..............................

Monday, March 5, 2012

အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ

လူထုစိန်ဝင်း


ကျောင်းဆရာလုပ်တုန်းက တပည့်ဖြစ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အခုအချိန် ပြန်တွေ့ကြတဲ့ အခါမှာ သူတို့အားလုံး လိုလိုဟာ ကျောင်းသား မိဘတွေ ဖြစ်နေကြပြီ။ အိမ်နားက သံရုံးမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာ သင်တန်းကို ကလေးတွေ လိုက်ပို့ရင်း ၀င်ဝင်လာတတ်ကြတယ်။

သူတို့လို မဖြစ်စေချင်လို့

တပည့်ဟောင်းတွေနဲ့ စကားပြောရင်း သိလိုက်ရတာတစ်ခုက သူတို့အားလုံးလောက် နီးပါးဟာ သားသမီးတွေကို အစိုးရ ကျောင်းတွေမှာ မထားကြတော့ဘူး ဆိုတာပဲ။ နိုင်ငံခြားသားတွေ လာသင်တယ် ဆိုတဲ့ ရန်ကုန်က နိုင်ငံတကာကျောင်းတွေမှာ ထားသူက ထားကြပြီး စင်ကာပူက ကျောင်းတွေ သွားထားသူက ထားကြတယ်။ ဘယ်မိဘမဆို သားသမီးကို အကောင်းဆုံး ပညာပေးချင် ကြတာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အတူတူပါပဲ။ တပည့်တွေက သူတို့လိုဘွဲ့ရပြီး ဘာမှမသိ၊ ဘာမှ မတတ်တဲ့သူတွေ မဖြစ်စေချင်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး သားသမီးတွေကို ပညာပေးနေရတာ ဖြစ်ကြောင်း ပြောကြတယ်။

ကျုရှင်ကျမှသင်တယ်

ကလေးတွေ အကြောင်းကစပြီး ပညာရေးအကြောင်းပြောကြတော့ အစိုးရ ကျောင်းတွေ ကတော့ တော်တော် ဆိုးနေပြီ။ ဆရာဆရာမတွေက ကျောင်းမှာ ကောင်းကောင်း မသင်ဘဲ၊ ကျူရှင်ကျမှ သေသေချာချာ သင်ကြတယ်။ ကျူရှင် မယူတဲ့ ကလေးတွေဆို မျက်နှာကောင်း မရဘူး။ အဲဒီ ကျူရှင်လခနဲ့ ၀ိုင်းကျူရှင် လခနဲ့ ဂိုက်အတွက် ပေးရတာနဲ့ အားလုံးပေါင်းလိုက်ရင် အပြင်ကျောင်း ကုန်ကျစရိတ်နဲ့ သိပ်မကွာလှတော့ဘူးလို့ ဆိုကြတယ်။ အစိုးရကျောင်းမတက်တော့ တက္ကသိုလ်တက်ရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ဒီက တက္ကသိုလ်တွေ ဘာလုပ်မှာလဲ၊ နိုင်ငံခြား တက္ကသိုလ်တွေ တက်ကြမှာပေါ့တဲ့။ ခြုံစရာရှိလို့ ချမ်းကြတာမို့ ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ဆရာ၊ ဆရာမတွေရဲ့ ကျူရှင်ကြောင့် အစိုးရ ကျောင်းတွေ ပျက်တာဆိုတဲ့ စကားကိုတော့ တယ်ပြီး ဘ၀င် မကျချင်ဘူး။

မ တစ်ရာသားတွေ

မှန်ပါတယ်။ ဒီခေတ်မှာ မူကြိုအရွယ်ကနေ ဘွဲ့ရပြီးတဲ့အရွယ်ထိ ကျူရှင်နဲ့ဘယ်သူမှ မကင်းနိုင်ကြဘူး။ ဘွဲ့ရပြီး တော့လည်း အလုပ်ခွင် ၀င်ခွင့် ကျူရှင်ဆိုတာ တက်ကြ ရသေးတယ်။ ကျူရှင်တွေကို ဆရာ၊ ဆရာမတွေက တမင် မွေးထုတ်လိုက်တာ မဟုတ်တာတော့ သေချာတယ်။ ကျောင်းမှာ တစ်နေ့လုံး " မ တစ်ရာသား " တွေကို တဟဲ့ဟဲ့နဲ့ ထိန်းကျောင်းခဲ့ရပြီး၊ အနားယူရမယ့် အချိန်ကလေးမှာလည်း ဆက်ပြီး ထိန်းရင်း ကျောင်းရင်း စာသင်ပေးရတာ မျိုးကို ဘယ်ဆရာ၊ ဆရာမမှ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ တပည့် လေးတွေကို တတ်စေချင်၊ အောင်စေချင်တဲ့ စေတနာ ကြီးမား လွန်းလို့သာ သင်ကြရ ရှာတာပါ။

ငါ့ဝမ်းပူဆာမနေသာ

ကျူရှင်မယူရင် ဆူပူကြိမ်းမောင်းတယ်ဆိုတာကလည်း " စုန်းပြူး " တစ်ယောက်တစ်လေ ဖြစ်မှာပါ။ ရတဲ့ လခလေး မဖြစ်စလောက်မို့ " ငါ့ဝမ်းပူဆာမနေသာ " တာကြောင့် ကျူရှင်ပေးရလည်း အရင်းခံကတော့ စေတနာပါ။ ဘွဲ့ရပြီး ဘာမှမတတ် ဘာမှမသိဖြစ်ရတဲ့ ကိစ္စကို ကျူရှင်အပေါ်ပုံချ၊ ဆရာဆရာမတွေကို အပြစ်ဖို့လုပ်ရုံနဲ့ ပြသနာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြသနာရဲ့ အရင်း အမြစ်ကို မှန်မှန်ကန်ကန် ရှာဖွေနိုင်မှ အဖြေရမှာ ဖြစ်တယ်။ အရင်းအမြစ်ကို ရှာတဲ့ အခါမှာလည်း အစည်းအဝေး ခန်းမကြီးတွေ ထဲမှာတင် ရှာဖွေ နေလို့ကတော့ ပကတိအဖြစ်မှန်၊ အခြေအနေမှန်ကို ဘယ်နည်းနဲ့မှ မရနိုင်မသိနိုင်ဘူး။

နောက်တော်ပါတွေနဲ့

အောက်ခြေဆင်းတယ်ဆိုပြီး နောက်တော်ပါ တစ်ပြုံကြီးနဲ့ သွားကြည့်ရင်လည်း ပကတိ အခြေအနေ မှန်ကို မသိနိုင်ဘူး။ သနပ်ခါးလိမ်း၊ ပန်းပန်ပြထားတာတွေပဲ တွေ့ရလိမ့်မယ်။ တကယ့်အဖြစ်မှန်၊ အခြေအနေ မှန်ကို သိချင်ရင် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံ မေးမြန်းမှပဲ ဖြစ်လိမ့်မယ်။ ကျောင်းထဲမှာ အစည်းအဝေး ခေါ်ပြီး ပြောပါဆိုရုံနဲ့တော့ ဘယ်သူမှပြောမှာ မဟုတ်တာ သေချာတယ်။ အတိုင် ခံရသူတွေက ဘာမှမဖြစ်ဘဲ၊ တိုင်ကြားသူသာ အရေးယူခံရတဲ့ အဖြစ်မျိုးတွေ ကြုံဖူးပေါင်း များပြီဆိုတော့ လူတွေက ရှေ့ထွက်ပြီး လူစွမ်းကောင်း မလုပ်ချင်ကြတော့ဘူး။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိ ဆိုတာကလည်း သိသိသာသာဖြစ်လာတာ မတွေ့မမြင်ရသေးဘူး။

အဆင့်မြင့်ပါတယ်

ဆရာ၊ဆရာမတွေရဲ့ ကျူရှင်ကြောင့် မဟုတ်ဘူးဆိုတော့ ၊ ပြဋ္ဌာန်းတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်တွေ ကြောင့်လား ဆိုပြီး သူငယ်တန်းကနေ ဆယ်တန်းအထိ စာအုပ်တွေ လှန်လှော ကြည့်တော့ တော်တော်တောင် အံ့အား သင့်သွားတယ်။ စာအုပ်တွေမှာပါတဲ့ သင်ခန်းစာတွေဟာ အတော်ကို အဆင့်အတန်း မြင့်ကြပါတယ်။ မူလတန်း စာအုပ်ထဲက စာတွေဟာ မူလတန်း အရွယ် ကလေးတွေနဲ့တောင် မလိုက်အောင် အဆင့်မြင့်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာသင်တဲ့ သင်္ချာ၊ ဓာတု၊ ရူပ သင်ခန်းစာ တချို့ ဆိုရင် ကျွန်တော်တို့ခေတ် အိုင်အက်စ်စီ (စီနီယာ) တန်းရောက်မှ သင်ရတာတွေ ဖြစ်တာတွေ့ရတယ်။ တကသိုလ် အတန်း အသီးသီးက စာတွေလည်း အဆင့်မနိမ့်ပါဘူး။

လေ့လာဆန်းစစ်ဖို့လို

ဆရာတွေနဲ့ ကျူရှင်ကြောင့်လည်း မဟုတ်၊ သင်ရိုးညွှန်းတမ်းကြောင့်လည်း မဟုတ် ဆိုရင်တော့ ဘာကြောင့် ဒီနေ့ လက်ရှိ အခြေအနေမျိုး ဖြစ်နေရတာလဲ။ သေသေချာချာ စနစ်တကျလေ့လာ ဆန်းစစ်ကြဖို့ လိုပါတယ်။ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကြီးတွေ အားလုံး ပါဝင် တက်ရောက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ၀ပ်ရှော့တွေ အများကြီး လုပ်ကြဖို့ တိုက်တွန်း လိုတယ်။ ဘေးက ပညာရေး စိတ်ဝင်စားသူ တစ်ယောက်ရဲ့ အမြင်ကို ပြောရရင်တော့ ဟိုနားနည်းနည်း ပြင်လိုက်၊ ဒီနားနည်းနည်း ဖာထေးလိုက် လုပ်ရုံနဲ့ လုံလောက်လိမ့်မယ် မထင်ဘူး။ အလုံးစုံ တစ်ခုလုံးကို ပြင်ပစ်မှာပဲ ရတော့မယ်လို့ ထင်မိတယ်။

အားလုံးကောင်းပါသည်ခင်ဗျား

နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝ ဖျောက်ပစ်ဖို့ လိုသလို၊ လူကြီး လာမယ်ဆိုမှ အကျည်းတန်တွေ အားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံး ကောင်းပါသည်ခင်ဗျား လုပ်ကြတဲ့ ၀န်ထမ်း လက်စွဲ အစဉ်အလာ အားလုံး ကိုလည်း ဖျောက်ပစ်ဖို့ လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ် ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ထစ်ခနဲဆို ပါတီကခေါ်ခိုင်း၊ အရေးအကြောင်းဆို ကောင်စီက ခေါ်ခိုင်း၊ ဘာမှ ခိုင်းစရာမရှိရင် ကောင်စီမှာ ကင်းစောင့် ခိုင်းတယ်။ တယ်လီဖုန်း စောင့်ခိုင်း ဆိုတဲ့ ခေါက်ရိုးကျိုး စိတ်ဓာတ်တွေလည်း လုံးဝ ပျောက်ကွယ်သွားဖို့ လိုတယ်။

အားနာနာနဲ့ဖြေရတာ

မြန်မာ့ဆိုရှယ်လစ် တစ်ခေတ်လုံး ဆရာ၊ဆရာမတွေမှာ ကျောင်းအလုပ်နဲ့ မဆိုင်တာတွေနဲ့ချည်း အချိန်ကုန် နေရတဲ့ အတွက် ကျောင်းမှာ စာကောင်းကောင်း မသင်နိုင်ခဲ့ကြဘူး။ ပြီးတော့ အတန်း တစ်တန်းမှာ လူ ၆၀၊ ၇၀ ပြွတ်သိပ် ညပ်နေတာတွေလည်း ပြုပြင်ဖို့လိုတယ်။ ဗလာစာအုပ်ဝယ်ရ ရောင်းရ၊ ကျောင်းဝတ်စုံ ၀ယ်ရ ရောင်းရ၊ စာသင်ခုံတွေ ရှာရဖွေရ ၊ မြေဖြူခဲတွေရှာရ ဆိုတဲ့ ဒုကပေါင်းစုံကလည်း ကင်းလွတ်အောင် လုပ်ပေးဖို့ လိုတယ်။ ဒါဆိုရင် ရပြီလား၊ ကောင်းသွားမှာလားမေးရင် ဒီလောက်နဲ့လည်း မရသေးဘူးလို့ အားနာနာနဲ့ ဖြေရတာကို ခွင့်လွှတ်ပါ။

တွန်းအားပေးကြဖို့

စနစ်တစ်ခုက တစ်ခုကို ပြောင်းမယ်ဆိုရင် တစ်နေရာတည်း တစ်ခုတည်းကွက်ပြီး ပြောင်းလို့ မရနိုင်ဘူး။ တစ်စုံလုံး ပြောင်းပစ်မှဖြစ်မှာ။ ပျက်တာကလည်း ပညာရေး တစ်ခုတည်း မဟုတ်ဘူး။ အားလုံးပြုပြင်ဖို့ လိုနေတာ ချည်းပဲ။ ဒါကြောင့် အားလုံး တစ်စုံလုံး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ပညာရေး ကဏ္ဍတို့၊ ကျန်းမာရေး ကဏ္ဍ တို့ချည်း ကွက်ပြီးလုပ်ဖို့မဖြစ်နိုင်ဘူး။ အားလုံးပြင်နိုင်အောင် ၀ိုင်းပြီး တွန်းအားပေးကြဖို့ အထူးလိုအပ်ကြောင်း တင်ပြ လိုက်ရပါတယ်။


0 comments:

အပေါ်သို့