..............................

Wednesday, March 7, 2012

အမေရိကန် အမျိုးသမီး သူရသတ္တိဆု မြန်မာ နိုင်/ကျဉ်းဟောင်း ရရှိ

အင်္ဂါနေ့၊ မတ်လ ၀၆ ရက် ၂၀၁၂

မဇ္ဈိမသတင်းဌာန ။ ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ထံမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး သူရ သတ္တိဆု (International Women of Courage Award) ကို ၈၈မျိုးဆက် ကျောင်းသူ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် က ကြာသပတေး နေ့တွင် လက်ခံရရှိမည် ဖြစ်သည်။ အထူး ဧည့်သည်အဖြစ် အမေရိကန် သမ္မတ အိုဘားမား၏ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမားလည်း တက်ရောက်မည် ဖြစ်သည်။

ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ၁၁နှစ် ကျခံခဲ့ရသည့် မဇင်မာအောင် အား ပေးအပ်သည့် အဆိုပါ ဆုမှာ အမျိုးသမီး အခွင့်အရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့် ရရှိရေး အတွက် ထူးခြားသည့် သတ္တိဖြင့် စွန့်စွန့်စားစား ဆောင်ရွက်ကာ ဦးဆောင်နိုင်သည့် ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအား နှစ်စဉ် အသိအမှတ်ပြု ပေးအပ်နေခြင်း ဖြစ်သည်။

မဇင်မာအောင်သည် နိုင်ငံရေး အကျဉ်းသူဟောင်းများနှင့် အတူ အလုပ်လုပ်ကိုင်လျက် ရှိနေပြီး လူ့အခွင့်အရေး လှုပ်ရှား သူများအား ရန်ကုန်တွင် ပညာ ပေးလျက်ရှိသည်။ သူမသည် ဒီမိုကရေစီ မြှင့်တင်ရေးနှင့် ပတ်သတ်၍ ပါဝင် လုပ်ဆောင်လျက် ရှိနေပြီး ဒီမိုကရေစီသည် အာရှယဉ်ကျေးမှုနှင့် ကိုက်ညီကြောင်း ပြသလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ကြေညာချက် ထဲတွင် ဖော်ပြထားသည်။

အသက် ၃၆ နှစ် အရွယ် ၈၈ မျိုးဆက် ကျောင်းသူ မဇင်မာအောင်သည် အမျိုးသမီး အခွင့်အရေးအဖွဲ့ တဖွဲ့ကို ပူးတွဲ တည်ထောင်သူ ဖြစ်ပြီး တိုင်းရင်းသား ရေးရာများတွင်လည်း ပါဝင် ဆောင်ရွက်နေသူ ဖြစ်သည်။

ဖေဖေါ်ဝါရီလက ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး William Hague ရန်ကုန်မြို့သို့ လာရောက် လည်ပတ် ခဲ့စဉ်က တွေ့ဆုံ ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများထဲတွင် မဇင်မာအောင်လည်း ပါဝင်ခဲ့သည်။

၂ဝဝ၇ ခုနှစ်မှ စတင်ခဲ့သည့် ထိုဆုကို ယခုအချိန်အထိ နိုင်ငံ ၃၄ ခုမှ အမျိုးသမီး ၄၆ ဦးတို့အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

ဆုရရှိသူများသည် အမေရိကန် နိုင်ငံ မြို့ကြီး ၁ဝ မြို့သို့ သွားရောက်လည်ပတ်ကြမည် ဖြစ်ပြီး နိုင်ငံတကာ ခေါင်းဆောင်မှု အစီအစဉ်တွင် ပါဝင်မည် ဖြစ်ကာ အမေရိကန်မှ တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့