..............................

Tuesday, February 21, 2012

သုံးဖန်လှတောင်သမန်ရဟတ် ဘယ်သူတွေရပ်ပစ်သလဲ

လူထုစိန်ဝင်း
Sunday, 19 February 2012

နိုင်ငံခြားသား ဧည့်သည်တစ်ယောက် သူ့ကိုယ်သူ မိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာ တစ်ယောက်ပါ။ အင်္ဂလိပ် စာရေးဆရာကြီး ဂျော့အော်ဝဲလ် အကြောင်း စာတစ်အုပ် ရေးဖို့ ရောက်လာတာလို့ သိရတယ်။

မြန်မာလူမျိုးများရဲ့ အပြုံး

အတော်ကြာအောင်နေပြီး သူသိချင်တာတွေမေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ် ရောက်ခဲ့တဲ့ ကသာဘက်ထိ သွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာ တော့ သူပြန်လာပြီး နက်ဖြန် ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိ ရောက်အောင် သင်္ဘော စီးသွားခဲ့ရတဲ့ ခရီးစဉ်ကို တော်တော် ကျေနပ်နေပုံ ရတယ်။ ပတ်ဝန်းကျင်က သိပ်လှတာပဲလို့ ထပ်ခါတလဲလဲ ပြောရင်း တွေ့သမျှ မြန်မာ လူမျိုးတိုင်းက ပြုံးနေကြတာကိုလည်း သိပ် သဘောကျတယ်။ မယုံနိုင်လောက်အောင် အံ့သြရတယ် လို့လည်း ပြောပြတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ် ဖြစ်နေတာ တစ်ခုလည်း တွေ့ခဲ့ရတဲ့ အကြောင်း ပြန်ခါနီးမှာ ဖွင့်ဟသွားတယ်။

ဖုန်တလုံးလုံးနဲ့ လှည်းတစ်စီး

ဘာကိုမကျေနပ်တာလဲလို့ မေးလိုက်တော့ သူ့ကျောပိုးအိတ်ကြီး ထဲက ခရီးသွား လမ်းညွှန် စာအုပ်ကို ထုတ်ပြီး ဓာတ်ပုံတစ်ပုံကို ပြတယ်။ ဦးပိန် တံတားကြီးရဲ့အောက်က ဖုန်တလုံးလုံးကြားမှာ လှည်းတစ်စီး မောင်းသွားတဲ့ပုံ ဖြစ်နေတယ်။ မဲနယ်လို ပြာနေတဲ့ အပြာရောင် ကောင်းကင်ကြီး အောက်မှာ တလိပ်လိပ် တက်နေတဲ့ ဖုန်လုံးကြီးတွေနဲ့ အသော့နှင်နေတဲ့ နွားလှည်းလေးဟာ ဓာတ်ပုံထဲမှာတော့ လှချင်တိုင်း လှနေတယ်။ ၀ါဂွမ်းလို ဖွေးနေတဲ့ အဖြူရောင် တိမ်လိပ်တွေနဲ့ မြေပြင်က တက်သွား တဲ့ဖုန်လုံးကြီးတွေ ထိစပ် နေပုံကိုကြည့်ပြီး 'မိုးထိအောင် လှေခါးထောင်'ဆိုတဲ့ စကားစလေးကို သတိ ရလိုက်မိတယ်။

လိမ်ညာပြီးကြော်ငြာသလို

ဓာတ်ပုံထဲကရှုခင်းကိုကြည့်ချင်လို့ ဓာတ်ပုံနဲ့ဗီဒီယိုတွေ အများကြီး ရိုက်ယူသွားချင်လို့သွားခဲ့တာ ရေတွေ ပြည့်နေတဲ့ တောင်သမန် ကန်ကြီးကိုပဲ တွေ့ခဲ့ရလို့ သွားရကျိုး မနပ်တဲ့အကြောင်း ဗြစ်တောက် ဗြစ်တောက်နဲ့ သူပြောလို့ မပြီးနိုင် ဖြစ်နေ ပါတော့တယ်။ ဒါဟာ လိမ်ညာပြီး ကြော်ငြာသလို ဖြစ်မနေဘူးလားလို့လည်း မေးခွန်း ထုတ်လိုက်သေးတယ်။ သူပြတဲ့ 'လမ်းညွှန်' စာအုပ်ထဲက ဓာတ်ပုံဟာ နှစ်အတော် ကြာကြာက ရိုက်ယူ ထားတဲ့ပုံဖြစ်တဲ့ အကြောင်း အခုအခါ တောင်သမန်အင်းဟာ တစ်နှစ်ပတ်လုံးရေ တွေရှိနေတဲ့ ကန်ကြီးအဖြစ် ပြောင်းလဲ ပစ်လိုက်တာဖြစ်ကြောင်း သူ့ကို ရှင်းပြလိုက်တယ်။

ကယ်ကြပါဦးတဲ့

သူနဲ့ တောင်သမန်အကြောင်းပြောပြီးနောက်တစ်နေ့မှာ ကလျာမဂ္ဂဇင်းက ဆရာမဒေါ်ကလျာက စာလေး တစ်စောင် ရေးပို့ လိုက်လို့ ဖတ်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် တောင်သမန် အကြောင်းပဲဖြစ်နေတာ တွေ့လိုက်ရတယ်။ ဆရာမက စာထဲမှာ မတ်လထုတ် ကလျာကဆရာမရဲ့ 'ကယ်ကြပါဦး' ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးထားတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပြီး တောင်သမန်ကို ၀ိုင်းပြီး ကယ်ကြပါဦးလို့ တပ်ကူ တောင်းထားပါတယ်။ ဆရာမဆီက စာရောက်မလာခင် ကတည်းက ဆောင်းပါးကို ဖတ်ပြီးပါပြီ။ ဖတ်ပြီး တော်တော် စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ တောင်သမန်ဆိုတာ ကိုယ်သံယောဇဉ် ရှိတဲ့နေရာမို့ မဟုတ်ပါဘူး။ နေရာတကာ စီးပွားရေး အဓိက လုပ်နေကြတဲ့ လူသားများရဲ့ မိုက်မဲစွာ လောဘဇော တိုက်မှုတွေကြောင့် တိုင်းပြည်ရဲ့ ရေမြေတောတောင် သဘာဝတွေ မြစ်ချောင်းအင်းအိုင်တွေ ပျက်စီးချင်တိုင်း ပျက်စီးတာတွေကို တွေးမိလို့ပါ။

ဝါးဘလောက်သောက်မြစ်သေဆုံးခြင်း

အမျိုးသားတွေ အမွေအနှစ်ဖြစ်တဲ့ အင်းလေးကန်ကြီး တစ်နှစ်ထက် တစ်နှစ်ပိုပြီး 'ကော' လာနေတဲ့ အတွက် အင်းလေးကန် ကယ်တင်ရေးကို အပူတပြင်း လုပ်ဆောင် နေကြရတဲ့ သတင်းတွေလည်း ကြားနေရတယ်။ နိုင်ငံတကာ ကတောင် ၀ိုင်းပြီး ကူညီနေရတဲ့ အခြေအနေဖြစ်နေပြီ။ ဒုဋ္ဌ၀တီ၊ ဇော်ဂျီ၊ ပန်းလောင်ဆိုတဲ့ သီချင်း စာသားလေးထဲက ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်တို့ ဆိုရင် ဒီခေတ်မန္တလေးက လူငယ်တွေ ဘယ်နေရာမှာ ရှိမှန်းတောင် မသိကြတော့ဘူး။ စမုန်မြစ်၊ စမာမြစ်တို့ဆို ကြားတောင် မကြားဖူး ကြတော့ဘူး။ အောက်ပြည် အောက်ရွာမှာလည်း အတူတူပါပဲ။ မနှစ်လောက်က ဆဲဗင်းဒေး ဂျာနယ်မှာ စာရေးဆရာ မောင်သာချို ရေးခဲ့တဲ့ '၀ါးဘလောက်သောက်မြစ် သေဆုံးခြင်း' ဆိုတဲ့ သတင်း ဆောင်းပါးလေးကို ရင်နာစွာနဲ့ ကောင်းကောင်း မှတ်မိနေတယ်။

မဆိုင်သလိုနေခဲ့ကြ

မောင်သာချိုတို့ငယ်စဉ်က မြို့ကိုလာတဲ့အခါ ၀ါးဘလောက်သောက်မြစ်ကို လှေနဲ့ ဖြတ်ကူးရတယ်။ အခုတော့ လှည်းနဲ့ ဖြတ်ကူး နေရပြီလို့ ရေးထားတယ်။ နောက်သိပ်မကြာဘူး ဂျာနယ်တွေထဲမှာ ပန်းလှိုင်မြစ်လည်း ကောနေပြီ။ နွေအခါဆို လှည်းနဲ့ဖြတ် မောင်းလို့ ရနေပြီလို့ ဓာတ်ပုံနဲ့တကွ ဖော်ပြ ထားတာတွေ့ရပြန်တယ်။ မနေ့က ဂျာနယ်ထဲမှာလည်း သောင်တွေကြောင့် စစ်ကိုင်းနဲ့ ရွှေကြက်ယက် ဘက်မှာ သင်္ဘောတွေ သတိထား ခုတ်မောင်း နေရတယ်လို့ ဖတ်လိုက်မိသေးတယ်။ လွန်ခဲ့တဲ့ ဆယ့် လေး၊ ငါးနှစ်၊ အနှစ်နှစ် ဆယ်လောက် ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက သတိပေး နှိုးဆော်မှုတွေ အမျိုးမျိုး လုပ်နေကြပေမယ့် လူတွေက ကိုယ့်ဆီမှာ သိသိသာသာ မထိခိုက်သေးတော့ ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ပဲ သဘောထား ခဲ့ကြတယ်။

အများကြီးနောက်ကျသွား

သတိထားရကောင်းမှန်းသိတဲ့ အချိန်ရောက်တော့ အများကြီး နောက်ကျသွားပြီ။ ၀ါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင် တော့ဘူး။ အင်းလေး ကန်ကြီးလည်း ကယ်လို့ ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေ ပြီဆိုတော့ အင်းလေး အတွက် ရင်လေး နေမိတယ်။ စီးပွားရေး နယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြ ဖြစ်ထွန်းမှုတွေကြောင့် မြို့နေ လူတန်းစားတွေအတွက် လေရှုဖို့တောင် အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံ အနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ ကုန်းရုန်းပြီး အလုပ် လုပ်ကြရလေတော့ တစ်ခါတစ်ခါ စိတ်ရောကိုယ်ပါ အနားယူအပန်းဖြေဖို့ မလုပ်မဖြစ် လုပ်ဖို့ လိုအပ်တယ်။

တောပန်းတောင်ပန်းတွေခူးရတာ

ရှေးက မန္တလေးမှာဆိုရင် အပန်းဖြေစရာနေရာတွေ အများကြီးရှိတယ်။ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ သခင်မ တောင်တို့ ဘက်သွားရင်လည်း တောင်တန်းတွေ တောအုပ်တွေနဲ့ တောပန်းတောင်ပန်းတွေ လိုက်ခူးရတာ ကိုက ပျော်စရာ။ ဆည်တော်ကြီးတို့၊ ဆည်တော်လေးတို့ဘက် ပျော်ပွဲစားထွက်ရင်း ရေချိုးရတာလည်း နွေအခါဆို သိပ်အရသာရှိတယ်။ ရွှေစာရံဘက် ဆိုရင်တော့ ပြောမနေနဲ့ တောကြီးမျက်မည်းထဲ သွားရသလို သရက်ပင်အုပ်တွေက နေပျောက်မထိုးဘူး။ သားကောင်တွေ တွေ့တတ်လို့ လူအုပ်တောင့်မှ သွားရဲတယ်။ နားဋောင်းကျချောင်းရေကလည်း တောင်ပေါ်က စီးဆင်းလာတာဆိုတော့ အေးစိမ့်နေတာ။

အေးလည်းအေး သန့်လည်းသန့်

တောင်သမန်ကတော့ သွားရေးလာရေး အလွယ်ကူဆုံးမို့ လူသူအရောက်အပေါက် အများဆုံးဖြစ်တယ်။ ဥပုသ်နေ့တွေဆို မိသားစု ပျော်ပွဲစား ထွက်သူတွေနဲ့ နွေမိုးဆောင်း ပြတ်တယ် မရှိဘူး။ တောင်သမန်က သုံးရာသီလုံး ပျော်စရာကောင်းတယ်။ နွေ မှာလည်း နွေမို့ ပျော်စရာ ကောင်းတယ်။ ကိုင်းခင်း၊ ယာခင်းတွေထဲဆင်းပြီး ပြောင်းဖူးချိုးကြ၊ ကြံချိုးကြ၊ သခွားသီး ဆွတ်ကြနဲ့ နေရာတိုင်း လူတွေ တရုန်းရုန်းပဲ။ ခုခေတ်လိုစားသောက်ဆိုင်တွေ မရှိတော့ ကိုင်းထဲ ယာထဲကပဲ ရှာဖွေ စားသောက်ကြရတယ်။ ပူတယ်လေ ဆယ်နေကဲလို့ ဆိုရတဲ့ အညာနွေဖြစ်ပေမယ့် မယ်ဇယ်ပင်တွေကြား ဖြတ်တိုက်လာတဲ့ လေကတော့ အေးလည်းအေးတယ်။ သန့်လည်း သန့်တယ်။ အမောပြေသွားစေတယ်။

ကောက်ညှင်းပေါင်းနဲ့ ဘယာကြော်

မိုးကျတော့ရေအပြည့်နဲ့ အင်းပြင်ကြီးကို ဖြတ်တိုက်လာတဲ့လေဆိုတော့ ရင်ထဲအထိကို အေးမြသွားရတယ်။ အင်းထဲမှာ လှေစီးပြီး မြူးကြတယ်။ ငါးဖမ်း ရောင်းသူတွေဆီက ငါးဝယ်ပြီး လတ်လတ်ဆတ်ဆတ် ကင်စားရတဲ့ အရသာကလည်း ဘာနဲ့မှမလဲနိုင် အောင်ကောင်းတာ။ ဆောင်းရောက် တော့လည်း ကန်ရေပြင်ထက်က မြူနှင်းပြယ်စ မြင်ကွင်းက ကြည့်မ၀အောင်ကို လှတာဖြစ်တယ်။ နေထွက်ပြူစ တံတားပေါ်လမ်းလျှောက်ရင်း ရောင်းဖို့ထွက်လာတဲ့ ကောက်ညှင်းပေါင်း သည်ဆီက အငွေ့ တထောင်းထောင်း ကောက်ညှင်းပေါင်းနဲ့ အကြော်သည်ဆီက ဘယာကြော် တို့ကလည်း မမေ့နိုင်စရာ ဖြစ်တယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်သား ဆရာဒေါက်တာသန်းထွန်းတို့၊ ဆရာမဒေါ်ကလျာတို့ဆို ရင် တောင်သမန်ကို ချစ်ကြလွန်းလို့ ညအိပ်ညနေ ရက်ပေါင်းများစွာနေပြီးကို စာတွေရေးကြတယ်။

သုံးဖန်လှမဟုတ်တော့

အခုတော့ တောင်သမန်လည်း နဂိုရည်ပျက်ယွင်းခဲ့ပြီ။ ကဗျာဆရာ မောင်မြတ်မှိုင်း ရေးခဲ့သလို 'သုံးဖန်လှ' မဟုတ်တော့ဘူး။ လူသားများရဲ့ အသိဉာဏ် ကင်းမဲ့မှုကြောင့် အရုပ်ဆိုး အကျည်းတန် သွားပြီ။ ဆရာမဒေါ်ကလျာ မချိတင်ကဲ ရေးထားတာကို ဖတ်ကြည့်စေချင်တယ်။ 'ယခုအချိန်မှာဖြင့် တောင်သမန်သည် သစ္စာမဲ့ခဲ့ပြီ။ တောင်သမန် ရေတိုးခြင်း၊ ဧရာဝတီဆီအထိ ရေဆင်းခြင်းစသော လည်ပတ်မှုများ လုံးဝ မရှိတော့ပါ။ ငါးမွေးမြူရေး လုပ်ရန်အတွက် ရေ၀င်ရေထွက်ခြင်း များကို လုံးဝ ပိတ်ဆို့ ကာရန် ထားလိုက်ကြခြင်းကြောင့် ရေသေကန်ကြီး ဖြစ်သွားခဲ့ရပါပြီ။ ရေမစီး နိုင်တော့ခြင်းကြောင့် ရှိသမျှ အမှိုက်များ အားလုံး ဤရေထဲမှာ ၀င်နေခြင်းကြောင့် ရေညစ်ညမ်းမှုကြီးက ဆိုးသွမ်း လွန်းလှပါဘိ။'

ခြင်တွေဝိုင်းဝိုင်းလည်

'ရေသေဖြစ်သွားသည့်အတွက် ဘယ်တုန်းကမှ ခြင်ထောင်ထောင်၍ မအိပ်ရသော တောင်သမန်အနီးမှ အဆောက်အအုံ အားလုံးတွင် ခြင်တွေက သပ်ချလို့ရအောင် ၀ိုင်းဝိုင်းလည်ပြီး လူတစ်ကိုယ်လုံးလည်း ရစရာမရှိအောင် ခြင်ကိုက်ဖုများနှင့် နပမ်းလုံး ခဲ့ရပါသည်' ဆရာမ ဒေါ်ကလျာရေးသလို ရေသေ ဖြစ်သွားတော့ ရေသိုးနံ့ ညှီစို့စို့ကြီးက အော်ဂလီဆန်စရာ ကောင်းလှပါတယ်။ ဆရာမ ဒေါ်ကလျာက နောက်ဆုံးမှာ တစ်နိုင်ငံလုံးက ပြည်သူတွေ ဧရာဝတီကို ၀ိုင်းပြီး ကယ်တင်ခဲ့ကြသလို တောင်သမန် ကိုလည်း ကယ်ကြပါဦးလို့ ရင်ကွဲနာနဲ့ သံကုန်ဟစ်ထားရှာပါတယ်။

သေသူကို ရှင်သူတရ
တောင်သမန်သားတို့ရင်ထဲက
သုံးဖန်လှရဟတ်
ဘယ်သူတွေရပ်ပစ်နိုင်မတုန်း။


ကဗျာဆရာမောင်မြတ်မှိုင်းတစ်ယောက် သူမြတ်နိုးလှတဲ့ သုံးဖန်လှ တောင်သမန်ကို အခုအချိန်မှာ မြင်တွေ့ မသွားရတဲ့ အတွက် ကံကောင်း သွားတယ်လို့တောင် ဆိုရမလိုပဲ။ ဒါမျိုးတွေကြောင့်ပဲ သေသူကို ရှင်သူက တရတယ် ဆိုတဲ့စကား ဖြစ်ပေါ်လာရတာ ထင်ပါရဲ့။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ ကြောင်ဖြူကြောင်မည်း စီးပွားရေး သမားတွေက လောဘဇော တိုက်ပြီး တောင်သမန်ရဲ့ သုံးဖန်လှရဟတ်ကို ဇွတ်အတင်းကြီး ရပ်ပစ် လိုက်ကြပြီလေ။

Ref: EMG News

0 comments:

အပေါ်သို့