..............................

Tuesday, February 21, 2012

ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဒီမိုကောင်းကင်
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၁၂

၂၀၁၂ ဧပြီလတွင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ အနောက် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။ ထို အခမ်းအနားတွင် အခမ်းအနား အစီအစဉ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ရှင်းလင်း တင်ပြခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင်၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းတို့က လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ထို သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးလုပ်ငန်းစဉ်များကို အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းက အမိန့်ထုတ်ပြန်ကာ အနှောက်အယှက် ပြုနေကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဘော်လုံးကွင်း များကို အသုံးမပြုရန် အမိန့် ထုတ်ပြန်ခဲ့ကြောင်း၊ ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့များတွင် သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာလည်း ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ) ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စော်ကားမော်ကား စကားလုံးများ သုံးနှုန်းပြီး လူယဉ်ကျေးတို့ ပြုလေ့ပြုထ မရှိတဲ့ ဟောပြောမှုကို ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပျက်နေခြင်းဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ထိခိုက်စေကြောင်း ပြောဆိုခဲ့ပါတယ်။

ကြပ်ပြေးနေပြည်တော် မြို့နယ်တခုက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ တနာရီတွင် ကျင်းပတဲ့ ကြပ်ပြေးနေပြည်တော် မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်များနဲ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲတွင် အနိုင်မရရင်၊ မိမိနိုင်စေလိုတဲ့ ကိုယ်စားလှယ် လောင်းနဲ့ ပါတီ မနိုင်ခဲ့ရင် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိကြောင်း ပြစ်တင် ဝေဖန်တတ်တဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ တိကျ မှန်ကန်စွာ လိုက်နာ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သတင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၂၀ တွင် ဖော်ပြခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပအပြီး နှစ်နာရီကျော်မှာ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်အဆင့် တာဝန်ရှိသူအား ကချင်ပြည်နယ်အတွင်း ကန့်သတ်မှုတွေကို ပြန်လည် ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အကြောင်း ကြားခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီမိုကရက်တစ် မြန်မာ့အသံကို ပြောကြားခဲ့ပါတယ်။

Ref: Burma Today

0 comments:

အပေါ်သို့