..............................

Wednesday, March 7, 2012

နောက်ကြောင်းပြန်မလှည့်ဖို့ အသေပိတ်ရမယ့် တံခါး

March 4, 2012

ဂါမဏိ

မြန်မာနိုင်ငံရဲ့ ဖားတပိုင်းငါးတပိုင်းခေါင်းဆောင်တွေက ဒီမိုကရေစီစနစ်ဆီ ခြေလှမ်းတွေ လှမ်းနေပြီ၊ အပြောင်းအလဲ တွေ လုပ်နေပြီ ဆိုပြီး လူမြင်သူမြင် အကွက်ဆန်းလေးတွေ ကပြနေသလို စစ်အာဏာရှင် စနစ်ဆီ နောက်ကြောင်းပြန် မလှည့် ဘူး၊ စစ်တပ် အာဏာ သိမ်းတာမျိုး မလုပ်တော့ဘူးလို့လဲ ထပ်ခါထပ်ခါ ကတိပေး သလိုလို အာမခံသလိုလို အမေရိကန် ကြားအောင် ပြောနေပါတယ်။

တကယ်တော့ လက်ရှိအနေအထားဟာ ၁၉၆၂-၁၉၇၄ ကာလ နဲ့ ၁၉၈၈-၂၀၁၀ ကာလလို ပြောင်အတိအလင်း စစ် အာဏာရှင် စနစ်မျိုး မဟုတ်ပေမဲ့ ၁၉၇၄-၁၉၈၈ ကာလလို ခေါင်းမြီးခြုံ စစ်အာဏာရှင် စနစ် ဖြစ်နေပြီး လူမမြင် သူမမြင်နေရာ တွေမှာ ဘာမှ မပြောင်းလဲတာ မြန်မာ ပြည်သူလူထုက သိနေပါတယ်။ အထူးသဖြင့် အောက်ခြေက အလုပ်သမား လယ်သမား ကျောင်းသား တောကြို အုံကြား တိုင်းရင်းသားဘဝတွေ အပြောင်းအလဲ မရှိတာထက် ပိုအဓိကကျတာက ၁၉၆၂ ခုကနေ ဒီကနေ့အထိ မြန်မာ သမိုင်းကြောင်းကို ကြီးစိုးထားတဲ့ တပ်မတော်ရဲ့အမြင် သဘောထားတွေ၊ တပ်မတော်ရဲ့ ဖွဲ့စည်း လည်ပတ်မှု စနစ်တွေ မပြောင်းလဲတာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေ တခုတည်းကို ပြင်ဆင်လိုက်ရုံနဲ့ မပြီးဘဲ တပ်မတော်ကိုပါ တပါတည်း ပြောင်းလဲ ပြင်ဆင်လိုက်မှ နောက်ကြောင်း ပြန်မလှည့်ဖို့ အာမခံချက် ရှိမှာဖြစ်ပါတယ်။

ဗမာပြည်ရဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီပြဿနာဖြစ်တယ်၊ တိုင်းရင်းသားပြဿနာဖြစ်တယ်၊ အခြေခံ ဥပဒေပြဿနာ ဖြစ်တယ် စသဖြင့် ကိုယ်သန်ရာ ရှုဒေါင့်ကနေ ပြောနေကြပေမဲ့ ဒီကနေ့ကာလမှာ အချုပ်ကတော့ စစ်တပ် ပြဿနာပဲ ဖြစ်ပါတယ်။ စစ်တပ် ကိုယ်၌က ဒီမိုကရေစီ ဆန့်ကျင်ရေး၊ တိုင်းရင်းသား ကျွန်ပြုရေး၊ လူမှု-စီးပွား လက်ဝါးကြီးအုပ် ရေးတွေ ခြေဆုံးခေါင်းဆုံး အရိုးစွဲ နေသရွေ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ဥပဒေအရေးတွေ အားလုံး တနွယ်ငင်တစင်ပါ ဖောက်ပြန် မှောက်မှား ကုန်မှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး ဖြစ်စေ၊ ဗိုလ်တင်အောင်မြင့်ဦး၊ ဗိုလ်အောင်သောင်း၊ ဗိုလ်ကျော်ဆန်းဖြစ်စေ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင် ဖြစ်စေ ကမ္ဘာပေါ်မှာ မရှိတော့ရုံနဲ့လဲ မလုံလောက်ပါဘူး။ ၁၉၅၀ ခုနှစ်များက တည်းကစ ပြီး ပုံစံသွင်းခဲ့တဲ့ အတွေးအမြင် အမူအကျင့် စနစ်ဇယား အားလုံးကို စစ်တပ်တခုလုံးထဲက ခဝါချပစ်ဖို့ လိုနေပါတယ်။ ဘားတိုက် ပြန်သွားရုံနဲ့ မပြီးဘဲ စစ်တပ် တခုလုံးကိုပြောင်းလဲပစ်မှ ကျန်တဲ့ တနိုင်ငံလုံးမှာ အပြောင်းအလဲတွေ အနှစ်သာရ ရှိရှိ နောက်ပြန် မလှည့်စတမ်း ဖြစ်လာ ပါလိမ့်မယ်။

မြန်မာ့တပ်မတော်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရဲထွဋ်၊ ဗိုလ်ကျော်ဇော တို့ကို တယောက်ပြီးတယောက် ပထုတ်ခဲ့ပြီးနောက် စစ်လက်ဝါးကြီးအုပ် ဝါဒကို ဗိုလ်နေဝင်း၊ ဗိုလ် မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့က တစတစ သွတ်သွင်း လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်နဲ့ လုံးဝ ကွဲလွဲပြီး တိုင်းပြည့် ကယ်တင်ရှင် ဝါဒ မျက်နှာဖုံးနဲ့ အိမ်ကြီးပေါ် အိမ်ငယ် ဆောက်ရေးကို စ,စဉ်းစား စ,ခြေလှမ်း လာခဲ့ပါ တော့တယ်။

မြန်မာစစ်တပ်ဟာ ၁၉၅၂ ခု တပ်မှူးညီလာခံကတည်းက နယ်ဖက်ကိစ္စတွေဖြစ်တဲ့ စီးပွားရေး၊ ဘဝသစ်ဖန်တီးရေး၊ ကျေးလက် ကြီးပွားရေး၊ ဒေသန္တရ အုပ်ချုပ်ရေး၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး စတာတွေကို ဝင်စွက်ဖက်ဖို့ ခြေလှမ်း လာပါတယ်။ ဒီလိုနဲ့ ၁၉၅၄ စက်တင်ဘာ မေမြို့တပ်မှူး ညီလာခံမှာ ဒီမိုကရေစီ အစိုးရလက်အောက် အမှုထမ်း နေရက်နဲ့ သီးသန့် တပ်မတော် ဝါဒ သဘောတရား ထားဖို့ စ,ဆွေးနွေး ခဲ့ပါတယ်။ ၁၉၅၅ ခု အောက်တိုဘာလမှာ ရေတပ်နဲ့ လေတပ်ကို ကြည်းတပ် ဦးစီးချုပ်အောက် စသွတ်သွင်းပြီး လက်နက်ကိုင် တပ်အားလုံးကို တလက်ကိုင် စနစ် စ,ကျင့်သုံးခဲ့ပါတယ်။ ကြည်း တပ်ဦးစီးချုပ်ကို ကြည်း-ရေ-လေ တပ်မတော် တခုလုံးရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ထာဝရ သတ်မှတ် လိုက်ပါတော့တယ်။

တပ်မတော်ဟာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါဘဲလျက် တပ်မတော်ဝါဒသဘောတရား ideology ဖော်ထုတ်ရေး အဆို ပြုချက်ကို ဗိုလ်ချုပ်နေဝင်းက ၁၉၅၆ ခု မိတ္ထီလာ တပ်မှူး ညီလာခံမှာ တရားဝင် တင်သွင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို စိတ်ကြိုက်ချဲ့ကား မြှောက်ပင့်ဖို့ ဒီနှစ်ထဲမှာဘဲ ဆိုက်ကိုဌာန ဖွင့်ခဲ့ပြီး ပြည်သူလူထုထဲ၊ အထူးသဖြင့် စစ်တပ်ထဲ မှာ စစ်တပ်သည် အကြီးမြတ်ဆုံး ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ဟန် စ,သန္ဓေတည် စေခဲ့ပါတယ်။ ၁၉၅၇ စက် တင်ဘာ တပ် မှူးညီလာခံ အပြီး အောက်တိုဘာလမှာ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ဆိုက်ကို ဌာန) က ချစ်လှိုင် နဲ့ စောဦး တို့ရဲ့ နာမရူပ ဝါဒကို မြဝတီမဂ္ဂဇင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ဝါဒဖြန့် လာခဲ့ပါတယ် (၁၉၆၂ -၁၉၈၈ မဆလ ဝါဒ ရဲ့ရှေ့ပြေး ဖြစ်ပါတယ်)။

အလုပ်သမား-လယ်သမား-ကျောင်းသား-သံဃာတိုက်ပွဲတွေပေါ်တဲ့အခါ တပ်မတော်ရဲ့အဓိက တာဝန်က တရားဥပဒေ စိုးမိုးရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ ဆိုပြီး ဒီမိုကရေစီကိုလဲ ပစ်ပယ်၊ ရဲအလုပ်ကိုလဲ ဝင်ရှုပ် လက်ဝါးကြီး အုပ် ခဲ့သလို တိုင်းရင်းသားတွေရဲ့ အကြမ်းမဖက်/လက်နက်ကိုင် ဖက်ဒရယ် လှုပ်ရှားမှု ဖြစ်လာတဲ့ အခါမှာတော့ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ ဆိုပြီး အာဏာကိုလက်ဝါးကြီး အုပ်ဖို့ လုပ်လာခဲ့ပါ တယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်တွေဟာ “ဒီမိုကရေစီရေးသည် ပထမ”လို့ ဘယ်တုန်းကမှ မခံယူခဲ့တာဘဲ ဖြစ်ပါတယ်။

၁၉၅၈ ခု ဇွန်လမှာ သန့်ရှင်းဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုက ပြည်တွင်းငြိမ်းချမ်းရေးအတွက် သင်ပုန်းချေ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေ ပြဋ္ဌာန်းရေး၊ တော်လှန်ရေး အဖွဲ့များ ဥပဒေတွင်း တရားဝင် ရပ်တည်နိုင်ရေးတို့ကို ကတိပေး ကမ်းလှမ်းပြီး တွေ့ဆုံ ဆွေးနွေးဖို့ လုပ်လာတဲ့အခါ ပြည်တွင်းစစ်နဲ့ အင်အားကြီး လူရာဝင်လာတဲ့ စစ်တပ်ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ် ပြီး အာဏာသိမ်းဖို့ စတင်ကြံစည် လှုပ်ရှား လာခဲ့ပါတယ်။

၁၉၅၈ စက်တင်ဘာ မိတ္ထီလာ တပ်မှူးညီလာခံမှာ တပ်မတော်ဝါဒသဘောထား ထုတ်ပြန်ခဲ့ပြီး ဒီလထဲမှာဘဲ အိမ်စောင့် အစိုးရ နာမယ်ခံ ပထမ အကြိမ် အာဏာ သိမ်းခဲ့ပါတယ်။ ဒီလို အာဏာ သိမ်းထားတာကို အခွင့်ကောင်းယူပြီး ၁၉၅၉ တပ်မတော် အက်ဥပဒေကိုလဲ ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒီဥပဒေကြောင့် တပ်မတော်ဟာ နိုင်ငံထဲမှာ ငါ့မင်းငါ့ချင်း ဖြစ်သွားပြီး ကြည်းတပ် ဦးစီးချုပ် တယောက်တည်းရဲ့ အမိန့်ကိုသာ နာခံရတော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဆိုက်ကိုဌာနကလဲ အိမ် စောင့်အစိုးရ လက်ထက်မှာ တပ်မတော်ကသာ တိုင်းပြည် အတွက် အကျိုးပြုနိုင်တဲ့ အကြောင်း၊ တော်ကြောင်းကောင်း ကြောင်းတွေ နင်းကန် ဝါဒ ဖြန့်ပေးခဲ့ပါတယ်။

စစ်တပ်ဆိုက်ကိုဌာနဟာ ဗကပ၊ အလံနီ၊ ကေအဲန်ယူတို့ရဲ့ ဆိုးသွမ်းမှုဆိုတာတွေကို (ဥပမာ- ဖြူးတိုက်ပွဲ၊ ရထားဗုံး ခွဲမှု၊ တက္ကသိုလ် ကျောင်းသူတွေကို တရုတ်ဖြူဆီမှာ လက်နက်နဲ့လဲမှု) ပုံကြီးချဲ့ သို့မဟုတ် လုပ်ဇာတ်ဖန်တီး ထပ်တလဲ လဲဝါ ဒဖြန့်ပြီး ရခိုင်၊ တနင်္သာရီ၊ ကရင်၊ ကရင်နီ နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူသတ်မှုတွေ၊ လူ့အခွင့်အရေး ဖောက် ဖျက်မှုတွေ (ဥပမာ- လယ်ဝေး၊ တောပန်းဇင်၊ ပုလော၊ မြလဲ၊ လွိုင်လင်) ကို ဖုံးအုပ်ဖျောက်ဖျက်တာ လုပ်ပေးနိုင်လို့ ကွန် မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေကို လူဆိုး လူရိုင်းတွေ၊ အကြမ်းဖက်သမားတွေ၊ ပြည်ထောင်စု ဖြိုခွဲသူတွေ၊ စစ်တပ်ကို တော့ တကယ့်မျိုးချစ် သူတော်ကောင်း သူရဲကောင်းတွေ အဖြစ် တပ်ထဲမှာရော၊ ပြည်သူလူထုထဲမှာပါ သရုပ်ဖျက် ပုံရိပ် ဖန်တီး စွဲမှတ်စေခဲ့ပါတယ်။

၁၉၆၂ ခု စစ်အာဏာသိမ်းပွဲဟာ တိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုတဲ့ ဖက်ဒရယ်အရေး အသံလွှင့်ရုံ ဆွေးနွေးပွဲ အကြောင်း ပြခဲ့ပေမဲ့ ၁၉၆၁ ခု နိုဝင်ဘာ လောက်ကတည်းက စီစဉ်ခဲ့တာ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီဝင် ဗိုလ်မှူး ချုပ်အောင်ကြီး နဲ့ ဗိုလ်မှူးချုပ် တင်ဖေတို့က ထုတ်ပြော ခဲ့ကြပါတယ်။ အိမ်ကြီးပေါ် အိမ်ငယ်ဆောက်ရာကနေ နောက်ဆုံး တော့ အိမ်ကြီးကို လုံးလုံး ဖျက်ချ ပစ်လိုက်ပြီး ပုံမကျ ပန်းမကျ အိမ်ငယ်က မင်းမူလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ အာဏာသိမ်းတဲ့အကြောင်းတရားတွေထဲမှာ ဦးနုရဲ့ပထစအစိုးရဟာ တမျိုးသားလုံး စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းဖို့ စဉ်းစား အားထုတ်လာတဲ့ အတွက် တပ်တွင်း လက်ဝါးကြီးအုပ် အာဏာ လျော့ပါး ထိခိုက်သွားမှာ စိုးတာလဲ တကြောင်း ပါပါတယ်။ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်း စစ်အစိုးရ လက်ထက် ၁၉၆၉ တပ်မှူး ညီလာခံမှာလဲ အဲ့ဒီအချိန်တုံးက လုပ်စားနေတဲ့ “ဆိုရှယ်လစ်” မျက်နှာဖုံးနဲ့ ကိုက်ညီရအောင် တမျိုးသား လုံးစစ်မှုထမ်း ဥပဒေ ထုတ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ် အုပ်စုရဲ့ အထူး အခွင့်အရေးတွေ ထိခိုက် ဆုံးရှုံးမှာစိုးလို့ ဒီကိစ္စကို ချောင်ထိုး လိုက်ပါတော့တယ်။ ၁၉၆၉ ခုနောက်ပိုင်းမှာ တပ်မှူးညီလာခံကိုလဲ တခါမှ မခေါ်တော့ဘဲ ၁၉၈၈ ဒီဘက်ပိုင်းကျမှ လေးလပတ် အစည်းအဝေးဆိုပြီး တနှစ် သုံးခါ တပ်မှူး တွေကို အစည်းအဝေးခေါ် ကွပ်ညှပ် နေပါတယ်။

ပြည်တွင်းစစ်ကိုအမှီပြုပြီး အင်အားကြီးထွား သြဇာမြင့်မားလာတဲ့စစ်တပ်ဟာ သူ့သြဇာအာဏာကို ခွဲပေးရမယ့် ဖက်ဒ ရယ်စနစ်၊ ဒီမိုကရေစီ စနစ် နဲ့ လူတိုင်း စစ်မှုထမ်း စနစ်တို့ကို မလိုလားခဲ့တာ သဘာဝပါဘဲ။

ပထမအာဏာသိမ်းပွဲ သို့မဟုတ် အိမ်စောင့်အစိုးရလက်ထက်ကစပြီး စစ်ဗိုလ်တွေကို အထူးအရာရှိတွေ အဖြစ် အရပ်ဖက် အစိုးရ ဌာနတွေမှာသွင်း အရပ်သား ဝန်ထမ်းတွေအပေါ် လွှမ်းမိုး ဗိုလ်ကျတာတွေ စလာခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပွဲ နောက်ပိုင်းမှာ ဒီလုပ်ရပ်ဟာ ပိုဆိုးလာပြီး နေရာတကာမှာ အခွင့်ထူးခံ စစ်ဗိုလ်တွေ ကြီးစိုး ချယ်လှယ်တာ ဖြစ်လာသလို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာလဲ စစ်ဗိုလ်တွေကို ဌာနဆိုင်ရာတွေနဲ့ ထွေ/အုပ်တွေထဲ အစုလိုက် အပြုံလိုက် ထည့်သွင်း ကြိုတင် နေရာချခဲ့ပါတယ်။ တပ်ချုပ် သန်းရွှေရဲ့အစီအစဉ်အောက်မှာ ဝန်ကြီးတွေ အပါအဝင် အရပ်ဝတ်လဲ လိုက်တဲ့ စစ်ဗိုလ်တွေဟာ တပ်တွင်း ထုံးတမ်းစဉ်လာ သတ်မှတ်ချက် အရ အရပ်ဘက် ပြောင်းပြီး လေးလအထိ ယူနီဖောင်း ဆက်ဝတ်ခွင့်တောင် မရတော့ဘဲ အရပ်ဝတ် တမျိုးဘဲ မဝတ်မနေရ ဝတ်ရပါတယ်။

အရည်အချင်းညံ့ဖျင်းပြီး သက်ဆိုင်ရာပညာရပ် ကျွမ်းကျင်မှုမရှိတဲ့ စစ်ဗိုလ်တွေရဲ့ နှစ်ပေါင်း ၅၀ လွှမ်းမိုး ချယ်လှယ်မှု အောက်မှာ တိုင်းပြည်ဟာ ဖွတ်တက် သွားခဲ့ပါတော့တယ်။ စစ်အလွှာအတွက် အခွင့်ထူးခံ ပညာရေး ကျန်းမာရေးစနစ် တွေလဲ ပေါ်ထွန်းလာပြီး သာမန် ပြည်သူတွေအတွက် ပညာရေး ကျန်းမာရေးတွေ ခြွတ်ခြုံကျ ပျက်စီး သွားခဲ့ပါတယ်။

စစ်တပ်ဟာ နယ်ဖက်အုပ်ချုပ်ရေးထဲ အတင်းဝင်နေရာယူ လက်ဝါးကြီးအုပ်သလို စီးပွားရေးနယ်ပယ်မှာလဲ MBA ဘွဲ့ရ တယောက်မှ မပါတဲ့ ဦးပိုင်နဲ့ MEC တို့ဟာ ဈေးကွက် အခြေမခံဘဲ အာဏာကို အခြေခံပြီး တမိုးလုံးဖျောက်ဆိပ် လက်ဝါးကြီး အုပ်ထားပါတယ်။ ဗိုလ်ချုပ် မိသားစုတွေ ရှယ်ယာပါတဲ့ လက်ဝေခံ မသူတော်ဂိုဏ်းဝင် စီးပွားရေး သမားကြီးတွေကလဲ သာမန်ပြည်သူတွေ ဘယ်လိုမှ မတိုးနိုင်အောင် နိုင်ငံ ဓန ဥစ္စာတွေကို ထိန်းချုပ် ချယ်လှယ်နေပါတယ်။

၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်အောင်မြင့်တို့က တပ်မတော်မှာ အစဉ်အလာ မရှိဖူးတဲ့ စည်းကော် (စည်းရုံးရေးကော်မတီ) ကိုထူထောင်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ အားလုံးရဲ့ နေ့စဉ် ဘဝတွေကို အကြွင်းမဲ့ ချုပ်ကိုင် လိုက်ပါတယ်။ (မဆလခေတ်တုံးက တပ်မတော် ပါတီ စည်းရုံးရေး ကော်မတီတွေ ကတော့ ပါတီလိုင်းကိုပဲ သွတ်သွင်း ခဲ့ပါတယ်။) အတိုက်အခံတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အချုပ်အခြာ အာဏာ ဆုံးရှုံးအောင် လုပ်နေသူတွေ၊ ပြည်ထောင်စု ပြိုကွဲအောင် လုပ်နေသူတွေ၊ မျိုးချစ်စိတ် မရှိသူတွေ၊ တိုင်းပြည် မတည်မငြိမ် ဖြစ်အောင်လုပ် နေသူတွေအဖြစ် တပ်ကို သတင်းအမှား ပေးတဲ့နည်း misinformation/disinformation နဲ့ ရန်သူ အဝိုင်းခံ စိတ်နေစိတ်ထား သက်ရောက် စိုးရိမ် ချောက်ခြားနေအောင် တောက်လျှောက် ကောက်ကောက် ကျစ်ကျစ် လုပ်ထားခဲ့ပါတယ်။

၁၉၅၀ ခုနှစ်များအလယ်ပိုင်းလောက်ကစပြီး စစ်တပ်ကို ပုံစံသွင်းခဲ့တဲ့အတွက် ဒီကနေ့ တစညဖြစ်စေ၊ ထောက်လှမ်းရေးချုပ် ဗိုလ်ခင်ညွန့်ဖြစ်စေ စစ်လက်ဝါးကြီးအုပ် ရည်ရွယ်ချက် အတွက်ဘဲ သသဏ္ဌာန် အမျိုးမျိုးနဲ့ လုံးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ ဒီမိုကရေစီ စနစ်တို့၊ နိုင်ငံတကာက စံထားတဲ့ အရပ်သား အုပ်ချုပ်ရေး စစ်စစ်တို့ကို စိတ်ကူးတာ မဟုတ်ပါ။ ဒါပေ မဲ့ အိမ်ကြီးပေါ် အိမ်ငယ်ဆောက်တဲ့ အတွေးအခေါ်ကနေ ကျဉ်းမြောင်းတဲ့ ဂိုဏ်းဂဏဝါဒ၊ အစွန်းရောက် မဟာဝါဒတွေ မလွဲ မသွေ ပေါက်ဖွားစေတဲ့ အတွက် လက်ရှိ ဗိုလ်ချုပ်တွေထက် စစ်ရေးစစ်ရာမှာ အပုံကြီးသာတဲ့ ဗိုလ်ထွန်းရီ၊ ဗိုလ်သန်းတင်၊ ဗိုလ်တင့်ဆွေတို့ ဦးစီးတဲ့ တစည ကိုတောင် နေရာမပေးနိုင်အောင် သန်းရွှေ-သိန်းစိန်စစ်အုပ်စု က မစ္ဆရိယစိတ်များလှပါ တယ်။

ရေရှည်စနစ်တကျပုံစံသွင်းဖျက်ဆီးခံခဲ့ရတဲ့ စစ်တပ်ဟာ အရေအတွက် အရည်အသွေး အရည် အချင်းတွေ ကျဆင်းလာ တာ မဖုံးနိုင် မဖိနိုင် ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ ၂၀၁၁ ခု အောက်တိုဘာ ၂၅ ရက် ဗန်းမော် ခရိုင်တွင်းက တိုက်ပွဲမှာ လက်အောက် ငယ်သားတွေ အသက်ဆုံးမှာကို ငဲ့ကွက်ပြီး အမိန့်မရဘဲ စစ်မြေပြင်က ဆုတ်ခွာခဲ့တဲ့ အတွက် စကခ-၂၁ လက်အောက်ခံ ခလရ ၄၇ တပ်ရင်းမှူး ဗိုလ်မှူး ညီညီအောင် (တေဇ အပတ်စဉ် ၂၅) ထောင်ဒဏ် ၂၅ နှစ်၊ ဗိုလ်ကြီးဖြိုးဝေ အောင် ထောင်ဒဏ် နှစ် ၂၀၊ အခြားအဆင့် ၁၂ ဦး ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေး ခံခဲ့ရပါတယ်။ တပ်မ ၈၈ ရဲ့ ခမရ ၃၁၇ ကအရာရှိတွေလဲ ဒီဇင်ဘာ ၁၀ ရက်နေ့ ခိုင်ဘန် တိုက်ပွဲမှာ အကြီးအကျယ် စစ်ရှုံးခြင်း ပြစ်မှုနဲ့ စစ်ခုံရုံးတင် ခံရပါတယ်။

အောက်တိုဘာ-နိုဝင်ဘာထဲမှာ မပခ လက်အောက်ခံ ခလရ ၂၁၊ ခလရ ၃၇၊ ခလရ ၅၈၊ ခလရ ၂၆၀၊ ခမရ ၄၃၇ နဲ့ တ ခြားတပ်ရင်း ၂ ရင်းက တပ်ရင်းမှူးတွေလဲ ထုတ်ခံရ သို့မဟုတ် ရာထူးချခံရပါတယ်။ စကခ-၂၁ လက်အောက်ခံ ခမရ ၄၃၈ တပ်ရင်းမှူး နဲ့ ဒကစ(တနိုင်း) လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းမှူး တို့ကတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။

စစ်ရပ်စဲဖို့ပြောတဲ့ သမတအမိန့်ကို တပ်ကမနာခံတာမဟုတ်ဘဲ ယူနီဖောင်းချွတ်တွေက ဘယ်လိုပြော၊ ယူနီဖောင်း ဝတ်တွေက ဘယ်လိုလုပ် ဆိုပြီး တပ်ချုပ်ကြီး သန်းရွှေ ဇာတ်ညွှန်းဆွဲ စီစဉ်ညွှန်ကြား ဇာတ်တိုက်ခဲ့ပေမဲ့ မထင်တာတွေက ဖြစ် လာလို့ ကြံ့ဖွတ် စစ်ခေါင်းဆောင်တွေ ရှက်ရမ်းရမ်း ရှုံးမဲ မဲနေတာလဲ တွေ့ရသလို ပေါက်ကွဲလုဆဲ အောက်ခြေတပ်တွေ ကြောင့် တနပ်စား ငြိမ်းချမ်းရေးတွေ ဒရောသောပါး လိုက်လုပ်နေတာလဲ တွေ့ရပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ခွဲမရတဲ့ တပ်မတော်ပြင်ဆင်ပြောင်းလဲရေးအတွက် တလက်ကိုင်စနစ် ဖျက်သိမ်းရေး၊ တပ် မတော်သား အခွင့်အရေး အပြည့်အဝပေးရေး နဲ့ တပ်မတော်သား သမဂ္ဂ ဖွဲ့စည်းရေး၊ ပုဒ်မ ၆၅ နဲ့တကွ တပ်မတော် အက် ဥပဒေထဲက မူမမှန်တဲ့ အပိုင်းတွေကို ဒီမိုကရေစီ နည်းကျကျ ပြန်လည် သုံးသပ်ပြင်ဆင်ရေး သို့မဟုတ် တပ်မတော် အက် ဥပဒေ နည်းဥပဒေတွေ အသစ်ပြန်ဆွဲရေး၊ ဦးပိုင် နဲ့ မသူတော် စီးပွားရေး ဖျက်သိမ်းရေး၊ အစိုးရ ဌာနတွေထဲက မိုးကျရွှေ ကိုယ်များ ဖယ်ရှားရေး၊ ရေးချုပ် ထောက်ချုပ် ထုတ်ချုပ် ကျင့်ချုပ် စရခချုပ် စစ်ဆေးရေးချုပ်တွေကို ကြည်းတပ် လက်ဝါး ကြီးအုပ်မှု တပ်ချုပ် လက်ဝါးကြီး အုပ်မှု ပယ်ဖျက်ရေး၊ ကကဝယ်ကို ပညာရှင်တွေနဲ့ သက်ဆိုင်ရာ လက်ရုံး တွေဦးစီးရေး၊ ဦးစီးချုပ်တွေကို ပြည်သူ့ ကိုယ်စားလှယ်တွေက ထိန်းချုပ်ရေး စတာတွေလုပ်ဖို့ အရေးတကြီး လိုလာပါပြီ။ ဘယ်သူလုပ် လုပ် မလုပ်လုပ် သောက်သောက်လဲ အသေခံနေရ၊ စက်နဲ့ လှည့်ထုတ်သလို ဒုက္ခိတဖြစ်နေရ၊ မိသားစုတွေ နောက်တန်း မှာ စားရမဲ့ သောက်ရမဲ့ ဘဝ ဖြစ်နေရတဲ့ အောက်ခြေ တပ်မှူး တပ်သားတွေကတော့ စစ်မှန်တဲ့ တပ်မတော် အကျိုးစီးပွား၊ နိုင်ငံ့ အကျိုးစီးပွားကို မဖြစ်ဖြစ်အောင်လုပ်ဖို့ တာစူနေပါပြီ။

ကလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မ ၅၅ ရဲဘော်တွေ ယူနီဖောင်းဝတ်ပြီး ပြောင်ထွက်ကြိုခဲ့တာ အကင်းပဲ ရှိပါ သေးတယ်။

ဂါမဏိ

0 comments:

အပေါ်သို့