..............................

Monday, April 11, 2011

ထိုင်း မှောင်ခိုပစ္စည်း ပိတ်ပင်မှု ပြန်လည်ရုပ်သိမ်း

Friday, 08 April 2011

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ထိုင်းကုန်ပစ္စည်းများ တရားမ၀င် တင်သွင်း နေခြင်းအား မြန်မာ အာဏာပိုင်များက တလခန့် ပိတ်ပင် ထားမှုကို ပြန်လည် ရုပ်သိမ်း လိုက်သဖြင့် နယ်စပ် ကုန်သွယ်ရေး တချို့ ပြန်လည် ကောင်းမွန် လာသည်ဟု ကုန်သည်များက ပြောသည်။

နေပြည်တော် အမိန့်ဖြင့် မတ်လ ၉ ရက်နေ့က ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်သို့ မှောင်ခို တင်ပို့မှုများကို ပိတ်ပင်ထား ရာမှ မတ်လ ကုန်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာဘက်မှပြန်လည်ခွင့်ပြုပေးမှုကြောင့် ထိုင်းနိုင်ငံထုတ်လူသုံးကုန်၊ စားသုံးကုန်များကို နှစ်နိုင်ငံ ကုန်သည်များက နေ့ည မပြတ် တင်သွင်းလျှက် ရှိသည့် အတွက် သင်္ကြန်ကာလ မတိုင်မီ ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ အတွင်း ထိုင်း စားသောက် ကုန်ပစ္စည်း ဈေးနှုန်းများ ပြန်လည် ကျဆင်း လာခဲ့ကြောင်း မြန်မာ ကုန်သည်များက ပြောဆိုကြသည်။

ရန်ကုန်မှ စားသောက်ကုန် တင်သွင်းသည့် မြန်မာကုန်သည်တဦးက “ထိုင်းစားသောက်ကုန်တွေက ဈေးကွက် ပြတ်ပြီး အဆ မတန် ဈေးတက် နေရာကနေ မြ၀တီ လမ်းကနေ ပစ္စည်းတွေ ပြန်ဝင်တော့ ဈေးက အများကြီးကို ပြန်ကျသွားတယ်၊ ဒီ သင်္ကြန်မှာ ဈေးတက်မယ်လို့ ထင်ထားတဲ့ ထိုင်းကုန်တွေထဲက သံဘူး ဘီယာဆိုရင် တဖာကို ကျပ်လေးရာ နီးနီးဈေးကျ သွားတယ်၊ အခြား စားသောက်ကုန်တွေလည်း ဒီအတိုင်းပဲ မြ၀တီ လမ်းကိုသာ တရားဝင် ပြန်ဖွင့်ခဲ့ရင် ဒီထက်မက ဈေးနှုန်း တွေ ထပ်ကျဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သင်္ကြန်ကာလအမီ ကုန်သည်များ အဓိကတင်သွင်းနေသည့် ထိုင်းစားသောက်ကုန်များ ထဲတွင် အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ ဘီယာမျိုးစုံ၊ အချိုမှုန့်နှင့် စားအုန်းဆီများကို တင်သွင်းလျှက် ရှိကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မြ၀တီနယ်စပ်ကုန်သွယ်ရေးကိုပိတ်ကာ ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းများ နေရာတွင် တရုတ်နိုင်ငံ ထုတ်ကုန်များနှင့် အစားထိုး တင်သွင်းခွင့် ပြုထားသော်လည်း အရေအသွေး ညံ့သည့် အတွက် ထိုင်းကုန်များ မြန်မာ နိုင်ငံတွင် ဈေးကွက် ရရှိနေခြင်း ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းစားသောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများ၊ အ၀တ် အထည်များ အပါအ၀င် လယ်ယာသုံး ပစ္စည်းများကိုလည်း မြန်မာ ကုန်သည်များက တင်သွင်းလျှက် ရှိသည်ဟုလည်း သိရ သည်။

မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေး အကြောင်း ပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့သည်မှာ ယနေ့ အထိဖြစ်သည်။

ယင်းသို့ မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို ပိတ်လိုက်သဖြင့် တရားမ၀င် နည်းဖြင့် ကုန်သွယ်မှု ပြုရာ တလလျှင် ဘတ်သန်း ၈၀၀ ဖိုး ခန့်သာ ရှိတော့သည်ဟု ထိုင်းကုန်သည်ကြီးများ အသင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြော တရားဝင်ဖွင့်လှစ်ထားစဉ်က မြန်မာ ဘက်သို့ တင်ပို့သည့် ထိုင်းကုန်ပစ္စည်း တန်ဖိုးမှာ တလလျှင် ထိုင်းဘတ် သန်း ၃၀၀၀ ကျော် ရှိကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်း၏ မှတ် တမ်းများအရ သိရသည်။

လက်ရှိ မဲဆောက်-မြ၀တီ ကုန်သွယ်ရေးတွင် မြန်မာဘက်က ထိုင်းဘက်သို့ ပရိဘောဂ အပါအ၀င် သစ်တောထွက် ပစ္စည်းများ၊ လယ်ယာ ထွက်ကုန်များ၊ ရေထွက် ပစ္စည်းမျိုးစုံနှင့် ချည်ထည်များ တင်ပို့လျှက် ရှိသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ထားသောကြောင့် မဲဆောက်ရှိ ထိုင်းကုန်သည်ကြီးများမှာ တာချီလိတ်နှင့် ရနောင်း နယ်စပ်များမှ တဆင့် မြန်မာ နိုင်ငံဘက် ကုန်ပစ္စည်း တင်ပို့ နေရသောကြောင့် ခရီးဝေးပြီး ကုန်ကျ စရိတ် ပိုများသည်ဟု ထိုင်းကုန်သည်ကြီးများက ပြောသည်။

မြ၀တီမှ ရန်ကုန်သို့ အကွာအဝေးမှာ၂၆၅ မိုင်သာရှိသောကြောင့် မြ၀တီနယ်စပ်မှ တဆင့် ကားဖြင့် ကုန်စည် စီးဆင်းပါက ၁၄ နာရီ ခန့်သာ ကြာသည့်အတွက် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး အတွက် အကောင်းဆုံးလမ်းကြော ဖြစ်သည်ဟု လည်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့