..............................

Friday, November 25, 2011

ဖြစ်သင့်တာနဲ့ ဖြစ်နေတာ

ဆန်းထွန်းသောင်
Thursday, 24 November 2011

ဆရာ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ (၁၂.၁၀.၂၀၀၁)ပါ။ ဆရာကွယ် လွန်ခြင်းနှစ်လပြည့်နေ့ပါ။ ဒီနှစ်ဝါကျွတ်မှာ ဆရာကိုကိုယ်ထိလက်ရောက် မကန်တော့နိုင်တော့ စာရေးပြီး ကန်တော့ပါရစေဆရာ။ ဆရာကို အများက ဆရာနန္ဒာသိန်းဇံ အဖြစ် ပိုပြီး သိကြပါတယ်။ ဆရာကွယ်လွန်ခြင်း အမှတ်တရ စာအုပ်မှာ တစ်ယောက်က ရေးတယ်။ ဆရာ့ကို တစ်ခါမှမမြင် တွေ့ဖူးပေမဲ့ ဆရာရေးတဲ့ စာတွေဖတ်ပြီး ဆရာကို လေးစားကြည်ညိုလို့ လာရောက် ဂါရ၀ပြု နှုတ်ဆက်တဲ့ အကြောင်း ရေးထားပါတယ်ဆရာ။ ဆရာက တက္ကသိုလ်ကျောင်းမှာ စာသင်ပေးတဲ့ ဆရာအဖြစ် သာမက ဆရာရဲ့စာတွေဖတ်တဲ့ သူတွေအတွက် လည်း ဘ၀ အဓိပ္ပာယ်နှင့် ဘ၀သစ္စာကို လမ်းပြပေးခဲ့တဲ့ သူပါ။

ဆရာ

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့(၁၀.၁၁.၁၁)ပါဆရာ။ သီတင်းကျွတ် တစ်လလုံးလုံး စာတစ်ပုဒ်ပဲရေး နိုင်ခဲ့ပါတယ်။ ဆရာ ကွယ်လွန်ခြင်း တစ်လပြည့်နေ့က ကျွန်တော်လည်း ဂျပန်ကဗျာလေး တစ်ပုဒ်ရွတ်ပြီး ဆရာက တပည့်တွေကို လပြည့် လက်ဆောင် ပေးထားခဲ့တယ်လို့ ပြောမိပါတယ်။ စိတ်ထားပြည့်ဝပြီး ငြိမ်းအေး ပြေလွင်တဲ့ လပြည့် အလင်းရောင်နဲ့ ညအမှာင် ဘ၀ခရီးမှာ ဘ၀အဓိပ္ပာယ် နှင့် ဘ၀သစ္စာကို ရှာနိုင်ဖို့ပေးခဲ့တဲ့ လက်ဆောင်ပါ။ ၅.၁၀.၁၁ နေ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာလည်း ကျင်းပ ခဲ့ပါတယ်ဆရာ။ ဆရာရေးခဲ့တဲ့ စာတွေထဲက ပညာရဲ့ သင်္ကေတ အကြောင်း ပြောခဲ့ပါတယ်။ ဆရာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖန်တီး ဖော်ထုတ် ပေးရတဲ့သူတွေ ဖြစ်တယ်။ ပညာရေးဆိုတာ နိုင်ငံသား ကောင်း good citizen မွေးထုတ်ခြင်းလို့ ရှေးဂရိခေတ်မှသည် မျက် မှောက်ခေတ် ပညာရေး ဒဿနထိ လက်ခံ ထားကြောင်းလည်း ပြောပါတယ်ဆရာ။ နိုင်ငံသားကောင်း ဆိုတာ ကိုယ်ကျင့်တရား ကောင်းပြီး နိုင်ငံအကျိုး အများအကျိုး လိုလားတဲ့ စိတ်ထား အခြေခံပြီး အလုပ်လုပ်တဲ့ သူပါဆရာ။ မြန်မာ့ပါလီမန် ဒီမိုကရေစီ ခေတ်ဦး ဆရာတစ်ဦး ဖြစ်ခဲ့တဲ့ ဦးသန့်လည်း ရေးခဲ့ပါတယ်။ ဒီမိုကရေစီစနစ် အောင်မြင်ဖို့ ပညာရေးစနစ် အရေးကြီးကြောင်းပါ ဆရာ။

ဆရာ

ဆရာတို့ ကျွန်တော်တို့ရဲ့ ပညာရေးဘ၀မှာ ပညာရေးစနစ်တွေ ခဏခဏ ပြောင်းခဲ့ပါတယ်နော်။ ပညာရေး စနစ် တစ်ခုရဲ့ ရလဒ်ဆိုတာ ဆယ်စုနှစ် တစ်ခုမက ကြာမှ သိရတယ် ထင်တယ်နော် ဆရာ။ တတိယ ကမ္ဘာမှ ပထမကမ္ဘာကို ရောက်စေတဲ့ စင်ကာပူ ပညာရေးစနစ် ပြောင်းဖို့ သုံးနှစ်ကြာ အောင်လွှတ်တော် အထိ အဆင့်ဆင့် ဆွေးနွေး ပြုပြင်ခဲ့ကြတယ်လို့ ပညာရေး စီမံကိန်း ရေးဆွဲရေး သုတေသန ပညာရှင် တစ်ဦးက ပြောပါတယ်ဆရာ။

မြန်မာ့ပညာရေးစနစ် နိမ့်ကျနေတယ်လို့ ပြောကြ ရေးကြတာတွေ ကြားရဖတ်ရတိုင်း ပညာရေး ၀န်ထမ်း တစ်ဦး အနေနဲ့ ၀မ်းနည်း မိပါတယ်။ တစ်ခါတလေလည်း မကျေမနပ် ပြန်ပြောမိတယ်။ တခြား ဘယ်စနစ်တွေက ကော အဆင့်မြင့် နေကြလို့လဲ။ ပညာရေး စနစ် တစ်ခုထဲ နိမ့်နေတယ်လို့ ပြောနေကြ ရေးနေကြတာ တရားမျှတမှု မရှိဘူးလို့ ထင်ပါတယ်ဆရာ။ ဘက်ပေါင်းစုံက သေသေချာချာ စဉ်းစားပြီးမှ ပြောသင့် ရေးသင့်တယ်လို့ ထင် မိပါတယ် ဆရာ။ လန်ဒန် တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဆရာကြီး ဒေါက်တာလှဘေက ၁၉၅၇ ခုနှစ် ရန်ကုန် တက္ကသိုလ်ကို ခဏရောက်စဉ် ရန်ကုန် တက္ကသိုလ်ကို တက္ကသိုလ်နဲ့ မတူတော့ ဘူးလို့ ပြောခဲ့ဖူးတယ်တဲ့ ဆရာ။

တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ အကောင်းဆုံးတဲ့ ဆရာ။ ထားပါတော့ ဆရာရယ် အတိတ်ပဲ ပြန်ပြောရတာ မောပါတယ် ဆရာရယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်မှာ ကျွန်တော်တို့ကြိုး စားကြရမှာ ပါဆရာ။ နေပြည်တော် ပျဉ်းမနားက ဆရာ့တပည့် ခင်မောင်ဆင့်ကလည်း မကြာခဏ ဖုန်းဆက်တယ်ဆရာ။ ကျွန်တော်တို့ ငယ်ငယ်က စိတ်ဓာတ်ကျစရာ ကြုံတိုင်း ဆရာ့ဆီ ရောက်ရင် စိတ်ဓာတ်တွေပြန်တက် တဲ့ အကြောင်းပါဆရာ။ ဆရာမရှိ တော့ ဆရာ့ကိုယ်စား ဆရာ့စာတွေပဲ ပြန်ဖတ်ကြရမှာပေါ့ ဆရာရယ်။ ခင်မောင်ဆင့်ကိုတော့ တော်စတွိုင်းရေးခဲ့တဲ့ ပုံဝတ္ထုလေးတစ်ပုဒ် ပြောလိုက်တယ်။ ဆရာကြီးဒေါက်တာ အောင်ထွန်းသက်လည်း ဟောပြောပွဲမှာ ပြောဖူးပါတယ်။

တစ်ခါကဘုရင်တစ်ပါးက မေးခွန်းသုံးခုမေးတယ်။ (၁) အရေးကြီးဆုံး လူ ဘယ်သူလဲ။ (၂) အရေးကြီးဆုံးအချိန် ဘယ်အချိန်လဲ။ (၃) အရေးကြီးဆုံး အလုပ်က ဘာလဲ။ ဘယ်သူမှ ဘုရင်ကြီး ကျေနပ်တဲ့ အဖြေ မပြောနိုင်ဘူးတဲ့။ ဒါနဲ့ တောထဲမှာ နေတဲ့ ရသေ့ တစ်ပါးဆီ သွားမေးတယ်တဲ့။ မေးတဲ့ အချိန်မှာ ရသေ့က ကျောင်းသင်္ကန်းရှေ့မှာ သစ်ပင်လေးတွေ ပေါင်းသင်ရင်း ရေလောင်း နေတာတဲ့။ ရသေ့က အဖြေသိချင်ရင် သူလုပ်နေတဲ့ အလုပ် ၀ိုင်းကူလုပ်ဖို့ ပြောတယ်။ ဘုရင်ကြီးလည်း ၀ိုင်းကူလုပ်တယ်။ အလုပ်ပြီးတော့ ဘုရင်ကြီးက မေးခွန်း(၃)ခု မေးတယ်ပေါ့။ ရသေ့ကြီးက ဖြေပြီးသွားပြီလို့ ပြောတယ်။ အရေးကြီးဆုံးလူက သင်နဲ့ တွေ့နေတဲ့သူ ဖြစ်တယ်။ အရေးကြီးဆုံး အချိန်က လက်ရှိသင်နဲ့ တွေ့နေဆဲ အချိန်။ အရေးကြီးဆုံး အလုပ်က သင်နဲ့ တွေ့တဲ့သူကို ကူညီပေးတာပဲ ပေါ့တဲ့။ ခုပဲ မင်းကြီးကိုယ်တိုင် ဖြေတဲ့ အဖြေပဲတဲ့။ မင်းကြီးက တွေ့နေရတဲ့ ရသေ့ လုပ်နေတဲ့ အလုပ် ကူညီ လုပ်ပေးတာကိုး။

ဆရာ

မနေ့က (၉.၁၁.၁၁)နေ့က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမှာ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင်များ အဖွဲ့က ကြီးမှူး ကျင်းပတဲ့ ဟောပြောပွဲ တစ်ခု တက်ခဲ့ရပါတယ်။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့The Role of Intellectuals in Promoting Good Governance and Clean Government ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရအတွက် ပညာရှင်များ၏ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဆရာက လူ့အဖွဲ့အစည်း တစ်ခု အတွင်းမှာ civil society ရဲ့ အရေး ပါမှုကို စပြောပါတယ်။ ပြီးတော့ civil society ထဲမှာ intellectual ရဲ့အ ရေးပါမှုကို ပြောပါတယ်။ နိုင်ငံတစ် နိုင်ငံရဲ့ ဖွဲ့ဖြိုးတိုးတက်မှု အတွက် good governance and clean government အအရေးကြီးပုံကို ပြောပါတယ်။ အာဖရိက နိုင်ငံတစ်ခုက ဆီအုန်းပင်နဲ့ တောင်အမေရိက နိုင်ငံ တစ်ခုက ရာဘာပင်တွေ စိုက်ပြီး အောင်မြင်ခဲ့တဲ့ မလေးရှားနိုင်ငံ အကြောင်းကို ၀န်ကြီးချုပ်ဟောင်း မဟာသီယာက မြန်မာပြည်ဟော ပြောပွဲမှာ ပြောတယ်တဲ့။ မူလနိုင်ငံတွေထက် မလေးရှားမှာ ပိုပြီးအောင်မြင်တာ good governance ကြောင့်လို့ ပြောပါတယ်။

ဆရာ

ဆရာပြောပြောနေတဲ့ ideal pat -tern နဲ့ behavior pattern ကွာခြားမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ လိုတယ်ဆိုတာ သတိ ရမိပါတယ်။ ဒေါက်တာအောင်ထွန်းသက်က good governance ideal pattern ရှစ်ခု ပြောပါတယ်။ (၁) စာရင်းရှင်းနိုင်မှု တာဝန်ခံမှု accountability (၂) ရှင်းရှင်းလင်းလင်း ဆောင်ရွက်မှု transparency (၃) တာဝန်ယူဖြေရှင်းမှု responsiveness (၄) ခွင့်တူညီမျှ ပါဝင်ဆောင်ရွက်နိုင်မှု equity and inclusiveness (၅) စွမ်းရည်ရှိမှုအကျိုးရှိမှု effectiveness and efficiency (၆) တရားဥပဒေ လေးစားလိုက်နာမှု Rule of Law (၇)ပါဝင်ဆောင်ရွက်မှု parti-cipation (၈) အများသဘောတူဆောင်ရွက်မှု consensus oriented တို့ပါ။ အဲဒီ(၈)ချက်ထဲက အဓိကအကျဆုံးက စာရင်းရှင်းနိုင်မှု တာဝန်ခံမှု accountability လို့ ပြောပါတယ်။ ဒါက ideal pattern တွေပေါ့နော်ဆရာ။ တကယ်လက်တွေ့ behavior pattern နဲ့ ကွာခြားချက်တွေ နည်းနိုင်သမျှ နည်းအောင် ကြိုးစား ကြရမှာပဲနော်ဆရာ။

ဆရာ

အဲဒီနေ့က ဟောပြောပွဲပြီးတော့ ကျွန်တော်တို့တစ်တွေ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆရာ့ကို သတိရကြောင်း ပြောမိကြပါတယ်။ နောက်ပြီး ၉.၁.၁၁ နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာ့ရဲ့ဆရာ ဆရာကြီးဒေါက်တာ ခင်မောင်ဝင်း ကွယ်လွန်ခါနီး ဆေးရုံမှာ ပြောခဲ့တဲ့ စကားကို ဒေါက်တာသက်နိုင်က ပြန်ပြောပြတယ်။ ဆရာကြီးက သူမသေချင်သေးကြောင်း မသေချင်တာက သေရမှာ ကြောက်လို့ မဟုတ်၊ နောင်တက်လာမဲ့ အစိုးရသစ် ဘာတွေ လုပ်မလဲဆိုတာ သိချင်မြင်ချင်လို့ ပါတဲ့။

ဆရာ

ဒေါက်တာအောင်ထွန်းသက်ကတော့ intellectuals’ တွေရဲ့  တာဝန်က ကိုယ်လုပ်ပေးနိုင်စွမ်း ရှိသမျှ good governance and clean government အတွက် ပါဝင်ဆောင်ရွက်ဖို့ ဆိုပါတယ်။ ဆရာကတော့ ဆရာ သက်ရှိထင်ရှား ရှိစဉ်ကလည်း စာတွေ သင်ပေးခဲ့ စာတွေရေးခဲ့ပြီး နိုင်ငံသားကောင်း တာဝန်တွေ ကျေခဲ့ပါပြီ။ ဆရာ့ စာတွေကလည်း ဆရာ့ကိုယ်စား ဆက်လက် တာဝန် ထမ်းဆဲပါ ဆရာ။ သီတင်းကျွတ် လပြည့်နေ့က အဘိဓမ္မာ အခါတော်နေ့မို့ ဆရာပြောခဲ့တဲ့ စကားတစ်ခု သတိရမိပါတယ်။ ဒဿနိက ဗေဒကို လေ့လာနေသူ တစ်ဦးဟာ ဗုဒ္ဓ အဘိဓမ္မာကိုလည်း လေ့လာရမယ်။ အပြန်အလှန် အကျိုးပြုတဲ့ လေ့လာမှုဖြစ်တယ်လို့ ဆရာက ပြောခဲ့တယ်။ ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးရွှေဇံအောင်က အဘိဓမ္မာတရားကို Compendium of Philosophy လို့ ရေးသားခဲ့ပြီး လန်ဒန် ပါဠိအသင်းက ထုတ်ဝေခဲ့တယ်နော် ဆရာ။

ဆရာပြောခဲ့တဲ့ အတ္တသမ္မာ ပဏိဓိစ(မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း)ကို Ethical Principle တစ်ခုအဖြစ် PhD Thesis ရေးဖို့ PhD Candidate တစ်ယောက်ကို ဆရာ မကွယ်လွန်မီ တစ်လလောက် မှာ ဆရာက ခွင့်ပြုခဲ့တယ်။ Art of Living ဖြစ်တဲ့ ဗြာဟ္မာ့ ၀ိဟာရတရား လေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ)ကို အတ္တသမ္မာပဏိဓိစ (မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်း) Principle of Self-Awareness or Principle of Autonomy နဲ့  moral development ကျမ်းရေးဖို့ ဖြစ်လာပါတယ်။ Candidate က ကျွန်တော့်ကို မေးခွန်းတစ်ခု မေးတယ် ဆရာ။ မေတ္တာဆိုတာ သူတစ်ပါး အကျိုးလိုလားတဲ့ စိတ်ဆိုပေမဲ့ လူဆိုတာ ကိုယ့်အတ္တ အကျိုးလဲ ပါနေတတ်တာပဲ မဟုတ်လား ဆရာတဲ့။ ကျွန်တော်လည်း ဆရာပြောတဲ့ ideal pattern and behavior pattern ကိုပြောပြပါတယ် ဆရာ။ မေတ္တာစိတ်ဆိုတာ အဘိဓမ္မာမှာ အဒေါသ စေတသိက် ဖြစ်တယ်။

မေတ္တာစိတ်ဆိုတာ သူတစ်ပါးအကျိုး လိုလားတဲ့စိတ် ideal pattern ပဲ။ လူမှာဖြစ်တတ်တဲ့ အတ္တကိုယ်ကျိုး ကြည့်လုပ် တတ်တာက behavior pattern ပဲ။ ဖြစ်သင့်တာ (ought) နဲ့ ဖြစ်နေတာ (is) ကို ခွဲခြား သိရမယ်။ ဒဿနိက ဗေဒပညာက ဖြစ်သင့်တာကို လေ့လာတဲ့ ပညာဖြစ်တယ်။ ဖြစ်သင့်တဲ့ ideal pattern တွေကို နားလည်အောင် ကြိုးစားပြီး Principle ဖော်ထုတ် ပေးဖို့ပါပဲလို့ ပြောပြ လိုက်ပါတယ်ဆရာ။

Ref: EMG News

0 comments:

အပေါ်သို့