..............................

Tuesday, April 6, 2010

နယ်ခြားစောင့်တပ်ဖွဲ့ရန် နောက်ဆုံးရက် သတ်မှတ်ထား

ပေါက်ပေါက်/ ၅ ဧပြီ ၂ဝ၁ဝ

လာမည့် ဧပြီ (၂၈) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကေအိုင်အို အဖွဲ့အား နအဖက ရက် သတ်မှတ်လိုက်သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် (စရဖ) ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယမန်နေ့က မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ပြီး ယင်းသို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ကေအိုင်အိုနှင့်နီးစပ်သူတဦးက “ဒီလ (၂၈) ရက်ကို နောက်ဆုံးရက် သတ်မှတ်လိုက်တယ်။ လက်မခံဘူး ဆိုရင်တော့ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားတာ ပြန်ရုပ် သိမ်းပေးရမယ်။ လက်ခံတယ်၊ လက်မခံဘူး ဆိုတာဘဲ ပြတ်ပြတ်သားသား ပြောဖို့ ဖိအား ထပ်ပေးတာပေါ့။ အမှန်ကတော့ ကေအိုင်အိုက စာနဲ့လည်း ဗိုလ်ချုပ်မှူးကြီးကို တင်ပြပြီးပြီ။ ကေအိုင်အို သဘောထားကတော့ သူတို့ပြောတဲ့ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ဘူး” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အစား ကချင်ဒေသ ကာကွယ်ရေးတပ် အဖြစ်လည်းကောင်း၊ ပြည်ထောင်စု တပ်မတော် အတွင်းရှိ ကချင်တပ်မတော် အဖြစ်လည်းကောင်း ဖွဲ့ပေးရန် တောင်းဆို ထားသကဲ့သို့ ပင်လုံ သဘောတူညီချက်ပါ တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိပါက လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကေအိုင်အိုက ယမန်နှစ်က စာရေးသား တင်ပြခဲ့ပြီး ဖြစ်သော်လည်း နအဖဘက်က လက်ခံခြင်း မရှိခဲ့ပေ။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် မိုင်းလား တပ်ဖွဲ့တို့အား ဧပြီ (၂၈) ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မကြာသေးမီ ရက်ပိုင်းက စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က သွားရောက် ပြောဆိုပြီးနောက် ကေအိုင်အို အဖွဲ့နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်ပြောင်းရန် ယခုကဲ့သို့ နောက်ဆုံးရက် သတ်မှတ် ဖိအားပေးမှုများ ရှိနေသော်လည်း စစ်ရေးအရ တိုက်ခိုက်သည် အထိ နအဖဘက်က အလွယ်တကူ ဆုံးဖြတ်လုပ်ကိုင်ရန် မရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “စစ်တိုက်တာကတော့ တိုက်လို့တော့ ရတာပေါ့။ လွယ်လွယ်ကူကူနဲ့ စစ်ပွဲက မပြီးသွားနိုင်ဘူး။ ဝတို့၊ ကေအိုင်အိုတို့လို အဖွဲ့တွေကို အချိန်တိုအတွင်း သွားတိုက်လို့မှ မရတာ။ ပြီးတော့ တဖွဲ့တည်းကိုပဲ တိုက်လို့မရဘူး။ နောက်ပြီး ပြည်တွင်းက နိုင်ငံရေး ကိစ္စတွေကလည်း ရှိသေးတယ်” ဟု ပြောသည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့