..............................

Wednesday, February 22, 2012

အဂတိလိုက်စားမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ရေး အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်တင်သွင်း

Wednesday, 22 February 2012

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ပေါ်ပေါက် လာရေးအတွက် အဂတိ လိုက်စားမှုများကို ထိရောက်စွာ အရေး ယူနိုင်ရန် လွတ်လပ်ပြီး အများပြည်သူ ယုံကြည် လက်ခံနိုင်သော အမျိုးသား အဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံ တော်အစိုးရအား လွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အဆို တင်သွင်းခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ကျွန်တော် ဒီအဆိုကို ဘာကြောင့် တင်သွင်းရတယ် ဆိုတဲ့ အချက်ကို မတင်ပြခင် ဦးစွာ တင်ပြချင်တဲ့ အချက်က ဒီအဆိုဟာ ကျွန်တော်တို့နိုင်ငံ အနာဂတ် ရှေ့ရေးအတွက် အရေးကြီးတဲ့ လုပ်ကို လုပ်ရမယ့် အချက် တစ်ချက်လို့ ရိုးသားစွာ ယုံကြည်တဲ့ အတွက် ဒီအဆိုကို လွှတ်တော်သို့ တင်ပြရခြင်း ဖြစ်ပါတယ်''ဟု ဦးစွာ ပြောကြားခဲ့သည်။

''ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုကို တားဆီးဖို့ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီး ဥပဒေ အပါအ၀င် ပြစ်မှုဆိုင်ရာ ဥပဒေမှာလည်း အခန်း(၉)မှာ ပတ်သတ်ပြီးတော့ ပြစ်ဒဏ်များ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီအခန်း (၉)မှာပါတဲ့ ပုဒ်မ(၁၆၁) (၁၆၂)၊ (၁၆၅)စတဲ့ စကားလုံးပါ လာဘ်ပေး လာဘ်ယူအပြင် တံစိုး ဆိုတဲ့စကားကို ထည့်သွင်းထားပါတယ်။ သို့သော် အားလုံး သိတဲ့အတိုင်း အခြေအမြစ်က စတင်ပြီး ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တဲ့အတွက် ဒီဥပဒေတွေရဲ့ အာနိသင် မထိရောက် ခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း တင်ပြရရင် သာမန် ၀မ်းမ၀လို့ သီလမစောင့်နိုင်တဲ့လူတွေ၊ သီလ မစောင့် နိုင်တာထက်ကို ၀မ်းဝပြီး ပြည့်စုံနေတဲ့ အင်မတန်မှ ထားစရာမရှိဘဲ ရှေ့ရောက်နေတဲ့ သူတွေ ကိုယ်တိုင်က မိမိတာဝန်ကို အာဏာ အလွဲသုံးစားပြီး ပြောင်ပြောင်တင်းတင်း လုပ်လာကြတဲ့ အခါမှာ ကျွန်တော်တို့ လမ်းစဉ်ပါတီ ခေတ်ကပင် တာဝန်ကြီးတဲ့ ခေါင်းဆောင်ကြီးတွေက ဆိုရှယ်လစ် စနစ်နဲ့ပဲ သွားသွား၊ ဘာစနစ်နဲ့ပဲ သွားသွား သူလည်း နိုင်ငံတကာ ရောက်ခဲ့တဲ့ အခါမှာ လာဘ်ပေး လာဘ်ယူ ရှိနေရင်တော့ တို့နိုင်ငံ သွားရမယ့် မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အောင်မြင်မှာ မဟုတ်ဘူးလို့ ယူဆပြီး ပြောယုံတင် မကဘဲ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါက တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေ၊ ပြည်သူ့ လွှတ်တော် ဥပဒေအမှတ် ၁၉၈၆ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ၃(၈၆)မှာ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ပစ္စည်း ဆိုသည်မှာ ဥပဒေက ခွင့်မပြုသော စီးပွားရေး လုပ်ငန်းမှ ရတဲ့ငွေ၊ ဥပဒေနဲ့ ဆန့်ကျင်ပြီး ရရှိသောငွေ၊ ဥပဒေနှင့်အညီ အခွန်များ ပေးဆောင်ခြင်း မပြုဘဲ ထိန်ချန်ထားသော အခွန်လို့ ပါပါတယ်။ အခုအားလုံးသိတဲ့ အတိုင်းပဲ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွန်တွေမရတဲ့ အတွက် နိုင်ငံတော်မှာ အင်မတန် နစ်နာ ဆုံးရှုံးနေပါတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ အခွန်များကို ပေးဆောင်ခြင်း မပြုဘဲ ထိန်ချန် ထားတာတွေက အခုတည်ဆဲ ဥပဒေဖြစ်တဲ့ တရားမ၀င် နည်းလမ်းဖြင့် ရရှိတဲ့ ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူတဲ့ ဥပဒေနဲ့လည်း အကျုံးဝင်နေပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်း ထားတဲ့ ဥပဒေ မှာလည်း ဤဥပဒေနှင့် သက်ဆိုင်သည့် ပြစ်မှု ကျုးလွန်ရာမှာရသော ငွေကြေး၊ ပစ္စည်းကို ပြောင်းလဲတာ၊ လွှဲပြောင်းတာ၊ ဖုံးကွယ်တာ၊ ဖျောက်ဖျက်တာ၊ အသွင်ပြောင်းလဲ တာတွေက တရားမ၀င် နည်းလမ်းနဲ့ ရရှိတဲ့ ငွေကြေး ဥပဒေနဲ့ တူပါတယ်။ ဒီဥပဒေနဲ့ ၁၉၄၈ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ တို့နဲ့ ခြားနားချက်ကတော့ လာဘ်ပေး လာဘ်ယူ ကိစ္စတွေမှာ ပေးသူရော၊ ယူသူရော ပြစ်မှုနယ်ပယ် ကျရောက် ပါတယ်။ အခုကျွန်တော်တို့ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိတဲ့ ငွေကြေးနဲ့ ပစ္စည်း ထိန်းချုပ်ရေး ဥပဒေမှာတော့ ပုဒ်မ ၈(ည)အရ တရားမ၀င် နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းများနှင့် စပ်လျဉ်းပြီး သတင်းပေးသူအား လို အပ်သော အကာအကွယ် ပေးခြင်းနှင့် ထိုက်သင့်သည့်သူများ ချီးမြှင့်ခြင်း အထိ ပြဋ္ဌာန်း ပေးထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေ မလုံလောက်တာ မဟုတ်ပါဘူး။ ပြစ်မှုအရ အရေးယူရမယ့် ဥပဒေ၊ ထိန်းချုပ်ဖို့ ဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်ပါပြီ။

သို့သော် နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းပြောပြီး နောက်ပိုင်းအထိ ကျွန်တော်တို့ နိုင်ငံမှာ လာဘ်ပေး၊ လာဘ်ယူမှုနဲ့ ပတ်သက်တဲ့သတင်းတွေ ကြားသိ နေရပါတယ်။ ဒီဖြစ်ရပ်ကို ဘယ်လို ထိန်းချုပ် မယ်ဆိုတဲ့ အချက်ကိုပဲ အဓိကထားပြီး တင်ပြပါမယ်။ အခုဖွဲ့စည်းပုံမှာ နိုင်ငံသားတွေကို တူညီတဲ့ အခွင့်အရေးရဖို့ နိုင်ငံသား အခွင့်အရေးပုဒ်မ ၃၄၉ မှာ ပြဋ္ဌာန်း ထားပါတယ်။ ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်တဲ့ အခါမှာ၊ အလုပ်လုပ်တဲ့ အခါမှာ၊ စီးပွားရေး လုပ်ငန်း လုပ်တဲ့ အခါမှာ၊ ကုန်သွယ်တဲ့ အခါမှာ တူညီတဲ့ အခွင့် အလမ်းတွေ ရရှိရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ သို့သော် ၀မ်းနည်းစွာ တင်ပြရရင် နိုင်ငံသားတွေက အခြေခံ ဥပဒေက ပေးထားတဲ့ အခွင့်အရေး ကို ငြင်းပယ် ခံနေရပါတယ်။ အား လုံးသိတဲ့ အတိုင်းပဲ ယနေ့ အချိန်ထိ ငွေများ တရားနိုင်၊ ပုဒ်မလေး ပေးမှ လုပ်၊ ရေများများ လောင်းနိုင်ဖို့ လိုတယ် ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်သူလူထု နယ်ပယ်မှာ ဖြစ်ပေါ်နေတာကိုက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး ကာလမှာ ပြင်ရမယ် ဆိုတာ အချက်ပြ သတိပေး နေတာပါပဲ။ ဒီနေ့ နိုင်ငံတကာရဲ့ ဖွင့်ဆိုချက်မှာ ၂၀၁၀ စီပီအိုင်ကနေ ၁၇၆ နိုင်ငံရဲ့ အဂတိ လိုက်စားမှုကို ဖော်ပြတဲ့အခါမှာ ကျွန်တော်တို့ကို ဆိုးဆိုးရွားရွား အဆင့်မှာ သတ်မှတ် ထားပါတယ်။ အဲဒီတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့ အချိန်၊ လာရောက်ဖို့ လမ်းဖွင့် ပေးထားတဲ့ အချိန်မှာ ဒီအစီရင်ခံစာတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို အထိတ်တလန့် ဖြစ်စေပါတယ်။ သူတို့ လာရောက်မယ့် နိုင်ငံရဲ့ အစီရင်ခံစာတွေကို ကြည့်ပြီး လက်တွန့် နေကြပါတယ်။ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာဖို့ ဆိုရင် လာဘ်ပေးလာဘ်ယူ မှုကို တားရပါမယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဆိုတဲ့ကိစ္စမှာ အခု ကျွန်တော်တင်ပြ ခဲ့တဲ့အဆိုက လာဘ်ပေးလာဘ်ယူ မှုကို တိုက်ဖျက်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ အမျိုးသားကော်မရှင် ဖွဲ့စည်းရေးဆိုတာ အဓိက ကွင်းဆက်ကြီး ဖြစ်နေပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

''တချို့နိုင်ငံတွေမှာတော့ သမ္မတရုံးရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ကော်မရှင်တွေနဲ့ အရေးယူ ဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီမှာတော့ သက်ဆိုင်ရာက လွတ်လပ်ပြီး အများ ယုံကြည် လက်ခံနိုင်တဲ့ အမျိုးသား အဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့ တင်ပြ အပ်ပါတယ်''ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။ ဦးသိန်းညွန့်၏ အဆိုကို လွှတ်တော်မှ လက်ခံ ဆွေးနွေးရန်သင့်၊ မသင့် အဆုံးအဖြတ် ရယူရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက သဘော တူသဖြင့် လက်ခံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
Ref: EMG News

0 comments:

အပေါ်သို့