းပြင်းထန်ထန် အသုံးအနှုန်းတွေ မတွေ့မိပါဘူး။ ဒီလို အဖြစ်မှန်တွေ ရေးဖို့ကလည်း လိုအပ်နေတယ်လေ။ စစ်သားတွေရဲ့ဘဝက နံရံ ၂ ဘက်ကြားမှာညပ်မိနေတဲ့ အဖြစ်ပါ။ တပ်ထဲမှာလည်း ပေးတာယူ၊ ကျွေးတာစား၊ ခိုင်း သမျှလုပ်။ တပ်ပြင်ပိုင်း ဆက်ဆံရေးကျတော့ အာဏာရှင် နောက်လိုက်ခွေး တွေဆိုတဲ့ အထင်ခံရမှုတွေနဲ့ ကြုံရ။ ကြာ တော့ စစ်သားတွေ ပေါက်ကွဲလာကြတာ သဘာဝကျပါတယ်။

ယခုအခါ အင်တာနက်အသုံးပြုနေတဲ့ တပ်မတော်သားအချို့ဟာ စစ်ခေါင်းဆောင်ကြီးတွေအပေါ် စိတ်အချဉ် ပေါက် နေသူတွေပါ။ ဒါပေမဲ့ အင်တာနက်ပေါ်မှာရေးတဲ့အခါကျတော့ အစိုးရကောင်းကြောင်း၊ တပ်မတော် ခေါင်းဆောင်ကြီး တွေ ကောင်းကြောင်း အမွှမ်းတင်ပြီး ကျန်တဲ့လူတွေနဲ့ အတိုက်အခံလုပ်ရေးသားတာ တွေ့မြင်နေရပါတယ်။ တကယ် တော့ သူကိုယ်တိုင်က စစ်ခေါင်းဆောင်ကြီးတွေအပေါ် စိတ်ကုန်နေတာ။ နဂိုကတည်းက စစ်အစိုးရ၊ စစ်အာဏာရှင် ဆိုတဲ့ အမြင်ရှိနေသူတွေ အဲဒီလို အရေးအသားတွေလည်း ဖတ်ပြီးရော... တပ်မတော်အပေါ် ပိုပြီးမုန်းတီး ရွံရှာသွား ရော... အကျိုးဆက်က တပ်မတော်အတွက် မကောင်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် တပ်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေရဲ့ အခြေခံဇစ်မြစ်အမှန်ကို သိအောင် မလေ့လာဘဲ... ဘယ်လိုနည်းနဲ့ကြောက်ကြောက် ကြောက်နေဖို့သာ အဓိကလို့သဘောထားပြီး... အကြောက်တရားတွေသာ အစဉ် လွှမ်းမိုးနေစေဖို့ ပြစ်ဒဏ်တွေ အလွန်အကျွံ ပေးတဲ့နည်းကိုသာ ဆက်အသုံးပြုနေရင် အကြောက်တရားကနေ သတ္တိကို ကူးပြောင်းသွားပါလိမ့်မယ်။ လူတွေရဲ့ ခန္ဓာကိုယ်ကို ကန့်သတ်ချုပ်နှောင်လို့ ရနိုင်ပေမဲ့ စိတ်ဓာတ်ကိုတော့ တားဆီး ပိတ်လှောင်လို့ မရနိုင်ပါ။

အမှန်တရားဖော်ထုတ်တဲ့ တပ်မတော်သားတွေကို ဖိနှိပ်ချုပ်ချယ်ကန့်သတ်ပြီး တပ်တွင်းက ပြဿနာတွေကို ဖုံးဖုံးဖိဖိ လုပ်ဖို့ကြိုးစားနေခြင်းဟာ တပ်မတော်မှတ်တမ်းရုံးက သင်တန်းတာဝန်ခံ ဗိုလ်ကြီးတဦးပြောခဲ့ဖူးသလို “မှတ်တမ်းရုံး ပတ်လည်မှာ လုံခြုံရေးဂိတ်တွေ အများကြီးရှိတယ်။ ခြံစည်းရိုးကလည်း လုံနေအောင် ခတ်ထားတာ။ မင်းတို့ ဘယ်လိုမှ ခိုးထွက်လို့မရဘူး.. အေး.. ဒါပေမဲ့... နည်းသိရင်တော့ ထွက်ပေါက်တွေ အများကြီး ရှိတယ်ကွ” ဆိုတာမျိုးလည်း ဖြစ် နေပါအုံးမယ်။

ကျနော်ငယ်ငယ်က “ရင်ခုံမိတာ အချစ်လား” အမည်ရတဲ့ ရုပ်ရှင် ဇာတ်ကားတကား ကြည့်ခဲ့ဖူးပါတယ်။ လက်ရှိ တပ်မတော်ထဲမှာ ရင်မချိတဲ့ ခံစားချက်တွေကို မျိုသိပ် မထားနိုင်တော့လို့ ဖွင့်ဟ ရေးသားမိတာ အပြစ်လားဗျာ...

0 comments:

အပေါ်သို့