..............................

Friday, November 25, 2011

မွန်ပြည်သစ် ဗဟိုအစည်းအဝေး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်

ကွန်းချမ်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို လာမည့်လအတွင်း ကျင်းပရန် စီစဉ်ထားပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိစ္စမှာ အဓိက ဆွေးနွေးမည့် အကြောင်းအရာ တခု ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

“ငြိမ်းချမ်းရေး ကိုယ်စားလှယ်နဲ့ တွေ့တုန်းက ကျနော်တို့ ဘာမှဆုံးဖြတ်ချက် မချခဲ့ဘူး၊ ညီလာခံ မစခင် ဒီအကြောင်း ဆွေးနွေး ဖြစ်လိမ့်မယ်။” ဟု နိုင်ဟံသာပိန်ခိုင်းက ဆိုကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တင်ပြလာသော အစိုးရ ကမ်းလှမ်းချက် အပေါ် ဆွေးနွေးမှာ ဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းတွင် မွန်ပြည်သစ်ဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် သုံးနှစ်တကြိမ် ကျင်းပ သည့် အဋ္ဌမအကြိမ် ပါတီ ညီလာခံကိုလည်း ကျင်းပမည် ဖြစ်သည်။ ညီလာခံသို့ ခရိုင် သုံးခုမှ ကိုယ်စားလှယ် တရာကျော် တက်ရောက် လိမ့်မည် ဖြစ်ကာ ဗဟိုကော်မတီဝင်များကို ပြန်လည်ရွေးချယ်ခြင်း အပါအဝင် ရှေ့လုပ်ငန်းစဉ် များကို ချမှတ်မည် ဖြစ်သည်။

မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေးကိစ္စအတွက် ပြည်နယ်အစိုးရက တိုက်ရိုက်စကားပြောသလို အရပ်ဘက်မှ သြဇာ ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တခုကိုလည်း ဖွဲ့စည်းထားကာ ကြားဝင် ပေးစေသည်။

နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာ ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ ဦးဆောင်သည့် ငါး ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ် ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့တို့ နှစ်ရက်တိုင် ဆွေးနွေး ခဲ့ကြသေးသည်။

ကိုယ်စားလှယ်အဖွဲ့က အပစ်အခတ် ရပ်ရန်၊ ဆက်ဆံရေးရုံး ထားရှိရန်၊ သတ်မှတ်နယ်မြေ ပြင်ပသို့ လက်နက် ကိုင်ဆောင် သွားလိုပါက ကြိုတင် သဘောတူညီမှု ရယူရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်း လုပ်ဆောင်သွားရန် ဟူသော ပြည်နယ် အစိုးရထံမှ သတင်းစကားများ ယူဆောင် လာခဲ့သည်။

အောက်တိုဘာလ ခြောက်ရက်နေ့တွင် မွန်ပြည်သစ်ဘက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်သည့် ကိုယ်စား လှယ်များနှင့် အစိုးရဘက်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင် သည့် ကိုယ်စားလှယ်များ ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ်ဝင်းတွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ခဲ့ကြသေးသည်။ နှစ်ဘက်လုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ဆွေးနွေးမှု အောင်မြင်ဟန် မရှိဟု လေ့လာ သူများက သုံးသပ်ထားသည်။

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်အဖြစ် လွှဲအပ်ခံထားရသူဖြစ်သော ရထားပို့ဆောင်ရေး ဝန်ကြီးက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် UNFC အခြေခံအဖွဲ့ဝင် အများစုကို နိုဝင်ဘာ ၁၉ နှင့် ၂ဝ ရက်များတွင် သီးခြားစီ တွေ့ဆုံ ခဲ့သော်လည်း မွန်ပြည်သစ် ကတော့ မပါဝင်ဘဲ ဖြစ်ခဲ့သည်။ ကရင်အမျိုသား အစည်းအရုံး၊ ကရင်နီ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား တပ်ဦးနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့တို့နှင့် ဦးအောင်မင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်ကျန်ရစ်သော UNFC အဖွဲ့ဝင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာလည်း ဗဟိုအစိုးရက အာဏာလွှဲအပ် ထားသော နောက်ထပ် ကိုယ်စားလှယ် အဖွဲ့တခုဖြစ်သည့် အောက်လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အောက်လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦအောင်သောင်း တို့နှင့် အောက်တိုဘာ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့