..............................

Tuesday, September 20, 2011

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ ဘန်ကီမွန်း တိုက်တွန်း

2011-09-19

မြန်မာနိုင်ငံမှာ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ပေါ်လာဖို့ အတွက် မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး တွေကို ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ဒီကနေ့ ကျင်းပမယ့် အထွေထွေ ညီလာခံကို တက်ရောက်ဖို့ ရှိနေတဲ့ မြန်မာ အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးရာမှာ မစ္စတာ ဘန်ကီမွန်းက အခုလို တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံတွင်းက ထူးခြားတဲ့ တိုးတက် ပြောင်းလဲမှုတွေကို အသိမှတ် ပြုကြောင်း ပြောဆိုခဲ့ သလို မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန် ပြန်လွှတ်ပေးဖို့လည်း ထပ်မံ တိုက်တွန်း ပြောကြား ခဲ့တယ်လို့ တနင်္ဂနွေနေ့ ညနေက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ သတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟာ နယူးယောက်မှာ ဒီကနေ့ ကျင်းပမယ့် အထွေထွေ ညီလာခံ အတွက် အခုလ ၈ ရက်နေ့ ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာ အစိုးရက ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ခဲ့တာ၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေဟာ မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး အတွက် လမ်းကြောင်းသစ် တရပ် လျှောက်လှမ်း လိုက်တာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့