..............................

Thursday, September 22, 2011

ရှမ်းတပ်နှင့် တိုက်ပွဲ အစိုးရတပ် အထိနာ

ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ တပ်များနှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တို့ အင်္ဂါနေ့က ရှမ်းပြည်နယ် လာရှိုး မြို့နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲ တခုတွင် အစိုးရ တပ်ဘက်က ကျဆုံးသူ ခြောက်ဦး ရှိကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/ SSA-N) က ပြောသည်။

ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ်းပေါင်ကျေးရွာအနီး SSA အမှတ် (၉) မြို့နယ် လုံခြုံရေးတပ် အင်အား ၁၈ ဦးနှင့် ခလရ (၁၉၁) အင်အား ၂ဝ ခန့်က ည ၁၂ နာရီမှ နံနက် တနာရီထိ တိုက်ပွဲ ဖြစ်ပွားရာ ကျဆုံးသူ ၆ ဦး နှင့်အတူ MA-1 သုံးလက်၊ MA4-79 လောင်ချာတွဲ တလက်၊ ကျည်ဆံ ၄၅၈ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ နင်းမိုင်း ၄လုံး၊ လမ်းလျှောက် စကားပြောစက် တလုံးကို သိမ်းဆည်း ရမိကြောင်း SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်မှ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး၊ SSA ဘက်က ထိခိုက်ဒဏ်ရာ ရသူ မရှိကြောင်း ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရယူနိုင်ခဲ့ပါ။

“သူတို့က ကျနော်တို့ကို တောနင်း ရှာတိုက်တာ။ ကျနော်တို့ဘက်က သတင်းရပြီး စောင့်ပြီး တိုက်လို့ ထိခိုက်တာ မရှိဘူး” ဟု သူက ပြောသည်။

တနင်္ဂနွေနေ့တွင်လည်း ကျေးသီးမြို့နယ် အခြေစိုက် ခလရ (၁၃၁) က ယာဉ်တန်း ၈ စီးနှင့် နောင်ဆွမ်း ကျေးရွာ ဘက်တွင် လှုပ်ရှား နေသည့် အစိုးရတပ်ကို ရိက္ခာပို့ရန် အတွက် ဝမ်ဖိန်းရွာနှင့် မိုင်းနမ်း ရွာသား ၃၅ ဦး၊ သံဃာတော် ၁ဝ ပါး၊ ဝမ်းဖိန်းရွာ ကျောင်းထိုင် ဘုန်းတော်ကြီး တို့ကို ကားဖြင့် ခေါ်သွားခဲ့သည်ဟု SSA က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၏ ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင် အကွာ၌ အစိုးရ တပ်ရင်း ၁ဝ ရင်းခန့် တပ်စွဲထားဆဲ ဖြစ်ပြီး SSA ဘက်မှ ပြောက်ကျား တိုက်ပွဲ ဆင်လျက်ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့