..............................

Friday, May 20, 2011

ဥက္ကဋ္ဌရာထူးအတွက် မြန်မာနိုင်ငံကို အာဆီယံ စောင့်ကြည့်မည်

ကျော်ကျော်သိန်း
ကြာသပတေး, 19 မေ 2011

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူး ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) က ပြောကြား လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီ မြို့တော်က Woodrow Wilson Center မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အတွင်းမှာ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က အခုလို ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ ပစ်ဆူဝန် ပြောကြားသွားတာတွေနဲ့ ပတ်သက်ပြီး သိရှိရအောင် ဒီအခမ်းအနားကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်က ပြောတဲ့ပုံအရဆိုရင် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပေးမယ်၊ မပေးဘူး ဆိုတာကို သူတို့ စောင့်ကြည့်ကြဦးမယ် ဆိုတဲ့ သဘောပေါ့။

“ဟုတ်ပါတယ်ခင်ဗျ၊ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ဒီနေ့ အခမ်းအနားမှာ ပြောသွားတာ ကတော့ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးဖို့၊ မပေးဖို့ဆိုတဲ့ နေရာမှာ သူတို့အနေနဲ့ ပိုပြီးတော့ စိတ်ချ ယုံကြည်ရတဲ့၊ ခိုင်မာတဲ့ အခြေအနေ တရပ်အထိ စောင့်ကြည့် ချင်သေးတယ်။ အဲဒီအချိန်အထိ၊ အဲဒီလို စိတ်ချ ခိုင်မာ ယုံကြည်ရတဲ့ အခြေအနေမျိုး ရောက်တဲ့အထိ ရွှေ့ဆိုင်းထားခဲ့တယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားပါတယ်။

“ဘာကြောင့်လဲဆိုတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ဆိုတာက ဘယ်နှစ် ဘယ်နှစ်မှာ ဘယ်လို ထမ်းဆောင်ရမယ် ဆိုပြီးတော့ သူ့အလိုအလျောက် ဖြစ်လာတာ မဟုတ်ဘူး၊ ဒါကြောင့် မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌရာထူး ပေးဖို့အတွက် ဆိုရင် အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ပိုပြီးတော့ စိတ်ချ ယုံကြည်ရတဲ့ အခြေအနေမျိုးအထိ စောင့်ကြည့် ချင်သေးတယ်၊ အဲဒီအချိန် ရောက်တဲ့ အထိ ရွှေ့ဆိုင်း ထားချင်သေးတယ်လို့ အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။”

အဲဒီလို အခြေအနေ ရောက်တယ်၊ မရောက်ဘူး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်တယ်၊ မရောက်ဘူး ဆိုတာကရော သူတို့က ဘယ်လို အတိုင်းအတာနဲ့ သတ်မှတ်မှာလဲခင်ဗျ။

“ဒီနေရာမှာ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာအစိုးရက ဘာတွေလုပ်တာကို မြင်ချင်တာလဲ ဆိုတဲ့ အပေါ်မှာတော့ သူက အာဆီယံ ခေါင်းဆောင်တွေက တခြား မြန်မာလူထု လိုချင်တဲ့ အတိုင်းပဲ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိတာကို မြင်ချင်တယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်တာကို မြင်ချင်တယ်၊ မြန်မာအစိုးရက နဂို ကြေညာထားခဲ့တဲ့ အတိုင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမယ် ဆိုတဲ့အတိုင်း နိုင်ငံမှာ အဲဒီလမ်းကြောင်း အတိုင်း လျှောက်လှမ်းနေတယ် ဆိုတာကို မြင်ချင်တယ်၊ တနည်းအားဖြင့် သူက ပိုပြီးတော့ တည်ငြိမ်တဲ့ အခြေအနေ၊ ပြည်သူလူထုအတွက် ပိုပြီးတော့ ပွင့်လင်း မြင်သာမှုရှိတဲ့ အခြေအနေကို မြင်ချင်တယ်လို့ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ပြောပါတယ်။”

နောက်တခုက သူတို့ မြန်မာနိုင်ငံကို ဥက္ကဋ္ဌအဖြစ် အလှည့်ပေးဖို့ ဘယ်တော့လောက် ဆုံးဖြတ်ကြမှာလဲ ခင်ဗျ။

“အတိအကျ ဘယ်တော့ဆုံးဖြတ်မယ် ဆိုတာကိုတော့ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ပြောမသွားပါဘူး။ ဒါပေမဲ့ လာမယ့် နိုဝင်ဘာလ ကျရင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေရဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ရှိပါတယ်။ အဲဒီအစည်းအဝေး မတိုင်ခင်မှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ (Marty Natalegawa) မြန်မာနိုင်ငံကို သွားပါလိမ့်မယ်။

“သွားပြီးရင် သူက မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုရှိနေသလဲ၊ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေးက အစိုးရ ပြောထားတဲ့ အတိုင်း ရှိနေသလား၊ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ် ဘယ်လိုဖြစ်နေတယ် ဆိုတာကို သူက သွားရောက် တွေ့ဆုံ ဆွေးနွေးပြီး သတင်း အချက်အလက်တွေ စုဆောင်း ယူလာပါလိမ့်မယ်။ အဲဒီ သတင်းအချက်အလက်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက အာဆီယံ ခေါင်းဆောင်တွေကို အစီရင်ခံပါမယ်။

“အဲဒီနေရာမှာ အာဆီယံ ခေါင်းဆောင်တွေက သူတို့ ရရှိထားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စကို စဉ်းစား ဆွေးနွေးကြဖို့တော့ ရှိပါတယ်။ သို့သော် အဲဒီ ဘာလီကျွန်း ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေး တကယ် ဆုံးဖြတ်မယ်၊ မဆုံးဖြတ်ဘူး ဆိုတာကိုတော့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်က အတိအကျ ပြောမသွားပါဘူးခင်ဗျ။”



Ref: VOA News

0 comments:

အပေါ်သို့