..............................

Friday, April 9, 2010

တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန် တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား

စိုးမိုး/ ၈ ဧပြီ ၂ဝ၁ဝ

မြန်မာ့အဓိက နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရပေါ် တရား စွဲဆိုခဲ့ခြင်းကို တရားရုံးချုပ်က အကြောင်းပြချက် မပေးဘဲ ငြင်းဆန်ခဲ့သည် အတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တရားရုံးချုပ် တရားသူကြီးထံ ယနေ့ အကြောင်းကြားစာ ပေးပို့လိုက်သည်။

ပြီးခဲ့သည့် မတ် (၂၃) ရက်၌ အန်အယ်လ်ဒီက စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေများတွင် တရားမျှတမှု မရှိခြင်းကြောင့် ပါတီ၏ ထိခိုက်နစ်နာမှုများ အတွက် စစ်အစိုးရကို အရေးယူပေးပါရန် ဗဟို တရားရုံးချုပ်ကို ဦးတိုက် လျှောက်ထားချက်ကို အကြောင်းပြချက် မပေးဘဲ တရားရုံးချုပ်က လက်မခံခဲ့ခြင်း ဖြစ်သည်။

“အရင်တခါ ကျနော်တို့ ဦးအောင်ရွှေကိုယ်တိုင် တရားရုံးချုပ်မှာ နအဖကို တရားစွဲဆိုတာကို သွားတင်တယ်။ အဲဒီတင်တဲ့အခါမှာ တရားရုံးက လက်မခံဘူး၊ မှတ်ပုံမတင်ဘူး။ အဲဒီကိစ္စက ဥပဒေပြဋ္ဌာန်းချက်အရ မှားနေတယ်။ ဥပဒေပြဋ္ဌာန်းချက်မှာ ဘယ်လို ရှိတယ်ဆိုတာကို အကျိုးအကြောင်း ဖော်ပြပြီး တရားသူကြီးချုပ်ကို ကျနော်တို့ ဒီနေ့ စာတိုက်ကနေ စာတစောင် ပို့လိုက်တယ်။ ဦးအောင်ရွှေ လက်မှတ်ထိုးပြီးတော့” ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရအား တရားစွဲဆိုချက်ကို ဗဟိုတရားရုံးချုပ် ၀န်ထမ်းက “ကျမတို့တွင် စီရင်ပိုင်ခွင့် မရှိပါ” ဟုသာပြောပြီး တရားစွဲဆိုချက်ကို လက်မခံခဲ့သည့်အတွက် တရား ဥပဒေကြောင်းအရ ဤသို့ ငြင်းခွင့် မရှိကြောင်း အန်အယ်လ်ဒီက တင်ပြခြင်းဖြစ်သည်။

“ဥပဒေပြန်ဋ္ဌာန်းချက်တွေ တရားရုံးလက်စွဲမှာ ဘယ်လိုရှိတယ်။ ဒီဥစ္စာ ဒီလို ငြင်းခွင့်မရှိဘူး။ ငြင်းမယ်ဆိုရင်လည်း အကျိုး အကြောင်း ဖော်ပြပြီး ငြင်းရတယ်။ အဲတော့ ဒီဟာနဲ့ ပတ်သက်ပြီး လိုအပ်သလို ဆောင်ရွက်ပေးပါဆိုပြီး အကြောင်းကြားတာပါ ” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီပါတီ အနေဖြင့် ယခုကဲ့သို့ စစ်အစိုးရအား တရားစွဲဆိုမှုကို ဆက်လက်လုပ်ဆောင်သွားရန် ဆွေးနွေး နေကြောင်းလည်း သိရသည်။

ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြင်ခွင့် အတွက်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနသို့ ဦးအောင်ဆန်းဦး၏ တရားရုံးအမိန့်စာနှင့် အတူတွဲပြီး ယနေ့ ဧပြီ (၈) ရက်တွင် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီး ဖြစ်သဖြင့် ယင်းအမိန့်စာနှင့် အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနသို့ ပြန်လည် တင်ပြလိုက်ခြင်း ဖြစ်ပြီး အိမ်ပြန်လည်ပြင်ဆင်ရန် စည်ပင်ခွင့်ပြုချက်သာ လိုတော့ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့