..............................

Monday, March 7, 2011

ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း

ဝေမိုး
Friday, 04 March 2011

ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့် တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ ပြဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရ ဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ခေါင်းစဉ် အောက်တွင် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် စိတ်ကြိုက် သုံးစွဲခွင့် ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။

ဧရာဝတီက လက်ခံရရှိသည့် စာမျက်နှာ ၂ မျက်နှာပါ အဆိုပါ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အထူး ရန်ပုံငွေကို ပြည်တွင်းသုံးငွေ သို့မဟုတ် နိုင်ငံခြား သုံးငွေဖြင့် အစစ်အဆေး အမေးအမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါး အတွက် တာဝန်များ ထမ်းဆောင်ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။

မတ်လကုန်တွင် ကျရောက်လေ့ရှိသော ဘဏ္ဍာရေး နှစ်ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံး စရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်း တင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူး လိုအပ်သည်များကို သုံးစွဲရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရန်ပုံငွေဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ် စုစုပေါင်းမှ ကာကွယ်ရေး အသုံးစရိတ် အဖြစ် ၂၅ ရာခိုင်နှုန်းကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ် အတွက် လျာထားချက်တွင် စစ်သုံး စရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်းသာ ရှိသည်။ ပညာရေး အသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ်အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထား သောကြောင့် အစိုးရသစ် ပေါ်ပေါက် လာသည့်တိုင် နအဖ အဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း လေ့လာ အကဲခတ် သူများက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ် များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့် အရေး ကော်မတီနှင့် အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီ တခုလျှင် အဖွဲ့ဝင် ၁၅ ဦး သတ်မှတ်ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်းကော်မတီနှင့် ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကလည်း တင်းကျပ်တယ်။ ပြည်ခိုင်ဖြိုး အမတ်တွေတောင် အကျယ်ချုပ် ကျနေသလို ခံစားရတယ်လို့ ပြောကြတယ်” ဟု မန္တလေးမှ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့