..............................

Tuesday, December 20, 2011

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပါတီခေါင်းဆောင်လုပ်မည်

မျိုးသိဏ်း
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမ ခေါင်းဆောင် အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

တနင်္လာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် အန်အယ်လ်ဒီပါတီ တည်ထောင်သူ ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ခေါင်းဆောင်များအဖြစ် ရွေးချယ်ခဲ့ပြီး ယင်းတို့နှစ်ဦး မကြာမီ နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“၂၁ ဦး အစည်းအဝေးမှာ နေပြည်တော်ကိုသွားပြီး ကော်မရှင်မှာ NLD ပါတီကို မှတ်ပုံတင်ဖို့ ပထမခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင် ရွေးတယ်။ ပထမခေါင်းဆောင်က ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်။ သူတို့က မကြာခင်မှာ နေပြည်တော်ကို သွားပြီးတော့ ကော်မရှင်နဲ့ တွေ့ဆုံပြီးတော့ NLD ကို တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ သွားရောက် မှတ်ပုံတင်မည့်ရက်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် မဲဆန္ဒနယ်များနှင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ထားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ကော်မရှင်ကတောင်မှ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာ မပြောသေးတဲ့ အတွက်။ သူဘယ်နေ့ပြောမလဲ ဆိုတာ စောင့်ရမှာပေါ့။ ဒါပေမဲ့ မဲတော့ ဆွယ်ကြလို့ ပြောတယ်။ တို့မှာ ဘယ်နေရာမှာ ဘယ်သူ ဝင်ပြိုင်မယ်ဆိုတာ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးဘူး”ဟု NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မဲဆွယ်မှုလုပ်ငန်းများ မစသေးသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းမှုများ ပြုလုပ် ပြင်ဆင် ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့