..............................

Wednesday, March 9, 2011

ဖြတ်လေးဖြတ်ကြောင့် ဒေသခံများ တိမ်းရှောင်

သန်းထိုက်ဦး
Tuesday, 08 March 2011

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ဒေသများတွင် စစ်အစိုးရ၏ ဖြတ်လေးဖြတ် အစီအစဉ်နှင့် တပ်များ ထပ်မံ တိုးချဲ့ နေခြင်းကြောင့် ဒေသခံများ ကြောက်ရွံ့စိုးရိမ်ကာ နယ်စပ် ဒေသများသို့ ဦးတည် ထွက်ခွာ နေကြောင်း စစ်ရေး လေ့လာသူ များက ပြောသည်။

အဆိုပါ SSA မြောက်ပိုင်း ၀မ်ဟိုင်းဒေသရှိ ငွေကြေး ချမ်းသာသူ တချို့က ယင်း ဒေသများမှ တဆင့် မြို့ကြီးများသို့ ထွက်ခွာနေ ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ မိုင်းရှုးမြို့နယ် ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် စစ်အစိုးရတပ်များ အနေဖြင့် တပ် အင်အား တိုးချဲ့ထားခြင်းသည် ဖြတ်လေးဖြတ် အတွက် စတင်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

“SSA မြောက်ပိုင်း တပ်မဟာ ၁ ဘက်ကလည်း သူတို့တပ်တွေကို စစ်ရေးအရ ပေါ့ပေါ့ ပါးပါးနဲ့ လျှင်မြန် ဖြတ်လပ်စွာ လှုပ်ရှား နိုင် အောင်တော့ ပြင်ဆင်ထားတယ်”ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလ အတွင်းက SSA မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည်တင် ကားနှင့် ကုန်တင်ကား ကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက် ခြမ်းတွင် ကျောက် မဲ မြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်းများ နှင့် သံချပ်ကာကား တချို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ ချထားကြောင်း သိရသည်။

နအဖ တပ်အင်အားတိုးချဲ့ထားခြင်းနှင့် ပတ်သက်၍ ဦးစိန်ကြည်က “တစ်အချက်က နအဖ ဘက်က အရင်ပစ်တယ် အရင် တိုက်တယ်၊ နံပါတ် နှစ်က သူတို့ သတ်မှတ်ထားတဲ့ ခွင်ထဲကို နယ်ထဲကို နအဖတပ်က ကျူးကျော်ဝင်လာတယ် ဆိုရင် ဒီနှစ်ခု က တိုက်ပွဲဖြစ်ဖို့ အလားအလာ များတယ်”ဟု ပြောသည်။

တိုက်ပွဲ ကြီးကြီးမားမားတော့ ဖြစ်မည် မဟုတ်ကြောင်း၊ လျှပ်တပြက် တိုက်ပွဲမျိုးသာ ဖြစ်နိုင်ခြေ ရှိကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ရှမ်းပြည်နယ် နမ့်ဇန်မြို့နယ် အတွင်းရှိ ရွာသုံးရွာမှ အိမ်ခြေ ၂၀၀ ခန့် ကိုလည်း နမ့်ဇန်မြို့နယ်ခွဲသို့ ပြောင်းရွှေ့ နေထိုင်ရန် နယ်မြေခံ စစ်အစိုးရ တပ်က ဖိအား ပေးနေကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အပေါ် ဗိုလ်ချုပ်ကြီး နေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် ဖြတ်လေးဖြတ် အစီအစဉ်များ စတင်ကျင့်သုံးခဲ့သည်။

ဖြတ်လေးဖြတ်အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်း အမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်းတို့ ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ် လေးဖြတ် အစီအစဉ်ကို အကောင်အထည်ဖော်ရန် စစ်အစိုးရက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက် ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း ဆက်သွယ် ရေး လမ်းကြောင်း များကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများက ဆိုသည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့