..............................

Monday, May 16, 2011

မစၥတာ နမ္ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

ရန်ပိုင်
Thursday, 12 May 2011

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၆နာရီခန့်က မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြသည်။

မစ္စတာ နမ်ဘီယာသည် ညနေ ၅နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရောက်ရှိလာပြီး ဆွေးနွေးကြရာ ည ၇ နာရီတွင် ပြီးဆုံး သွားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် မစ္စတာ နမ်ဘီယာ အနေဖြင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ လာရောက် ခဲ့စဉ်က စစ်အစိုးရ အုပ်ချုပ်နေသည်ကို မြင်တွေ့ရကြောင်း၊ ယခုအကြိမ် လာရောက်သော အခါ အရပ်သား အစိုးရ အာဏာ လွှဲပြောင်း ထားသည်ကို တွေ့ရသည့် အတွက် အပြောင်းအလဲဟု ထင်မြင် ယူဆပုံရကြောင်း ပြောဆိုသည် ဟု ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းထောက်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်၍ မစ္စတာ နမ်ဘီယာက နေပြည်တော်ရှိ အစိုးရ ၀န်ကြီးများနှင့် တွေ့ဆုံရာတွင် တောင်းဆို ခဲ့သော်လည်း အစိုးရ ၀န်ကြီးများက ပြန်လည် တုံ့ပြန်ခြင်း မရှိဟု သိရသည်။

မစ္စတာ နမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယ အကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၄ ရက် အကြာတွင် တွေ့ဆုံခြင်း ဖြစ်သည်။

မစ္စတာ နမ်ဘီယာ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် အစိုးရအဖွဲ့၏ အရေးပါသော ၀န်ကြီးများဖြစ်သော နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ထိုသို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံခြင်းသည် သမ္မတသစ် ဦးသိန်းစိန် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။

မစ္စတာနမ်ဘီယာသည် မနက်ဖြန် နံနက် ၁၁နာရီတွင် ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) အပါအ၀င် နိုင်ငံရေး ပါတီ ၁၀ ပါတီနှင့်လည်း ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ် (UNDP) ရုံး၌ တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန် ထမ်းဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူး ကိုယ်စားလှယ်ဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့