..............................

Wednesday, September 21, 2011

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များ အပါအ၀င် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေးလိုက်ပြီ ဟု အတည်ပြု ပြောကြား

Tuesday, 20 September 2011

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှ လွဲ၍ ဘလော့ဂ်များ အပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေး လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာ ချုပ်က အတည်ပြု ပြောကြားခဲ့သည်။

“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက် တွေ၊ ဘလော့ဂ်တွေ အကုန်လုံးကို ဖွင့်ပေး လိုက်ပါပြီ။ အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက် အရေအတွက်က ၇ သောင်း ၀န်းကျင်ရှိပြီး အခု ဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်း ကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ် ဆိုက်တွေ ဖြစ်တဲ့ Porn ၀က်ဘ်ဆိုက် ၂ သောင်းကျော် ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့ မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆို နိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်း ဖြစ်သည်။

လက်ရှိတွင် ၀က်ဘ်ဆိုက်များ ကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက် မြန်နှုန်းမှာ နှေးကွေး လေးလံလျက် ရှိရာ အဆိုပါ အခက်အခဲကို ဖြေရှင်းရန် အစီအစဉ် ရှိကြောင်း သိရသည်။

“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်း တစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက် စပေးတဲ့ နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User ဆီ ရောက်တဲ့အခါ ရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လို အကြောင်းတွေကြောင့် နှေးရတာလဲ ဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ် များမှာ ပိတ်ပင်ထားခြင်း မရှိတော့ဘဲ ကြည့်ရှုခွင့် ရနေကြောင်း သိရသည်။

“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။

“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာ ကြာပါပြီ။ အင်တာနက် သုံးတဲ့အခါ အရွယ် မရောက် သေးသူတွေ၊ မရင့်ကျက် သေးသူတွေ အနေနဲ့ သတိထား သုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်က ခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှု တွေကိုလည်း တရားဝင် ခွင့်ပြု သင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်း ၀န်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကို လူတွေ သုံးဖို့အတွက် တခြား ၀န်ဆောင်မှုကို ပိတ်ပစ်တယ် ဆိုတာမျိုး ကတော့ မလုပ်သင့်ပါဘူး”ဟု ဆိပ်ကမ်းသာ လမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။

ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေရန် ပြုလုပ် ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် ပြုလုပ် ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော် ၏ အကျိုးစီးပွားကို ပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန် သင့်တော်မှု မရှိသည့် ညစ်ညမ်း ၀က်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များ အားလုံးကို ကြည့်ရှုခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Ref: EMG News

0 comments:

အပေါ်သို့