..............................

Thursday, April 8, 2010

အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက ယူအန်အေ ရွေးကောက်ပွဲ မ၀င်

ဝီရ/ ၇ ဧပြီ ၂ဝ၁ဝ

ကုလသမဂ္ဂမှ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်များကို ထောက်ခံကာ နအဖထံ တင်ပြ တောင်းဆို ထားသည်ကို အကြောင်း မပြန်ကြားပါက ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း စည်လုံး ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (ယူအန်အေ) က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်းက “ကုလသမဂ္ဂက ညှိနှိုင်းထားတဲ့ အတိုင်း စစ်အစိုးရကို ယူအန်အေက အကြိမ်ကြိမ် တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးပြီးတော့ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီအရ ဆန့်ကျင်နေတဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေပါ အချက်အလက်တွေကို သုံးပွင့်ဆိုင် ဆွေးနွေးသွားခြင်းဖြင့် စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဖြေရှာသွားဖို့ ကိစ္စကို စစ်အစိုးရဘက်က စဉ်းစားပေးပြီး အကြောင်းပြန်ကြားဖို့ အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ နအဖ၊ အန်အယ်လ်ဒီနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးတို့ကို နအဖစစ်အစိုးရထံ တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် ဘက်ပေါင်းစုံမှ ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရအား တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လုပ်ဆောင် သင့်ကြောင်းလည်း နိုင်ငွေသိမ်းက ပြောသည်။

“နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့တို့က အဲဒီလိုဖြစ်လာဖို့ တောင်းဆိုတယ်။ ဒါပေမယ့် စစ်အစိုးရက လိုက်လျောညီထွေစွာ ပြန်လည် တုံ့ပြန်လာတာ မရှိခဲ့ဘူး။ ဒါကို အကြောင်းမပြန်ရင် ယူအန်အေ အဖွဲ့ဝင် အားလုံးက လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပါဖို့ မစဉ်းစားဘူး ဆိုတဲ့ အကြောင်း ထုတ်ပြန်တာ ဖြစ်တယ်” ဟု ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားလူမျိုးစုပါတီ (၁၂) ခုဖြင့် ဖွဲ့စည်းထားသော ယူအန်အေ မဟာမိတ်အဖွဲ့သည် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) မှလွဲ၍ ကျန်အဖွဲ့များမှာ စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံထားရသည်။

ယူအန်အေ၏ ဧပြီ (၇) ရက် ကြေညာချက်တွင် မြန်မာစစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၊ ပုဂ္ဂိုလ်များအား လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်များကို ကန့်သတ် ချုပ်ကိုင်ထားသည့် အတွက် ဒီမိုကရေစီအရ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ဥပဒေများနှင့် ဆန့်ကျင်နေသည် ဟုလည်း ဖော်ပြထားသည်။

နိုင်ငွေသိမ်းက “လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မန်းဒိတ်ပေးထားတဲ့ အန်အယ်လ်ဒီ မဝင်ဘူး။ ယူအန်အေထဲက အဖွဲ့တွေ မဝင်ဘူး။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိမှာမဟုတ်ဘူး။ စစ်အစိုးရအနေနဲ့လည်း ပြည်သူကို အသိပေးတာ မရှိဘဲ တဆင့်ပြီးတဆင့် လုပ်နေတာတွေ့ရတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကအစ အခုချိန်ထိ အတိအလင်း ကြေညာသေးတာလည်း မဟုတ်ဘူးလေ။ ဒါက ဘာကိုပြသလဲဆိုရင် တရားမျှတမယ့် ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ပြသနေတယ်” ဟု ပြောကြားသည်။

နအဖက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားနှင့် ကွဲလွဲနေပြီး နိုင်ငံတကာ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင်နေသည့် အတွက် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအား ပိုမို ဖိအားပေးသွားရန် ယူအန်အေက ပြီးခဲ့သည့် မတ် (၁၆) ရက်တွင် ကုလသမဂ္ဂသို့ စာရေးသား ပေးပို့ခဲ့သည်။

ပြီးခဲ့သည့် မတ် (၂၉) ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည့် သဘောထား ကြေညာချက်သည် ယူအန်အေအဖွဲ့၏ သဘောထားနှင့် ထပ်တူထပ်မျှ ဖြစ်သဖြင့် ထောက်ခံ ကြိုဆိုကြောင်းလည်း ယူအန်အေ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယူအန်အေ၏ ရှေ့လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ဘဝတူ အဖွဲ့အစည်းများ၏ သဘောထား ဆန္ဒအတိုင်း အများ အကျိုးအတွက် ဆက်လက်ရပ်တည် သွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နိုင်ငွေသိမ်းက ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့