..............................

Wednesday, March 9, 2011

အန်အယ်ဒီ စိတ်ပညာသင်တန်းပေး

သဲသဲ
အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အတိုးမဲ့ ချေးငွေယူသော ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ လောင်းကစား ကင်းဝေးရန် ကြိုးပမ်းချက် တခုအနေဖြင့် ဈေးသည်များနှင့် အတိုင်ပင်ခံ ဆွေးနွေးပေးသူများ ဖြစ်လာမည့် အမျိုးသမီး ခေါင်းဆောင်များကို စိတ်ပညာ သင်တန်းပေးမှု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပြုလုပ်လျက်ရှိသည်။

ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းကာ စီးပွားရှာသော်လည်း တရားမဝင် ချဲထီ၊ ၂ လုံးထီ လောင်းကစား လုပ်မှုများ ရှိနေသည်ကို တွေ့ရှိရပြီးနောက် NLD အမျိုးသမီး ခေါင်းဆောင်များမှ တဆင့် ပညာပေး နှစ်သိမ့်နိုင်ရန် စိတ်ပညာ ဆရာဝန်များက ယခုတပတ် တနင်္လာမှစ၍ သင်တန်းပို့ချနေခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ တလလောက်ကစပြီး အသေးစား အတိုးမဲ့ ငွေချေးတဲ့ လုပ်ငန်းကို လုပ်ကိုင်တယ်။ အဲဒီမှာ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေက တဖက်ကလည်း စီးပွား ရှာပေမယ့်၊ တဖက်မှာက ၂လုံး၊ ၃ လုံးတွေ ထိုးပြီး သူတို့ရှာတာကို ပြန်ဖြုန်း ပစ်နေတာတွေ ရှိနေတော့ ဒါတွေ မဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအမျိုးသမီး တွေကို ပြန်လည် ဆင့်ပွားပေးဖို့ အတွက် အန်တီတို့ စိတ်ပညာ သင်တန်း တက်ရတာပေါ့” ဟု NLD ဗဟို အမျိုးသမီး လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ပုဇွန်တောင်မြို့နယ် ၅၁ လမ်းရှိ ဒေါက်တာတင်မျိုးဝင်း၏ ရုံးခန်းတွင် သင်တန်းဖွင့်ပြီး၊ စိတ်ပညာ ဆရာဝန် ဒေါက်တာ ခိုင်ခိုင်မာက အပျော်တမ်း လောင်းကစားနှင့် လောင်းကစား စွဲခြင်းအကြောင်း ဘာသာရပ်များ ယမန်နေ့က ပို့ချပေးခဲ့ခြင်း ဖြစ်သည်။ ၆ ရက်ကြာ သင်တန်းကို ရန်ကုန်တိုင်း မြို့နယ် ၁ဝ ခုမှ ပါတီဝင်အမျိုးသမီး ၁၁ ဦး တက်ရောက်နေသည်။

“အခုဆို အိမ်ရှင်မတွေပါ ဈေးဖိုးထဲကနေ ... ဘောလုံးပွဲတွေပါ လောင်းနေကြပြီ။ ကလေးတွေ ဆိုလည်း မုန်းဖိုး ပေးရင် မစားဘဲ ၂ လုံးထိုး၊ ပေါက်ရင် သူတို့ လိုချင်တာလေးတွေဝယ်၊ အဲဒါမျိုးတွေ ဖြစ်နေတာ။ ဒါကို မလုပ်ဖို့ အမိန့်ပေးတာ၊ တားတာမျိုး မဟုတ်ဘဲ၊ သူတို့ဆီက ပြောတာတွေကို နားထောင်ပေးမယ် အချောင်ရတဲ့ ငွေကြေးနောက်ကို မလိုက်ဖို့ Counseling လုပ်ပေးသွားမှာပါ” ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။

တလုံး၊ နှစ်လုံး၊ သုံးလုံး ဟု လူသိများသော ဘောလုံးနှင့် ထီနံပါတ် လောင်းကစားများမှာ တရား မဝင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ တဝှန်း ကျယ်ပြန့်စွာ ဖြစ်ထွန်းလျက်ရှိကာ ဒေသအာဏာပိုင် အများစုအတွက် လာဘ်ငွေရရာ လမ်းကြောင်းကြီး တခု ဖြစ်နေသည်။

NLD က အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းကို ပြီးခဲ့သည့်လမှစ၍ ပြုလုပ်ခဲ့ရာ တာမွေမြို့နယ် ရာပြည့် ဈေးရှိ ခေါင်းရွတ်ဗျတ်ထိုး ဈေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝဝဝဝ နှုန်းဖြင့် ထုတ်ချေးပြီး တရက်လျှင် ၇ဝဝ ကျပ် အရစ်ကျ ပြန်လည် ပေးဆပ်စေသည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ဖြစ်ပါက အမျိုးသား၊ အမျိုးသမီးမရွေး ငွေချေးနိုင်ပြီး အိမ်ထောင်စုစာရင်း မိတ္တူကိုသာ လက်ခံအဖြစ် ယူထားသည်။

၂ဝ၁၁ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD အမတ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ အသုဘ နှစ်ပတ်လည် ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် ဗဟန်းအမျိုးသမီး ထုနှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့ အခက်အခဲများကို သိပြီးနောက် ကူညီနိုင်ရန် NLD အမျိုးသမီးအဖွဲ့၏ အသေးစား အတိုးမဲ့ ငွေချေးလုပ်ငန်း စတင်ခဲ့ခြင်း ဖြစ်သည်။

NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး၊ အဖွဲ့တာဝန်ခံမှာ ဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင် ၅ ဦး ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့