..............................

Monday, April 11, 2011

ကနေဒါနိုင်ငံသား ပြန်လွတ်ပြီ

Saturday, 09 April 2011

တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားကို မြန်မာ အာဏာပိုင်များက ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက် အာဏာပိုင်များ ထံသို့ လွှဲပြောင်း ပေးလိုက်သည်။

ထိုင်းအာဏာပိုင်များ၏ ညှိနှိုင်းပေးမှုအရ မြန်မာ အာဏာပိုင်များက ယနေ့မွန်းလွဲ တရာနာရီ ခန့်တွင် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့နယ် အတွင်းသို့ တရားမ၀င် ၀င်ရောက်ခဲ့သည့် ကနေဒါ နိုင်ငံသား မစ္စတာ ရွန် ဇက်ရက်စကီ (Ron Zakreski) ကို မြ၀တီမှ တဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ပြန်လည် ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

မြ၀တီမြို့နယ် နယ်ခြားကော်မတီ၏ ထိုင်းဘက် ဆိုင်ရာ ဥက္ကဌက မြန်မာ အာဏာပိုင်များနှင့် ဆက်သွယ်၍ ညှိနှိုင်း ဆွေးနွေး ခဲ့ခြင်းကြောင့် မစ္စတာ ရွန် ဇက်ရက်စကီသည် တစုံတရာ အရေးယူ အပြစ်ပေး ခံရခြင်း မရှိ ပြန်လည် လွှတ်မြောက် လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာသည့် မစ္စတာ ရွန် ဇက်ရက်စကီကို ထိုင်း အာဏာပိုင် များက မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်သို့ ခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု လည်း သိရသည်။

မစ္စတာ ရွန် ဇက်ရက်စကီ က“ အဖမ်းအဆီးခံရတဲ့ ကာလ အတွင်းမှာ မြန်မာ အာဏာပိုင်တွေက ကျနော့်ကို ကောင်းကောင်း မွန်မွန်ပဲ ထားပါတယ်။ ညှဉ်းပန်း နှိပ်စက်တာတွေလည်း မရှိပါဘူး”ဟု ဒေသခံ သတင်းထောက်များကို ပြော သည်။

လူဝင်မှုကြီးကြပ်ရေး(လ၀က) တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ဥပဒေဖြင့် တရား စွဲဆိုခြင်း ခံနေရသည့် မစ္စတာ ရွန် ဇက်ရက်စကီ ၏ အမှုကို မြန်မာ အာဏာပိုင်များက သင်္ကြန်ကာလ အပြီးမှသာ ဆက်လက်စစ် ဆေးရန် ရှိသော်လည်း ထိုင်းနိုင်ငံ ဘက်မှ ၀င်ရောက် ညှိနှိုင်းပေးမှုကြောင့် ပြန်လည် လွှတ်ပေး လိုက်ခြင်း ဖြစ်သည်ဟု မြ၀တီမြို့မှ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မစ္စတာ ရွန် ဇက်ရက်စကီ သည် မတ်လ ၂၃ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ ဝေါ်လေရွာ နယ်စပ်မှ တဆင့် နယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကာ မြန်မာနိုင်ငံ ဝေါ်လေမြိုင် ရွာဘက်သို့ သွားရောက်ကာ ဓာတ်ပုံ လိုက်လံ ရိုက်ကူးနေစဉ် မြန်မာ အာဏာပိုင်များက ဖမ်းဆီးပြီး မြ၀တီရှိ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားကာ လ၀က အမှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

မစ္စတာရွန် ဇက်ရက်စကီ ကိစ္စနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များဘက် မှ တစုံတရာ အရေးယူမှု ရှိ မရှိကို မသိရ သေး ပေ။

ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီမြို့သို့ တရားမ၀င် သွားရောက်ခဲ့သည့် APF သတင်း ဌာနမှ ဂျပန်လူမျိုး သတင်းထောက် မစ္စတာ တိုရု ယာမဂျိကို မြ၀တီရဲက ဖမ်းဆီးပြီး လ၀က ဥပဒေဖြင့် တရားစွဲကာ ပြည်နှင်ဒဏ်ဖြင့် ထိုင်းဘက်သို့ နယ်စပ်မှတဆင့် ပြန်ပို့ခဲ့ဖူးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့