..............................

Tuesday, December 20, 2011

ပြည်သူတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ...

လူထုစိန်ဝင်း
Sunday, 18 December 2011

၂၀၁၁ ခုနှစ်ဟာ နှစ်ပေါင်းနှစ် ဆယ်ကျော်ကာလအတွင်းမှာ သက်ဝင်လှုပ်ရှားမှုအရှိဆုံးနှစ် အဖြစ် သတ်မှတ် ရလိမ့်မယ်။ ၁၉၈၈ အရေးအခင်း ကတည်းက တစ်နှစ်လာ ပြောင်းနိုးနိုး၊ နောက်တစ်နှစ်လာ ကောင်းနိုးနိုးနဲ့ သောင်မတင် ရေမကျ အီလယ်လယ်ကြီး ဖြစ်နေခဲ့ရတာကို အားလုံးက စိတ်ပျက် လက်ပျက် ဖြစ်နေကြရတယ်။

စစ်အုပ်ချုပ်ရေး ဖျက်သိမ်း

၂၀၁၁ ခုနှစ်ရောက်တော့ ရုတ်တရက်ချက်ချင်း ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ၁၉၆၂ ခုနှစ် ကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်လာခဲ့တဲ့ တစ်သွေးတစ်သံ တစ်မိန့် စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် က လွှတ်တော်က ရွေးချယ် တင်မြှောက်လိုက်တဲ့ သမ္မတ ဦးသိန်းစိန်ကို အာဏာ လွှဲပေးလိုက်တယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အစိုးရရာထူး တပ်ရာထူး အားလုံးက အငြိမ်းစား ယူသွားတယ်။ သမ္မတ ဦးသိန်းစိန်ရာထူး လက်ခံရယူတဲ့ မိန့်ခွန်းမှာ သူနဲ့တကွ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက် လိုက်သူများ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ ဆန္ဒ သဘောထားကို အမြဲတမ်း လေးစား လိုက်နာပြီး ပြည်သူများ စိတ်ချမ်းသာစေရန် ဆောင်ရွက်သွားမယ်။ ပြည်သူအားလုံး လိုလားတဲ့ ဒီမိုကရေစီ စနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်သွားမယ်လို့ ထည့်သွင်း ပြောကြား သွားခဲ့တယ်။

သမိုင်းဝင်ကြေညာချက်

အဲဒီနောက်ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ ၀န်ကြီး ဦးအောင်ကြည်က တွေ့ဆုံခဲ့တယ်။ ဦးအောင်ကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးပြီး နောက်မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံခဲ့တယ်။ အဲဒီ နောက် မတူတာတွေ ဖယ်ထားပြီး တူတာတွေ အတူလက်တွဲ လုပ်ဆောင် သွားမယ်ဆိုတဲ့ သမိုင်းဝင် ပူးတွဲကြေညာချက် ထွက်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောင်းလဲမှု လမ်းစကို မြင်တွေ့နေရပြီ၊ သမ္မတ ဦးသိန်းစိန်ဟာ ပြောင်းလဲမှုကို အမှန်တကယ် လိုလားသူ ဖြစ်တယ်လို့ သူယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တယ်။

တင်မယ်၊ ၀င်မယ်

အဲဒီနောက်တော့ ရေခဲတောင်ကြီး အရည်ပျော်ကျသလို အပြောင်းအလဲတွေ ဆက်တိုက် တွေ့မြင် လာရတယ်။ ဧရာဝတီ မြစ်ဆုံ ရေကာတာစီ မံကိန်းကို ပြည်သူများရဲ့ဆန္ဒကို လိုက်လျောတဲ့ အနေနဲ့ဆိုပြီး သမ္မတက ရပ်ဆိုင်း ထားဖို့ ညွှန်ကြားခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အပြင်းအထန် ဆန့်ကျင် ဝေဖန်ခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပ နိုင်ငံတွေက ၀န်ကြီး ၀န်ကလေးတွေ ၀င်လာမစဲ တသဲသဲ ဖြစ်လာတယ်။ ကူညီထောက်ပံ့မှု တွေ ပြန်ပေးမယ်။ ချေးငွေတွေပေးမယ် စတဲ့ အသံတွေလည်း ကြားလာရတယ်။ နောက်ဆုံး အပြောင်းအလဲကတော့ လူတိုင်းကို ပါးစပ်ဟောင်းလောင်းနဲ့ မယုံနိုင်အောင် ဖြစ်သွားကြရတဲ့ ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာပြည့် ၀င်အရွေးခံမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် အရွေးခံမယ်လို့လည်း တရားဝင် ထုတ်ပြန် ကြေညာခဲ့တယ်။

ယုံကြည်မှုတိုးစေ

ဒီဖြစ်စဉ်တွေအားလုံးဟာ ပြည်သူအားလုံးရွှင်လန်းအားတက်စေတဲ့ အပေါင်းလက္ခဏာ သတင်းတွေ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအပေါ်မှာလည်း ယုံကြည်မှု တိုးလာစေတယ်။ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှ လာတယ်။ ဒီခြေလှမ်းတွေ အတွက် ဖြောင့်ဖြောင့် တန်းတန်း ဆက်ပြီး လျှောက်လှမ်းသွားရင် ပြည်သူအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အကြောက်တရားအားလုံးကင်းစင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်လိမ့် မယ်လို့ ယုံကြည်နိုင်ပါတယ်။ လမ်းချော်မသွားအောင်လည်း သတိရှိကြရပါမယ်။

ပုဆိန်နဲ့ မပေါက်ရအောင်

အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် မျက်နှာပန်း လှနေတဲ့အချိန်မှာ ယုံကြည်မှုအပေါ် ဒွိဟ၊ သံသယ ပွားစေတဲ့ အနုတ် လက္ခဏာပြ ကိစ္စရပ်များကို ရှင်းလင်း ဖယ်ရှား ပစ်စေချင်ပါတယ်။ သတင်းသမား တစ်ယောက် အနေနဲ့ ပြည်သူများရဲ့ အသံတွေကို အမြဲ နားစွင့်နေတာ ဖြစ်တဲ့အတွက် ကြားသိ မြင်တွေ့ရတဲ့ ပြည်သူ့ အသံတွေနဲ့ ပြည်သူ့ ဆန္ဒတွေကို သက်ဆိုင်ရာများ သိအောင် တင်ပြချင်ပါတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်မျိုး ရောက်မသွား စေချင်လို့ပါ။ ထောင်ထဲမှာ ကျန်ရစ်သူတွေ ကိစ္စနဲ့ ပြည်တွင်းစစ် ရပ်စဲရေး ကိစ္စကတော့ အခုတလော အဆက် မပြတ် ရေးခဲ့တာကြောင့် ဒီတစ်ခါ မရေးတော့ပါဘူး။ သားရွှေအိုး ထမ်းပြီး ပြန်လာမှာကိုပဲ စောင့်မျှော် နေပါတော့မယ်။

ဘယ်သူမှမပြောကြလို့

အခုပြောချင်တာက ဂျာနယ်တွေမှာ သတင်းအမြဲပါနေပေမယ့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်း တွေကမှ အရေးထားပြီး ပြောတာ ဆိုတာ မရှိတဲ့အတွက် စာဖတ် ပရိသတ်များက နေ့စဉ်မပြတ် ဖုန်းဆက်ပြီး ရင်ဖွင့်နေကြတဲ့ အကြောင်းတွေပါ။ သူတို့ အတွက်တော့ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အရင်ဆုံး ပြောကြတာကတော့ ရထားခတွေ ဆယ်ဆတက်သွားတဲ့ ကိစ္စဖြစ်တယ်။ ဒီခေတ်မှာ မီးရထားက သာမန်ပြည်သူ ပြည်သားများ အတွက် အဓိက အားထားရတဲ့ အရာဖြစ်တယ်။ ရန်ကုန်မြို့နေ လူထုအတွက် ဘတ်စကားခ နှစ်ရာ မတတ်နိုင်လို့ မြို့ပတ်ရထားကို တစ်ဆယ် ပေးစီးရတယ်။ အခုမြို့ပတ်ရထားက အသွားအပြန် နှစ်ရာ ပေးဝယ် စီးရမှာ ဆိုတော့ အများကြီး ခက်ခဲသွားပါတယ်။ ရန်ကုန် - မန္တလေးကားခတွေက တစ်သောင်း အထက် ပေးရတော့ ဆင်းရဲသားများ မစီးနိုင်ကြဘူး။ ရထားစီးရင် တစ်ထောင်တောင် မကျတော့ ရထားပဲ အားကိုးရတယ်။

ဈေးတက် စီးပွားရေး

ရထားခတက်တဲ့ သတင်းနောက်က လိုက်လာတာက စာပို့ခတွေ ပြည်တွင်းဆို နှစ်ဆယ်က တစ်ရာ၊ ပြည်ပဆို သုံးဆယ်က ငါးရာ ဖြစ်သွားတယ် ဆိုတဲ့ သတင်းဖြစ်တယ်။ အဲဒီကိစ္စပြောလို့ ပါးစပ်တောင် မပိတ်ရသေးခင်မှာ နောက်ထပ် ဂျာနယ်တွေထဲ ပါလာတာက မီတာခတွေလည်း နောက်ထပ် တစ်ဆ တိုးပြီး တက်ဦးမယ်ဆိုတဲ့ သတင်းပြီးတော့ ရေခွန်တွေ၊ အမှိုက်ခွန်တွေလည်း တိုးဦးမယ်တဲ့။ ဈေးကွက် စီးပွားရေးဆိုတာ အပြိုင်အဆိုင် ဈေးတွေ လျော့ရောင်းကြလို့ စားသုံးသူတွေ သက်သာ ချောင်ချိစေတယ်လို့ ဆရာကြီးတွေက ပြောကြပေမယ့် လက်တွေ့မှာတော့ ဈေးတွေ တက်ချင်တိုင်း တက်နေလို့ ဈေးကွက် စီးပွားရေးလို့ မခေါ်ဘဲ ဈေးတက် စီးပွားရေးလို့ ခေါ်ချင်တယ်လို့တောင် ညည်းညူ ပြောဆို နေကြရတယ်။

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား

အဲဒီလိုညည်းညူသံတွေ ကြားနေရချိန်မှာ ထူးဆန်းတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်မိတဲ့ အတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်း ရမှာလား၊ ခွဲခြား မရနိုင်တဲ့ ခံစားမှုတစ်မျိုး ခံစားလိုက်ရတာကို ပြောပြချင်ပါတယ်။ သတင်းက ၂၄-၁၁-၂၀၁၁ ထုတ် Popular News ဂျာနယ်အတွဲ -၃ အမှတ် ၄၆ မှာပါလာတာပါ။ 'ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နိုင်ငံတော်သို့ တစ်နှစ် သိန်းထောင်ချီ ပြန်သွင်းပေးနိုင်' လို့ ခေါင်းစီး တပ်ထားပါတယ်။ လိုရင်းပြောရ ရင်တော့ နိုဝင်ဘာ ၁၅ ရက် နေ့က ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်း အရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ယခုနှစ်များ အတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်း ထောင်ချီ၍ ပြန်လည် သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်လို့ ရေးထားပါတယ်။

စရိတ်မျှပေးက ၀င်ငွေ

"ဖြည့်ဆည်းပေးစရာများ ရှိနေသည့်ကြားကပင် နိုင်ငံတော်သို့ ယခုနှစ် ပထမလေးပတ်က ငွေကျပ်သိန်း ၁၃၀၀ နှင့် ဒုတိယ လေးပတ်တွင် ငွေကျပ်သိန်း ၁၂၀၀ ကျော် ပေးသွင်း နိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။ ယင်းပြန်ပေး သွင်းနိုင်ခဲ့သည့် ငွေကြေးများမှာ စားစရိတ်မျှပေး စနစ် တစ်ခုတည်းက ပြန်လည် ပေးသွင်းခဲ့သည့် ပမာဏဖြစ်ပြီး တခြား ၀န်ဆောင်မှုများ အတွက် ကောက်ခံထားသော ငွေကြေးပမာဏများ မပါလာသေး ကြောင်း ဒေါ်နုနုသာက ဆိုသည်" လို့ ဆက်ပြီး ဖော်ပြထားတယ်။ ဒီသတင်းကို ဖတ်ပြီးတဲ့အခါ မီးရထားဌာနလို လျှပ်စစ်ဌာနလို ဌာနကြီးတွေက နှစ်စဉ် ကျပ်ငွေဘီလျံ ရာနဲ့ချီ အရှုံး ပြနေချိန်မှာ နိုင်ငံတော်ကိုတောင် ငွေပြန်သွင်း ပေးနိုင်တယ်လို့ သိလိုက်ရလို့ တယ်ဟုတ်ပါလား ဆိုပြီး ၀မ်းသာသလို ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လို့ ချက်ချင်းပြန်တွေး ကြည့်လိုက်တော့ ဈေးကွက် စီးပွားရေး ဆိုတဲ့ ထဲမှာ ဆေးရုံတွေပါ ထည့်ထားတာလား ဆိုပြီး စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားရတယ်။ အထူးသဖြင့် ပြည်သူ့ ဆေးရုံဆိုတာက ပြည်သူပြည်သားများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် နိုင်ငံတော် ဘဏ္ဍာငွေက ထုတ်ယူ ပံ့ပိုး ပေးထားတာဖြစ်တယ်။ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မြန်မာ့ ဆိုရှယ်လစ်ခေတ် စတဲ့ ခေတ်တိုင်းမှာ ပြည်သူ့ ဘဏ္ဍာငွေနဲ့ ရပ်တည်ခဲ့တာချည်း ဖြစ်တယ်။ ကိုလိုနီခေတ်နဲ့ ဖဆပလ ခေတ်တွေမှာ လူနာတွေ စားရေး၊ သောက်ရေးပါ ဆေးရုံက တာဝန်ယူပါတယ်။ အပြင်က အစားအစာတွေနဲ့ မတည့်မှာစိုးလို့ အိမ်က ထမင်းပို့တာတောင် အားမပေးပါဘူး။ လိုအပ်တဲ့ စွပ်ပြုတ်၊ နွားနို့၊ ဆန်ပြုတ်စတာတွေလည်း ဆေးရုံကပဲ ပေးတယ်။ အဲဒီခေတ်က ရန်ကုန် ဆေးရုံကြီးနဲ့ မန္တလေး ဆေးရုံကြီးမှာ ထမင်းပေါင်း ဘွိုင်လာကြီးတွေနဲ့ အ၀တ်လျှော် ဘွိုင်လာကြီးတွေပါ ထားရပါတယ်။

နားလည်ဖို့ခက်

အဲဒီခေတ်က ပြည်သူအားလုံးအတွက် အခမဲ့ ဆေးကုခွင့်ရှိတယ်။ ငွေကြေး တတ်နိုင်သူများ အတွက် အထူး ပိုက်ဆံ ခန်းတွေလည်း ထားပါတယ်။ အခုခေတ်မှာ အခြေအနေအရ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လုပ်လာတာကို နားလည် နိုင်ပေမယ့် အဲဒီစရိတ်မျှပေးက ရတဲ့ငွေကြေးကို ပြန်ယူတယ် ဆိုတာတော့ နားလည်ဖို့ ခက်ပါတယ်။ ဒီလို ကိစ္စတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရ ရှေ့မျက်နှာစာမှာ ကြိုးစားပမ်းစား လုပ်ပြနေတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေဖို့ ဆိုတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဒီအချက် တွေကိုလည်း ပြုပြင်ပါဦးလို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့