..............................

Monday, April 5, 2010

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၅/ ဧပြီ ၂၀၁၀

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြု ပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည် နိုင်ငံရေးမှာ အတော်လေး ကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်း တခုကတော့ ပါတီနိုင်ငံရေး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီ သုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူး ထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန် လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ စစ်တပ်က တီထွင်တဲ့ စကားလုံး မဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့ လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေ ကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီ အကျိုးသာ ကြည့်သူလို့ အပုပ်ချ တိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့ သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ် ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသား နိုင်ငံရေးဖြစ်တယ်လို့ အင်မတန် သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တ အစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီ စာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ(ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာ သိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကို ရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေး အင်အားစု မှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စု ပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့ မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်း ဖြစ်တယ် ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး ပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင် အားလုံးလိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟို ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလ တုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသော ပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက် ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖ ထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက် သင့်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့် ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့ မရပါဘူး။ အလားတူပဲ အမျိုးသား နိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့် မရှိဘူးလို့ လက်ဝါးကြီး အုပ်လို့လည်း မရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်း တခုပဲဖြစ်ဖြစ် နိုင်ငံရေး လုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံး ဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့ အများစုကြီးကို ကိုယ်စားပြုတဲ့ လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့ မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထု အများစုကြီးကို ကိုယ်စား မပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်း တပြည်လုံးက ပြည်သူတွေကို မဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေကိုတောင် ကိုယ်စား မပြုနိုင်ဘူးဆိုတာ လက်တွေ့ မြင်ခဲ့ကြရပြီ မဟုတ်ပါလား။

တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စု လက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို တွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလို အာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စု အဆက်ဆက် လက်ဆင့်ကမ်း သယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ် တ၀က်နီးပါး ရှိခဲ့ပါပြီ။

ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်း ထားသလားလို့ မေးကောင်း မေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင် ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ် ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝ မရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကို အသုံးပြုပြီး ပြည်သူလူထုကို ချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ ပြစရာ ရှိလို့လားလို့ မေးချင် မေးလာ ပါလိမ့်မယ်။ အမျိုးသား နိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလ တခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသား အများစုကြီးနဲ့ တိုက်ရိုက် ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းဖို့ လက်ငင်း လိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလို အရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထု အများစုကြီးဘက်က ပါဝင် လုပ်ကိုင်တာဟာ အမျိုးသား နိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသား နိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက် ပတ်သက်တဲ့ ဖက်ဆစ် တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလ တခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည် ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသား နိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသား နိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသား နိုင်ငံရေးဟာ ကိုလိုနီဘ၀က လွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့ နောက်မှာတော့ မြန်မာပြည် အမျိုးသားနိုင်ငံရေးရဲ့ အဓိက လက္ခဏာဟာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး ဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက် တိုက်ပွဲ ၀င်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖ အပါအ၀င် စစ်အုပ်စု အဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင် ဖျက်ဆီးကြသူတွေ ဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေ မဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့