..............................

Wednesday, March 7, 2012

မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့ လက်နက်ချလိုက်

ကွန်းချမ်း
အင်္ဂါနေ့၊ မတ်လ ၀၆ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားခဲ့သည့် မွန်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တဖွဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက ရေးမြို့အခြေစိုက် အစိုးရတပ် စကခ (၁၉) ၌ လက်နက်ချခဲ့သည်။

ကျောင်းသား တပ်မတော် (ABSDF) တပ်ဖွဲ့ဝင်အချို့ထံမှ ၁၉၉၇ ခန့်က လက်နက်သိမ်းကာ စတင် ဖွဲ့စည်းခဲ့ပြီး မွန်အမျိုးသား စောင့်ရှောက်ရေးတပ် Mon National Watch Army အမည်ဖြင့် လှုပ်ရှားခဲ့သည့် ထိုအဖွဲ့သည် မွန်ပြည်သစ် ပါတီနှင့် ပြည်ထောင်စု အဆင့် အစိုးရ ကိုယ်စားလှယ်များ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး အတွက် ပဏာမ လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်း လက်နက်ချခဲ့ခြင်း ဖြစ်သည်။

လက်နက်ချစဉ်က ထိုတပ်ဖွဲ့ကို ဦးဆောင်သူ နိုင်ဗင် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးနှင့် လက်နက် ၈ လက်သာ ပါဝင်ခဲ့ သည်။ လက်မှတ်ချပွဲ ပြုလုပ်နိုင်ရန် သတ်မှတ်ချက် ဖြစ်သည့် လူအင်အား ၃၀ နှင့် လက်နက် ၁၉ လက် ပြည့်ရန် အတွက် လိုက်လံ စုဆောင်းနေဆဲ ဖြစ်ကြောင်း ထိုတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“သူတို့ အဖွဲ့မှာ လူတွေ ကွဲနေကြပြီ။ ထိုင်းနိုင်ငံနဲ့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ သူတို့ လူဟောင်းတွေ ကိုလည်း လက်နက်ချဖို့ လိုက်ခေါ်နေတယ်” ဟု သူက ပြောသည်။

လက်နက်ချသူများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စကခ (၁၉) တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းက ဂုဏ်ပြု ညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး၊ လက်ရှိတွင် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့ရှိ ခလရ ၃၁ တပ်ရင်းဝင်းတွင် ယာယီနေရာ ချထားကြောင်း အမည် မဖော်လိုသည့် မွန်ပြည်သစ် ဗဟိုကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

၎င်း၏ အဆိုအရ ဒေသခံ အစိုးရတပ်ရင်းက အထက်ပါ လက်နက်ကိုင်အဖွဲ့ကို အသုံးချပြီး မွန်ပြည်သစ်ပါတီနှင့် ပဋိပက္ခ ဖန်တီးရန် အတွက် စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။

အစိုးရ ကိုယ်စားလှယ်နှင့် အပစ်အခတ် ရပ်စဲရန် သဘောတူစဉ်က ခေါဇာမြို့နယ်ခွဲ မကျည်းရွာတွင် ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး အတွက် တပ်တည်နေရာ ထားရှိရန် မွန်ပြည်သစ်ပါတီက တောင်းဆိုထားပြီး၊ အထက်ပါ လက်နက်ချ အဖွဲ့ကလည်း လက်နက် ချရာတွင် ရေးမြို့နယ် တောင်ပိုင်း၌ လှုပ်ရှားခွင့်ရရန် တောင်းဆိုထားသည်။

“မွန်ပြည်သစ် အပစ်ရပ်ပြီးရင် မင်းတို့တပ်ဖွဲ့ကို ရှင်းဖို့ ရှိတယ်။ မင်းတို့ လက်နက်ချရင် မင်းတို့ အတွက် အဆင်ပြေအောင် ဖန်တီး ပေးမယ်လို့ ခလရ ၃၁ ကတဆင့် လူလွှတ်ပြီး စည်းရုံးခိုင်းတယ်” ဟု မွန်ပြည်သစ် ဗဟိုကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

လက်နက်ချသူများကို ခေါဇာမြို့နယ်ခွဲ ရွှေဟင်္သာရွာသစ်တွင် နေရာချထားမည် ဖြစ်ပြီး၊ လက်နက်ချသူတဦးကို တိုက်အိမ် တလုံးစီနှင့် မြေလွတ် မြေရိုင်း ၁၀ ဧကစီ ပေးဆောင်မည်ဟု ဒေသခံတပ်ရင်းက စည်းရုံးထားသည်။

၎င်းတို့အတွက် ခေါဇာမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုတခုလျှင် တိုက်အိမ် ၅ လုံးစီ ဆောက်လုပ်ပေးရန်နှင့် ဆန် ၁၀ အိတ်၊ ဆီတပုံးကို ၃ လတိုင် လစဉ် ထောက်ပံ့ပေးရန် မတ်လ ၂ ရက်နေ့တွင် ခေါဇာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ကျေးရွာ အုပ်ချုပ်ရေး မှူးများကို ခေါ်ယူပြီး ညွှန်ကြား ထားခဲ့သည်။ ခေါဇာမြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၆ ခုမှ ကျေးရွာ ၂၀ ခန့် ရှိသည်။

မွန်ပြည်သစ်ပါတီနှင့် ယခင် နဝတ စစ်အစိုးရတို့ ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲသည်ကို မလိုလားသည့် ထိုလက်နက်ကိုင် အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းတွင် စတင် လှုပ်ရှားခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး နိုင်ပန်းညွန့် ဦးဆောင်သည့် ဟံသာဝတီ ပြန်လည် ထူထောင်ရေး ပါတီနှင့် ဝင်ရောက် ပူးပေါင်းခဲ့သည်။

၂ဝဝ၂ ခုနှစ်တွင် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီက လက်ရှိ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စကို ဖမ်းဆီး ခဲ့ခြင်းကြောင့် ပြည်ပရောက် မွန် အဖွဲ့အစည်းများက ကြေညာချက် ထုတ်ကာ အသီးသီး ကန့်ကွက်ပြီး၊ နောက်ပိုင်းတွင် မွန်ပြည်သူတို့၏ ထောက်ခံမှု အားနည်းခဲ့သည်။

၎င်းတပ်ဖွဲ့ လှုပ်ရှားစဉ်ကာလ တလျှောက်တွင် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံ များမှာ အစိုးရတပ်များနှင့် ၎င်းတို့ တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့