..............................

Monday, March 7, 2011

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

သန်းထိုက်ဦး
Saturday, 05 March 2011

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ် ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရ ခေါင်းဆောင်များက ညွှန်ကြား ထားကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အပေါ် ဗိုလ်ချုပ်ကြီး နေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင် ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင် အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်း အရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်း ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်လည် အကောင်အထည် ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြား ထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း ဆက်သွယ်ရေး လမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံး အောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ် ဒေသများတွင် အခြေစိုက် လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ် ထားနေတဲ့ တိုင်းရင်းသား အုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများ အလိုက် အ၀င်အထွက် လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ဆက်သွယ်နိုင်မည့် လမ်းကြောင်း များကိုလည်း ဖြတ်တောက် ပိတ်ဆို့ခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှား စစ်ကြောင်း များဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ် နယ်မြေအတွင်း လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာ အကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံ ထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်း လှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည် အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့ နေရာ ချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များ အတွင်းက စစ်ရုံးမှ တိုက်ရိုက် ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ် ပစ်ရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက် ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည်တင် ကားနှင့် ကုန်တင် ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက် ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန် ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှု အောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့