..............................

Tuesday, April 6, 2010

စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း

ခိုင်လင်း/ ၅ ဧပြီ ၂ဝ၁ဝ

စစ်လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် စစ်ကား အစီး (၁ဝဝ) ခန့် ကချင်ပြည်နယ် ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။

အဆိုပါ စစ်ကားများသည် ယမန်နေ့ ညနေပိုင်းက မန္တလေး-ဗန်းမော်လမ်းကြောင်းမှ တဆင့် ဗန်းမော်မြို့သို့ ရောက်ရှိကာ ညအိပ် ရပ်နားခဲ့ပြီး ယနေ့ နံနက်ပိုင်း ပြန်လည် ထွက်ခွာလာခဲ့ရာ နံနက် (၁၁) နာရီခန့်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် မလှမ်းမကမ်းရှိ မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနား မြို့ဘက်သို့ ဦးတည် မောင်းသွားခဲ့ကြောင်း လိုင်ဇာ ဒေသခံတဦးက ပြောသည်။

၎င်းက “အမြောက်တင်ထားတဲ့ ကားက အစီး (၂ဝ) လောက်ပါမယ်။ အမြောက်တလက်ကို ကားတစီးပေါ့။ မိုးကာ အုပ်ထားတယ်။ ဒါပေမယ့် အမြောက်ပြောင်းတွေက ထွက်နေတာ။ ကျန်တဲ့ ကားတွေကတော့ မိုးကာ အုပ်ထားတော့ ဘာတင်လာသလဲ မသိရဘူး။ ကားတွေမှာ စစ်သားတွေလည်း ပါလာတယ်။ အဲဒီကားတွေ ဖြတ်တဲ့အချိန် ကျန်တဲ့ ခရီးသည်တင် ကားတွေ၊ ဆိုင်ကယ်တွေ ရပ်ထားရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မြစ်ကြီးနားမြို့ဘက်မှ ဗလမင်းထင် တံတားကို ဖြတ်ကျော်ကာ ဝိုင်းမော်မြို့နယ် အရှေ့ဘက် ကေအိုင်အို တပ်စခန်းများ အနီးရှိ ယခင် ကေအိုင်အို ဌာနချုပ်ဟောင်း ပါဂျိုနှင့်နားဖော့တွင် တပ်စွဲနေသည့် နအဖ တပ်စခန်းများသို့ လက်နက်ခဲယမ်း မီးကျောက်များကို လားများဖြင့် သယ်ယူမှုလည်း ရှိခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် ယနေ့အချိန်အထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ထား သကဲ့သို့ နအဖ ဘက်ကလည်း ဧပြီ (၂၈) ရက်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နောက်ဆုံးရက် သတ်မှတ်ပြီး ဖိအား ပေးနေချိန်တွင် ယခုကဲ့သို့ စစ်လက်နက် ခဲယမ်းမီးကျောက်များ သယ်ဆောင်နေခြင်းဖြစ်သည်။

ကေအိုင်အိုအပါအဝင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင် မပြောင်း၍ တိုက်ခိုက်ခြင်းမျိုး ယခုလပိုင်း အတွင်း လုပ်လိမ့်ဦးမည် မဟုတ်ဘဲ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးအတွက် စစ်ရေးအရ ဟန်ပြ ခြိမ်းခြောက်ခြင်းမျိုး ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ်တဦးက ပြောဆိုသည်။

၎င်းက “မတရားအသင်း အရင်ကြေညာမယ်။ ပြီးမှ တရားဥပဒေနဲ့ မညီတဲ့ အလုပ်တွေ လုပ်ပါတယ်ဆိုပြီး စွပ်စွဲပြီးမှ တိုက်ခိုက်တာမျိုး ဖြစ်မှာ။ တကယ် တိုက်ကြမယ်ဆိုရင် စစ်ဖြစ်တဲ့အချိန်မှ အဲလို လက်နက်၊ ကျည်ဆန်တွေ ပို့လို့ရတာပဲ။ လမ်းတွေ ဒီလောက် ဖောက်ထားတဲ့ဥစ္စာ။ အခုတော့ လူတွေ မတွေ့တွေ့အောင် တမင်လုပ်ပြနေတာ။ တလောက ကျိုင်းတုံကို မစ် (၂၉) တိုက်လေယာဉ် လာပြီး အဆင်းအတက် လုပ်တာတို့ ဆိုတာ ခြိမ်းခြောက်ပြနေတာ။ မိတ္တီလာကနေ မိနစ်ပိုင်းအတွင်း လာလို့ရတယ်။ အခုတော့ လူရယ်စရာတောင် ဖြစ်နေသေးတယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့