..............................

Friday, November 25, 2011

အရှင်ဂမ္ဘီရ ကျန်းမာရေးကြောင့် မိသားစုနှင့် ပြန်နေရန်လိုဟုဆို

သဲသဲ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ)။ ။ ကလေးမြို့ အကျဉ်းထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ခံရသည့် ဆရာတော် ဦးဂမ္ဘီရ၏ စိတ်ကျန်းမာရေး အခြေအနေ စိုးရိမ်ရသဖြင့် မိသားစုနှင့် အတူတကွ ပြန်လည်နေထိုင်ရန် လိုအပ်ကြောင်း ထောင်ဆရာဝန်က အကြံပြုသည်ဟု ဆရာတော်၏ အမဖြစ်သူက ပြောသည်။

ထောင်တွင်း ဆက်လက်ထားရှိပါက မူလစိတ် အခြေအနေ ပြန်ရောက်ရန် မလွယ်ကူဟု ထောင်ဆရာဝန် ပြောကြောင်း တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက ပြောသည်။။

အရှင်ဂမ္ဘီရမှာ အကျဉ်းထောင်အတွင်း စိတ်ရောလူပါ ညှင်းပန်းနှိပ်စက် ခံရမှုကြောင့် စိတ်ဒဏ်ရာ ရှိသွားခြင်း ဖြစ်သည်ဟုလည်း မိသားစုက ယုံကြည်နေသည်။

“ထောင်ထဲမှာ တလလုံး လက်ရောခြေရော ခတ်ထားပြီး ထိုင်ခုံမှာပဲ အပေါ့အလေးသွားခိုင်း၊ ခေါင်းကို အိတ်အမဲ စွတ်ပြီး တုတ်နဲ့ရိုက်၊ ဒီဒဏ်ရာတွေက နည်းမှ မနည်းတာ။ ဒဏ်ရာတွေ ပေါ်လာရင် သူတို့က အိပ်ဆေးထိုး ဖြေရှင်းတာ။ လွတ်လာတဲ့ သူတွေ ပြောပြ တာပေါ့နော်။ ဦးဇင်းကတော့ အမတို့ကို မပြောဘဲ ထိန်းချုပ်ထားပုံ ရတယ်။” ဟု မခင်သူဌေးက ဆိုသည်။

ဆရာတော်၏ ကျန်းမာရေး အခြေအနေအား ငဲ့ညှာကာ လွှတ်ပေးရန် မိသားစုက သမ္မတ ဦးသိန်းစိန်ထံ စာရေး သား တောင်းဆို သွားဦးမည်ဟု ဆိုသည်။ ဦးဂမ္ဘီရ၏ မိသားစုက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သမ္မတထံ အသနားခံစာ ရေးသား ပေးပို့ခဲ့သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြာသပတေးနေ့တွင် နေပြည်တော်၌ မှတ်ပုံတင်မည့် အရေးနှင့် ပတ်သက်၍ “NLD ပါတီဝင်လည်း မဟုတ်တော့ မကန့်ကွက်ဘူး၊ ဒါပေမယ့် ထပ်ပြောမယ် မထောက်ခံဘူး။” ဟု ဦးဂမ္ဘီရမှ ပြောဆို ကြောင်းလည်း မခင်သူဌေးက မဇ္ဈိမကိုပြန်လည် ပြောပြသည်။

ဦးဂမ္ဘီရကို စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ခေါ်ဆောင်သွားခဲ့ပြီး နောက်တရက်တွင် ဧရာဝတီတိုင်း မြောင်းမြမြို့ အကျဉ်းထောင် သို့ ပြောင်းရွှေ့ခဲ့သည်။

ဓမ္မာစရိယတန်း စာသင်သား ဦးဂမ္ဘီရသည် သက်တော် ၂၉ နှစ်အရွယ်၌ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ လှုပ်ရှားမှုတွင် သံဃာ့ တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော်တပါး အဖြစ် ပါဝင်ခဲ့ရာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အီလက်ထရောနစ် ပုဒ်မ အပါအဝင် ပုဒ်မ ၁၃ ခုဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၆၃နှစ် ချမှတ်ခံခဲ့ရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့