..............................

Monday, December 19, 2011

ရွှေညဝါ ဆရာတော် မဟန ထံ အသနားခံစာ တင်လျှောက်

သဲသဲ
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရွှေညဝါဆရာတော် ဦးပညာသီဟက ၎င်းအား သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်း သုံးခွင့်ပြုကာ သာသနာပြု လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုရန်နှင့် ထေရဝါဒ ထုံးတမ်းနှင့်အညီ ဆရာတော်ကြီး များ၏ ဆုံးမသြဝါဒ ခံယူမည်ဖြစ်ကြောင်း နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန)ထံ သောကြာနေ့က အသနားခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“ဘုရား တပည့်တော်အားလည်း မလိမ္မာ တခါမိုက် တပည့်သားကဲ့သို့ သဘောပိုက်ကာ ဆိုဆုံးမတော် မူပါရန်နှင့် သာဓု ကျောင်းတိုက်၌ ဆက်လက် နေထိုင်၍ သာသနာပြု အခွင့်အလမ်းများ ပြန်လည် ခွင့်ပြု ပေးသနားပါရန်” ဟူ၍ အသနားခံစာတွင် ပါရှိသည်။

ယင်းအပြင် “ဘုရား တပည့်တော်သည် နိုင်ငံ ဥပဒေနှင့် ရဟန်းဥပဒေတို့ကို လေးစား လိုက်နာလျက် မည်သည့် အခါကမျှ ဖောက်ဖျက် မကျူးလွန်ခဲ့ပါ ဘုရား။ အခြားသော ရာဇဝတ် မှုခင်းဆိုင်ရာ ပြဿနာများလည်း လုံးဝ ကင်းရှင်းကြောင်း ကတိပြုပါသည် ဘုရား” ဟုလည်း ယင်းစာတွင် ဖော်ပြထားသည်။

“အထပ်ထပ် ဝေဖန်သုံးသပ်ပြီးတော့ ငြိမ်းချမ်းရေးအတွက် အသိမ်မွေ့ဆုံးနဲ့ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ဘုန်းကြီး ချလိုက်ပါပြီ။ ထေရဝါဒ သာသနာတော်ရဲ့ အဆုံးအမအတိုင်း ထေရဝါဒ ဦးစီးဦးဆောင်ပြုနေတဲ့ ဆရာတော်ကြီးများရဲ့ အဆုံးအမကို ခံယူဘို့ ဘုန်းကြီး စာတင်လိုက်ပါပြီ” ဟု ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။

ဆရာတော်မှာ ယခင်ကပင် တနှစ်အတွင်း တရား မဟောရန်အတွက် ပိတ်ပင်ခံထားရကာ တားမြစ်ကာလ မပြည့်ခင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး NLD တွင် တရားဟောခဲ့သည့်အတွက် ၎င်းသီတင်းသုံး ရာ ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့်သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

ရွှေညဝါ ဆရာတော်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ဖေဖေါ်ဝါရီ ၁၁ နေ့ထိ တရားမဟောရန် အတွက် ရန်ကုန်တိုင်း မဟန က ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

မန္တလေး NLD ရုံး၌ ဟောပြောခဲ့သည်ကို အခြေခံ၍ “သံဃာ အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗ္ဗစပုဂ္ဂိုလ် (ဆိုဆုံးမမှု မနာခံသူ)” အဖြစ် သတ်မှတ်သည်ကို လွန်စွာမှ ကြေကွဲ ဝမ်းနည်းကြောင်း ဦးပညာသီဟ၏ အသနားခံစာတွင် ရေးသား ထားသည်။

မဟန ဆရာတော်ကြီးများက အပြုသဘော တုံ့ပြန်မည်ဟုလည်း ဆရာတော်က မျှော်လင့်ထားသည်။

“အဆုံးအမ ခံယူတာဟာလည်း သတ္တိကြောင်သော ရှက်စရာကောင်းသော အရာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်း နားလည် ထားပါတယ်။ တိုင်းပြည်နဲ့ လူမျိုး ဘာသာ၊ သာသနာအတွက် အလွန်ချစ်လွန်းလို့ ဘုန်းကြီး ဒီလိုလုပ်ရပ်ကို အကောင်အထည်ဖော်ပြီး ငြိမ်းချမ်းအသွင်ကို ပုံဖော်ပေးလိုက်တာ ဖြစ်ပါတယ်”ဟု သံဃာ ညီညွတ်ရေးအတွက် ရည်ရွယ်၍ အသနားခံစာတင်ခဲ့သူ ဆရာတော် ဦးပညာသီဟက မိန့်ကြား ရှင်းလင်းသည်။

ရွှေညဝါ ဆရာတော်အဖြစ် ကျော်ဇောထင်ရှားသူ ဦးပညာသီဟမှာ သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေး တာဝန်ခံ တိုက်ကြပ် ဆရာတော်ဖြစ်ပြီး ယင်းကျောင်းတိုက်၌ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်းများ ပို့ချပေးလျက် ရှိသည်။

ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားမည်ကို စိုးရိမ်ကြသည့် တပည့်သံဃာ၊ ဒါယိကာ ဒါယကာ ၂ဝဝ ကျော်မှာ ကြာသပတေးနေ့ ကလည်း ကျောင်းတိုက်အတွင်း လာရောက် စုဝေးခဲ့ပြီး ဆရာတော်က ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကာ ပြန်ကြရန်အတွက် မေတ္တာရပ်ခံ လူစုခွဲခဲ့ရသည်။

“ဒေါ်စုတို့နဲ့ တိုင်ပင်သွားတာက တောင်းပန်စာ ပြန်တင်မယ်ဆိုပြီး သွားတယ်။ ဟိုရောက်တဲ့အခါကျတော့ အကျိုးဆောင် ဆရာတော် တွေက အန်တီတို့ဝင်ရင် ပိုပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ဆရာတော်တွေ ကပဲ ကြားဝင် ဆောင်ရွက်ပါမယ်လို့ ပြောတဲ့အတွက် အန်တီတို့ ပြန်လာခဲ့တာပါ” ဟု NLD ဗဟို အလုပ်မှုဆောင် ဒေါက်တာ မေဝင်းမြင့်က ပြန်ပြောပြသည်။ ယမန်နေ့က ဒေါက်တာ မေဝင်းမြင့်နှင့်အတူ NLD ဒုဥက္ကဌ ဦးတင်ဦးတို့ ဆရာတော်ထံ သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် NLD မှ ပြုလုပ်သည့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများ၊ အလှူအတန်းများ ပြုလုပ် ခွင့်များကို ကျောင်းတိုက်၌ ခွင့်ပြု ပေးခဲ့ဖူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုဗယ် ငြိမ်းချမ်းရေးဆု ရရှိသည့် နှစ် ၂ဝ ပြည့်ပွဲတွင် လည်း ကိုယ်တိုင် အမှာစကား မိန့်ကြားခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်း နာဂစ် မုန်တိုင်းသင့် ဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခြင်း၊ သောက်ရေသန့် ရရှိရေးနှင့် အခြားသော ကူညီရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မရှင်းလင်း ရသေးသည့် ရုပ်အလောင်းများကို ကိုယ်တိုင် သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်လွတ် သူများအတွက် အမျှအတမ်း ပေးဝေခြင်းများ ကိုလည်း ဆောင်ရွက်ပေးခဲ့သည့် ဆရာတော် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့