..............................

Thursday, May 19, 2011

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် ရောက်ရှိ

ရန်ပိုင်
Wednesday, 18 May 2011

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် မြန်မာ နိုင်ငံသို့ ဒုတိယအကြိမ် ယနေ့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံတွင် လာမည့် စနေနေ့အထိ ၄ ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း၊ ခရီးစဉ် အတွင်း အစိုးရ အဆင့်မြင့် အရာရှိများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ စီးပွားရေး အသိုင်းအ၀န်းမှ လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့များ နှင့် လည်း တွေ့ဆုံမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တိုနာ က ဆိုသည်။

“အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ စိတ်အား ထက်သန်နေတယ် ဆိုတာကို အခု ခရီးစဉ်က ပြသနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်မြောက် လာခြင်းကို တိုးတက်မှု တခု အဖြစ် ရှုမြင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် လိုအပ်ကြောင်းလည်း မစ္စတာ မာ့ခ် တိုနာ က တိုက်တွန်း ပြောကြားသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း ၏ ယခုအကြိမ် ခရီးစဉ် သည် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် လာရောက်ခြင်းဖြစ်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စများ အပြင်ကို ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် ကိစ္စများကိုလည်း ဆွေးနွေး လိမ့်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း ၏ အဆိုအရ သိရ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက“လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ရဲ့ ခရီးစဉ်ကို ကျနော်တို့ ကြိုဆိုပါတယ်၊ အမေရိကန် အစိုးရအနေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး မူဝါဒကို စိတ်ရှည်ရှည် ကျင့်သုံး နေခြင်းဟာ ဒီမိုကရေစီ အရေးကို လိုလားတဲ့ အတွက်လို့ မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်ပိတ်ဆို့ အရေး ယူထားမှုများ အားလုံးကို တနှစ် သက်တမ်း ထပ်မံ တိုးမြှင့်ကြောင်း သမ္မတ အိုဘားမား က ကြေညာခဲ့သည်။

အရေးယူပိတ်ဆို့မှုများကို ၁၉၉၇ ခုနှစ်မှ စတင်ပြီး အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေး အရေးပေါ် အက်ဥပဒေ အရ စတင်ခဲ့
ခြင်း ဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများကို အမေရိကန်အစိုးရက မရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေနှင့် လူ့အခွင့် အရေး တိုးတက်မှု မရှိသေးသည့် အတွက်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက် လည်ပတ် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီ အပါအ၀င် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံခဲ့ သေးသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထို တောင်းဆိုချက်ကြောင့် သမ္မတသစ် ဦးသိန်းစိန်က သေဒဏ် ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် တသက် သို့ လည်းကောင်း၊ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ပြစ်ဒဏ် တနှစ်သို့ လျှော့ပေးခဲ့သည်။

အဆိုပါ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်သည် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုမှုကို ပြက်ရယ် ပြုနေသကဲသို့ ဖြစ်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ပြောဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့