..............................

Friday, February 24, 2012

ဥက္ကဋ္ဌ တာဝန်ယူရေး မြန်မာပြင်ဆင်မှု အာဆီယံ အကောင်းမြင်

ညီသစ်
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံ၏ ပြင်ဆင်မှုကို အာဆီယံ အဖွဲ့ အနေဖြင့် အကောင်းဘက်မှ ရှုမြင်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ Surin Pitsuwan က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

သို့သော် စိန်ခေါ်မှုများ ရှိနေသေးသလို ကြိုးပမ်းလုပ်ဆောင်ရန်များလည်း ကျန်ရှိနေသေးကြောင်း Surin Pitsuwan က သတင်းထောက် များအား ရန်ကုန်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCC) တွင် ပြောဆိုသွားသည်။

“အခုအချိန်ဟာ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ထိပ်သီးညီလာခံ ကျင်းပရေးအတွက် ပြင်ဆင်ဖို့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရှိနေတဲ့ ကာလ ဖြစ်ပါတယ်။ အဲဒါကို လုပ်နိုင်စွမ်း ရှိတယ်လို့ မြန်မာ အစိုးရက ယုံကြည်နေပေမယ့် လုပ်စရာတွေတော့ ရှိနေ ပါသေးတယ်” ဟု ဒေါက်တာ Surin Pitsuwan က ပြောခဲ့သည်။

မြန်မာခေါင်းဆောင်များ၏ လက်ရှိ ပြင်ဆင်နေမှုကို ကျေနပ်မိကြောင်းလည်း ဒေါက်တာ Surin က ပြောခဲ့သည်။

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို လာအိုနိုင်ငံအစား မြန်မာနိုင်ငံအား ပေးအပ်ရန် အာဆီယံ ခေါင်းဆောင် များက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလက အတည်ပြု ပေးခဲ့ကြသည်။

ဒေါက်တာ Surin Pitsuwan သည် လေးရက်ကြာ ခရီးစဉ်အတွင်း မြန်မာ အစိုးရ အကြီးတန်း အရာရှိများ နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးရုံး အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် အဓိကကျသည့် ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေး အတွက် အကူအညီ ပေးနိုင်ရေးအတွက် သင်တန်း များ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးရန် နည်းလမ်းများ ရှာဖွေ သွားမည်ဟု ဆိုသည်။

“၂ဝ၁၄ မှာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ရာထူး ရယူခြင်းဟာ အာဆီယံ သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင် တခုလို ဖြစ်လာ ပါလိမ့်မယ်။ မြန်မာ အစိုးရအနေနဲ့ အခွင့်အလမ်းတွေကို တကယ် အစစ်အမှန် နားလည် သဘောပေါက်ပြီးတော့ ဝန်ကြီးဌာန တိုင်းဟာ အများကြီး အလုပ် လုပ်ရဦးမယ် ဆိုတာကို သိတယ်လို့ ကျနော် ထင်ပါတယ်” ဟု ဒေါက်တာ Surin က ဆိုသည်။

ထို့ပြင် အာဆီယံ၏ မိတ်ဆွေများဖြစ်သည့် အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန် နှင့် သြစတြေးလျ နိုင်ငံများကလည်း မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူး ရယူရာတွင် အကူအညီပေးလိုကြသည် ဟု ဆိုသည်။

ကျွမ်းကျင်သူများက မြန်မာနိုင်ငံအနေဖြင့် အခြေခံ အဆောက်အအုံများ၊ ထောက်ပံ့ပို့ဆောင်ရေးအတွက် စီမံမှုနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် များစွာ အကောင် အထည်ဖော် လုပ်ဆောင် ရဦးမည်ဟု ထောက်ပြကြသည်။

“ကမ္ဘာအနှံ့က သတင်းထောက် ၂၀၀၀ ကျော်ဟာ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်လေ့ ရှိပါတယ်။ သူတို့အတွက် မြန်မာနိုင်ငံမှာ နေရာထိုင်ခင်း၊ အခန်း အလုံအလောက် ရှိရဲ့လားဆိုတာ မေးစရာ ရှိလာပါပြီ။ မြန်မာ နိုင်ငံမှာ သတင်း နည်းပညာ ဆက်သွယ်ရေး စနစ် ချို့တဲ့နေတာကို ပြဖို့ အဆင်သင့် ဖြစ်နေပြီလား ဆိုတာကလည်း မေးခွန်း ထုတ်စရာပါ။ အများကြီး လုပ်ဖို့ လိုပါသေးတယ်” ဟု ပြည်တွင်း သတင်းထောက် တဦးက ဆိုခဲ့သည်။

ဒေါက်တာ Surin Pitsuwan သည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နာရီ အနည်းငယ်ကြာ တွေ့ဆုံခဲ့ပြီး အာဆီယံ လိုဂိုပါသည့် တီရှပ် အင်္ကျီကို လက်ဆောင် ပေးအပ်ခဲ့သည်။

အာဆီယံ အတွင်းရေးမှူးရုံး၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံအား မြန်မာ နိုင်ငံနှင့် ကမ္ဘာအကြား ပေါင်းကူး ကူညီပေးရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ပြုပြင်ပြောင်းလဲရေး အားထုတ်မှု၏ အရှိန်၊ အတိမ်အနက်နှင့် ဦးတည်ချက်များကို သတိထား နေသော်လည်း မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့အတွင်း တိုးတက်မှု အရှိဆုံးနှင့် အကြွယ်ဝဆုံး အဖွဲ့ဝင်နိုင်ငံ အလွယ် တကူနှင့် ဖြစ်လာ နိုင်မှာ သေချာသည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“မလေးရှားနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌ ရာထူး မလွှဲအပ်ခင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ မြန်မာနိုင်ငံဟာ တာဝန် ရှိတဲ့ နိုင်ငံ ဖြစ်လာမှာပါ။ ပုခုံးပေါ်မှာ တာဝန်ယူရမယ့် ကိစ္စတွေ အများအပြား ရှိလာမှာ ဖြစ်ပါတယ်” လို့လည်း ဒေါက်တာ Surin က ၂၀၁၅ ခုနှစ် အာဆီယံ အနေအထားကို သွယ်ဝိုက်ကာ ရည်ညွှန်းပြောဆိုခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးရုံး ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့