..............................

Monday, January 11, 2010

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်ချက်

ခင်မမမျိုး
Friday, January 08, 2010

ကမ္ဘာတဝှမ်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်သွားတဲ့ လှုပ်ရှားမှုတွေ ရှိသလို မအောင်မြင်သေးပဲ နိုင်ငံရေး အကျပ်အတည်းဆိုက်မှု ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ လှုပ်ရှားမှုတွေလဲ အများကြီးပါပဲ။ အောင်မြင်တဲ့ လှုပ်ရှားမှုတွေ ဆီကနေ လိုက်နာကျင့်သုံးဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်သလို၊ မအောင်မြင်သေးတဲ့ လှုပ်ရှားမှုတွေ ဆီကနေလဲ ရှောင်ရှား သတိထားဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်ပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လှုပ်ရှားမှု အဆင့်ဆင့်ကို စနစ်တကျ အကောင်အထည်ဖော်မှု၊ တိကျတဲ့ တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်နိုင်မှုနဲ့ လှုပ်ရှားမှု အဂါင်္ရပ်တွေ ပြည့်ဝ စေရေးက အရေးကြီးပါတယ်။

လှုပ်ရှားမှု အဆင့်ဆင့်
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ဖော်ဆောင်ရေးကို ပထမအဆင့်၊ ကွန်ယက် ချိတ်ဆက်ပြီး တပ်ပေါင်းစု သဏ္ဌာန် ချိတ်ဆက်ရေးက ဒုတိယအဆင့်၊ ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ရေးက တတိယအဆင့်၊ အခြေအနေနဲ့ အချိန်ကာလပေါ် မူတည်ပြီး ချိန်ကိုက် လှုပ်ရှားမှုက စတုတ္ထအဆင့် စပြီး အဆင့်ဆင့် လှုပ်ရှား အကောင်အထည် ဖော်ဆောင်တဲ့ လှုပ်ရှား မှုတွေက ပိုပြီး အောင်မြင်တတ်လေ့ ရှိတယ်လို့ နိုင်ငံရေး ပညာရှင်များက လေ့လာ ဖော်ပြခဲ့ကြ ပါတယ်။

ပထမအဆင့်ဖြစ်တဲ့ အသင်းအဖွဲ့တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အုပ်စုတွေ ဖော်ဆောင်ရေးမှာလဲ ပျောက်ကျား တိုက်ပွဲ ဖော်ဆောင်ရေး အုပ်စု ငယ်လေးတွေကို သီးခြားစီ ဖွဲ့စည်း ထားသင့်ပါတယ်။ ဒုတိယအဆင့်ကို တက်လှမ်းပြီး တပ်ပေါင်းစုထဲမှာ ပါဝင်လာရမယ့် အုပ်စု တွေကို ပျောက်ကျားတိုက်ပွဲ ဖော်ဆောင်ရေးမှာ တာဝန်ပေးမိရင် တပ်ကျွံ သွားတတ်ပါတယ်။ သတင်း လုံခြုံရေးကို ထိခိုက်မှု ရှိလာနိုင် တာကြောင့် တပ်ပေါင်းစု သဏ္ဌာန် ချိတ်ဆက်ရေးမှာ အခက်အခဲ ဖြစ်စေ တတ်ပါတယ်။ တပ်ပေါင်းစု သဏ္ဌာန် ချိတ်ဆက်ရေးမှာလဲ သတင်း လုံခြုံမှုရှိရေးနဲ့ လျှို့ဝှက်ရေးက အဓိက အရေးကြီး ပါတယ်။ ဒီနှစ်ချက်ကို မထိန်းနိုင်ရင် တတိယ အဆင့်ဖြစ်တဲ့ ကျစ်လျစ် ခိုင်မာအောင် စည်းရုံးရေးနဲ့ တည်ဆောက်ရေးကို ထိခိုက် စေနိုင်ပါတယ်။

တတိယအဆင့်မှာ ဟာကွက်တွေ၊ လိုအပ်ချက်တွေ ရှိနေရင်လဲ စတုတ္ထအဆင့်ကို တက်လှမ်း နိုင်ခဲ့ရင်တောင်မှ မအောင်မြင်တဲ့ အခါ နိုင်ငံရေး ခါးဆက် ပြတ်သွားတတ်ပါတယ်။ တတိယ အဆင့်ကို ပြန်ဆင်းပြီး နောက်တကြိမ် ထိုးစစ်ကို ပြန်မဖော်ဆောင်နိုင်ပဲ ပထမ အဆင့်ကနေ ပြန်စရတာကြောင့် အချိန် နှောင့်နှေးသွားပါတယ်။ စဉ်ဆက်မပြတ် လှုပ်ရှားမှုကို မဖော်ဆောင် နိုင်တော့တာကြောင့် လူထုရဲ့ နိုင်ငံရေး ရေချိန် ပြန်ကျ သွားတတ်ပါတယ်။ ရန်သူ စစ်အာဏာရှင်တွေ ဘက်က ထိုးစစ်၊ ခံစစ် ဆင်ဖို့ အချိန်တွေ ပိုရ သွားပါတယ်။ နောက်တကြိမ် ထပ်ပြီး လူထုရဲ့ နိုင်ငံရေး ရေချိန်နဲ့ ချိန်ကိုက် လှုပ်ရှားဖို့ ပြန်စောင့်ရတဲ့ အတွက် အချိန်တွေ ပိုကြာ သွားတတ်ပါတယ်။

တိုက်ပွဲဝင် ပန်းတိုင်သတ်မှတ်ချက်
တိုက်ပွဲဝင် ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အကောင်အထည် ဖော်တဲ့ အဖွဲ့အစည်း တွေမှာ အယူအဆက နှစ်မျိုး ကွဲပြားပါတယ်။ တချို့ အဖွဲ့အစည်းတွေက အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အာဏာရှင်တွေ ဘက်က ညှိနှိုင်းလာအောင် တွန်းအားပေးတာလို့ ယူဆ ကြပါတယ်။ တချို့ အဖွဲ့အစည်းတွေက ကျတော့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်စေပြီး၊ ကြားဖြတ်အစိုးရ အနေနဲ့ အာဏာလွှဲပြောင်း ရယူပြီးမှ ညှိနှိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်တာလို့ ယူဆကြပါတယ်။ ဒီယူဆချက် နှစ်မျိုးမှာ ပထမ အယူအဆနဲ့ အောင်မြင်သွားတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေလဲ ရှိသလို၊ ဒုတိယ အယူအဆနဲ့ အောင်မြင်သွားတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေလဲ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အယူအဆ နှစ်မျိုးလုံးမှာ အားနည်းချက်တွေ ရှိပါတယ်။

ပထမအယူအဆမှာ အာဏာရှင်ဘက်ကနေ ဆွေးနွေးပွဲလုပ်မယောင် ဟန်ပြပြ၊ အင်အားကို ပြန်စုစည်း ယူပြီးမှ အာဏာရှင် အုပ်ချုပ်ရေး ယန္တရားကို အသက် ပြန်သွင်းသွားနိုင်တဲ့ အားနည်းချက် ရှိပါတယ်။ အဲဒီအခြေအနေမျိုး ဖြစ်လာခဲ့ရင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဘက်က ဆွေးနွေးပွဲ ဖြစ်လာ မလားလို့ မျှော်လင့် စောင့်စားနေကြရင်းနဲ့ အချိန်တွေ ကြာလာပြီး လှုပ်ရှားမှု အရှိန် ပြုတ်ကျ သွားပါတယ်။

ဒုတိယ အယူအဆမှာကျတော့ ပြင်ဆင်မှုအားနည်းချက်တွေ ရှိတာကြောင့် အောင်မြင်မှု မရတာမျိုးတွေ ရှိနိုင်ပါတယ်။ နိုင်ငံ တနိုင်ငံမှာ အစိုးရ အုပ်ချုပ်ရေး ယန္တရား အသက်ဝင်မှုဟာ အရေးကြီးပါတယ်။ ယန္တရား တခုကို ရပ်စဲပြီးတဲ့အခါ နောက်ထပ် ယန္တရား တခုက အချိန် မဆိုင်းပဲ အသက် ဝင်လာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် အာဏာရှင်စနစ် အသက် ပြန်ဝင်လာဖို့ လမ်းဖွင့် ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ သို့ပေမယ့် လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။ မင်းသားကြီး လုပ်ချင်သူတွေ၊ မလုပ်ရလို့ ပတ်မကြီး ထိုးဖောက် ချင်သူတွေ၊ အရေးပေါ် အခြေအနေကျမှ တွေဝေနေသူတွေ၊ အတိတ်က နာကျည်းချက်တွေ ပြန်ဖော်ပြီး ရန်ဖြစ် ငြင်းခုံနေချင် သူတွေက နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ကာလတွေမှာ ထွက်ပေါ် လာတတ်ပါတယ်။

ပမာဆိုရရင် ရွာထဲကို ကျားဆိုးဝင်လာတဲ့အခါ တချို့က ကျားဆိုးကို သူနှိမ်နင်းလိုက်တယ် ဆိုတာ နာမည် ကြီးချင်လို့ သူများတွေကို နှိမ်နင်းမှာကို ရှေ့ကနေ ပိတ်ပင် တားဆီးမှုတွေ လုပ်တာမျိုး၊ တချို့ကျတော့လဲ ကိုယ့်ကို ရွာရဲ့ သူရဲကောင်းလို့ သတ်မှတ် ခံထားရတာမို့ သူရဲကောင်း ဂုဏ်ကို ကိုင်တွယ်ပြီး သူပဲ နှိမ်နင်းမယ်လို့ ရှေ့ကနေ ဆိုတာမျိုး၊ တချို့က ကျတော့လဲ ဓားနဲ့ခုတ်ရင် ကောင်းမလား၊ လှံနဲ့ ထိုးသတ်ရင် ကောင်းမလားဆိုတာ အရင် ညှိနှိုင်း ဆွေးနွေးကြရအောင်လို့ ဆိုနေတာမျိုး ဖြစ်နေတာနဲ့ တူပါတယ်။ ဘယ်သူသတ် သတ်၊ မသတ်သတ် ကျားဆိုးကြီး သေသွားဖို့က အရေးကြီးပါတယ်။ ဘယ်သူချောက်ချောက်၊ မချောက်ချောက် ကျားဆိုးကြီး ကြောက်ပြီး ပြေးဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် ကျားဆိုးက လူတွေကို ကိုက်သတ်သွားတာပဲ အဖတ်တင် ကျန်ခဲ့ပါလိမ့်မယ်။

နိုင်ငံရေးအကူးအပြောင်း ကာလတခုမှာ ဒီလို အရေးမပါတဲ့ ကိစ္စတွေနဲ့ အချိန်မကုန်ဖို့ အရေးကြီးပါတယ်။ ကြားဖြတ် အစိုးရတခု လိုအပ်ချက် အရ ပေါ်ထွက်လာခဲ့ ရင်လဲ ဒီကြားဖြတ် အစိုးရဟာ အုပ်ချုပ်ရေး ယန္တရားကို ယာယီ ဝင်ရောက် ထိန်းသိမ်းမှု ဆိုတာကို သဘောပေါက်နေဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ဝန်းရံဖို့ လိုအပ်ပါတယ်။ ကြားဖြတ် အစိုးရ ကာလအတွက် လိုအပ်မယ့် လုပ်ငန်း ဆောင်တာတွေကို ကြိုတင် ပြင်ဆင် ထားဖို့လဲ လိုအပ်ပါတယ်။ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ရေး ဆိုတာမှာ လူထု တိုက်ပွဲတွင်း ကာလအတွက် ပြင်ဆင်မှုတွေသာမက၊ ကြားဖြတ်အစိုးရ ကာလအတွက် လိုအပ်မယ့် လုပ်ငန်း ဆောင်တာတွေမှာ ကြိုတင်ပြင်ဆင် တည်ဆောက်ရေးတွေပါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အားနည်းချက် ရှိရင် လူထု တိုက်ပွဲ ထွက်ပေါ်လာ ပြီးမှ အရှိန်သေပြီး ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်သွား တတ်ပါတယ်။

အမှန်တကယ် လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါမှာ ပထမ အယူအဆဖြစ်တဲ့ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေ အတွက် တွန်းအား ပေးသလို ဖြစ်သွားမလား၊ အာဏာရှင် ယန္တရားပြိုကျတဲ့ အထိ တိုက်ပွဲဝင်ပြီး ကြားဖြတ် အစိုးရအထိ တက်လှမ်းသွားမလား ဆိုတာကတော့ တဘက်ရန်သူ စစ်အာဏာရှင်တွေ အပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ပေးမှာလဲ ဆိုတာပေါ်မှာပဲ မူတည် ပါလိမ့်မယ်။ အာဏာရှင်တွေရဲ့ စိတ်နေ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေ အခင်းအကျင်းတွေ၊ လူထုရဲ့ နိုင်ငံရေး ရေချိန် အတက် အကျတွေ၊ ရေရှည် တောင့်ခံနိုင်မှု စတာတွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့အတွက် အချိန်အခါနဲ့ ကိုက်ညီပြီး လက်တွေ့ ကျတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ သို့ပေမယ့် ကြိုတင် ပြင်ဆင်မှုကတော့ ရည်မှန်းချက် ပန်းတိုင် နှစ်မျိုးလုံး အတွက် ပြင်ဆင်ထားသင့်ပြီး၊ အယူအဆ မတူတဲ့ အဖွဲ့အစည်းတွေက ငါ့အယူအဆ ကောင်းတယ်၊ သူ့အယူအဆ ကောင်းတယ်လို့ မျက်စိမှတ် ဇွတ် မငြင်းပဲ ညှိယူနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ ငါ့စကား နွားရဆိုပြီး စွတ်ငြင်းနေရင်တော့ ဘာအကျိုးကျေးဇူးမှ မရှိပဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အကောင်အထည် ဖော်ပေး လိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒိုင်ယာလော့တကယ် ဖြစ်သွားနိုင်တဲ့ အခြေအနေ၊ အချိန်အခါမှာ ကြားဖြတ် အစိုးရ ဖွဲ့ရေးကိုပဲ အားသန်နေရင်လဲ ယုံကြည်မှု တည်ဆောက်ရေး ပျက်တတ် ပါတယ်။ ကြားဖြတ် အစိုးရဖွဲ့ပြီး လုပ်ရမယ့် အချိန်မှာ ရန်သူ အယောင်ပြတဲ့ ရွှေသမင် ဒိုင်ယာလော့ခ်နောက် အလိုက်မှား ပြန်လာရင် ဒဿဂီရိ ဘီလူးလက်ထဲ မယ်သီတာ ရောက်ကိန်းကို ဆိုက်ပါလိမ့်မယ်။ အခြေအနေရဲ့ တောင်းဆိုမှုကို ချိန်ကိုက် လှုပ်ရှားနိုင်မှုက အရေးကြီးဆုံးပါ။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အင်္ဂါရပ်များ
အာဏာရှင်တွေဟာ လူထုလှုပ်ရှားမှုတွေကို အလွန်ကြောက်ပါတယ်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်း အတွင်းမှာ လူတွေ စုဝေးလို့ မရအောင် နည်းမျိုးစုံနဲ့ အကောင်အထည် ဖော်တတ်လေ့ ရှိပါတယ်။ ကျောင်းသားတွေ စုဝေးလို့ မရအောင်၊ လူငယ်တွေ စုဝေးလို့ မရအောင်၊ လူထုနဲ့ နိုင်ငံရေး ဆက်စပ်လို့ မရအောင် နည်းမျိုးစုံနဲ့ အကောင်အထည် ဖော်လေ့ ရှိကြပါတယ်။ ရှိနေပြီးသား အဖွဲ့အစည်း၊ အသင်း အပင်းတွေကို ရေရှည်ရပ်တည်လို့ မရအောင်၊ အဖွဲ့အစည်းသစ်တွေ မပေါ်ထွက်လာအောင် ဘက်ပေါင်းစုံကနေ နှိပ်ကွပ် တားဆီးမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

ဒီလို အခြေအနေမျိုးတွေမှာ အဖွဲ့အစည်းအသင်းအဖွဲ့တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပေါ်ထွက်နိုင်အောင် မြေအောက် လှုပ်ရှားမှု သဏ္ဌာန်နဲ့ အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီ အဖွဲ့တွေထဲမှာ ရေရှည်မြှုပ်နှံပြီး အချိန်အခါကို စောင့်ခိုင်းတဲ့ အဖွဲ့တွေ၊ လေ့လာရေး အုပ်စုတွေရှိဖို့ လိုသလို ပြောက်ကျား လှုပ်ရှားတဲ့ အဖွဲ့ငယ် လေးတွေလဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေရှည်မြှုပ်နှံရေး အုပ်စုတွေ၊ လေ့လာရေး အုပ်စုတွေနဲ့ လှုပ်ရှားရေး အဖွဲ့တွေကို လိုင်းမပူးသွားစေဖို့ အထူး သတိထားရပါမယ်။ ပျောက်ကျား လှုပ်ရှားမှုတွေ အကောင်အထည် ဖော်ရာမှာလဲ လုံခြုံရေးသာ ပထမ၊ လုံခြုံရေးသာ ဒုတိယ၊ လုံခြုံရေးသာ တတိယ ဆိုတာကို သတိပေးထားပြီး မှ တိုက်ပွဲ ဖော်သင့်ပါတယ်။

အာဏာရှင်တွေဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ ဆန့်ကျင်ရေး ပျောက်ကျား လှုပ်ရှားမှုတွေ ဟိုတစ၊ ဒီတစ ပေါ်ထွက်နေမှုဟာ အဆုံးသတ် အောင်ပွဲကို ရရှိစေတာ မဟုတ်ပေမယ့် အာဏာရှင်တွေရဲ့ အလုံးစုံ ဖိနှိပ်မှုဟာ အရာမ ရောက်ပဲ တက်ကြွ လှုပ်ရှားသူတွေကတော့ ပေါ်ထွက်နေဆဲပဲ ဆိုတာကို လူထုကို တပ်လှန့် ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ စဉ်ဆက်မပြတ် ပျောက်ကျား တိုက်ပွဲများ ပေါ်ထွက် နေခြင်းဟာ အင်္ဂါရပ် တခုပါ။

ဒုတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ ဖြစ်နိုင်ချေနဲ့ သဘော သဘာဝ ဖြစ်ပါတယ်။ အစုအဖွဲ့၊ အသင်း အပင်းတွေ ဖွဲ့စည်းတဲ့ အဆင့်၊ ချိတ်ဆက် လှုပ်ရှားမှု အဆင့်၊ ကျစ်လျစ်အောင် တည်ဆောက်ရေး အဆင့်တွေကို အဆင့်ဆင့် ဖော်ဆောင်ပြီး တိုက်ပွဲဝင် အဆင့်ကို စတင် အကောင်အထည် ဖော်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ အင်အားစု အားလုံးကို ထုတ်နှုတ် သုံးဖို့ မလိုအပ်ပါဘူး။ တိုက်ပွဲဝင်စစ်ကြောင်း၊ အကူစစ်ကြောင်း၊ ခြေကုပ်ယူပြီး အင်အား ပြန်ဖြည့်ရမယ့် စစ်ကြောင်းတွေကို ခွဲထားဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံး လူထုလှုပ်ရှားမှု တိုက်ပွဲမှာ အလုံးစုံ ချေမှုန်း မခံရအောင် သတိထားရပါမယ်။ ပွဲဦးထွက် လှုပ်ရှားမှု တခုတည်းနဲ့ အာဏာရှင် စနစ်ကို ချက်ချင်း မဖြုတ်ချ နိုင်ပါဘူး။ ရေရှည် တောင့်ခံနိုင်ဖို့ အတွက် အလှည့်ကျ တာဝန်ယူ စနစ်တွေ ရှိဖို့ လိုအပ် ပါတယ်။

အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာနိုင်ဖို့မှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စည်းရုံး လှုပ်ရှားနိုင်မှုက အရေး ကြီးဆုံးပါ။ နိုင်ငံရေး ဦးဆောင်မှုဟာ အဲဒီအချိန်မှာ ဘယ်လောက်အထိ အောင်မြင်မှု ရနိုင်မလဲ ဆိုတာကတော့ လှုပ်ရှားမှု အကောင်အထည် ဖော်တဲ့ အခါတွေမှာတုန်းက ချိတ်ဆက်မှု ကွန်ယက်ကို ဘယ်လောက်အထိ နက်နက်နဲနဲ ဖော်ဆောင်ထားတယ် ဆိုတာပေါ်မှာ မူတည်ပါတယ်။ ပွဲဦးထွက် လှုပ်ရှားမှု စတင်ပြီးတာနဲ့ နိုင်ငံရေး ဦးဆောင်မှုတရပ် ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ အင်အားစုတွေ အားလုံး လမ်းကြောင်း တခုပေါ်မှာ လာပြီး ဆုံနိုင်စေဖို့ ကြိုးပမ်းမှုက အရေးကြီးပါတယ်။ လူထုနဲ့ ဆက်ဆံလှုပ် ရှားနေတဲ့ ခေါင်းဆောင်တွေ ရှေ့မှာရှိနေဖို့ လိုအပ်သလို နောက်ကွယ်ကနေ အင်အားစုတွေ အားလုံး လမ်းကြောင်း တခုပေါ် လာဆုံ စေဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်တွေလဲ ရှိရပါမယ်။

ဒီနေရာမှာ အင်အားစုတွေအကြားက ကြားခံ ဆက်သွယ်ရေး တာဝန်ယူရသူတွေရဲ့ ကဏ္ဍဟာ အရေး ကြီးပါတယ်။ ဒီလို ဆက်သွယ်ရေး တာဝန်ယူမယ့် သူတွေကို ပျောက်ကျား တိုက်ပွဲတွေ၊ ပွဲဦးထွက် လူထု တိုက်ပွဲတွေမှာ ဘာတာဝန်မှ မပေးသင့်ပါဘူး။ ရန်သူက လုံးဝ မသိထားတဲ့ လူတွေ ဖြစ်သင့်ပါတယ်။ ကွင်းဆက်ကို ရန်သူက သိနေရင် ကွင်းဆက်ဖြတ်ဖို့ လွယ်ပါတယ်။ ဒီအချက်ကို အထူး ဂရုစိုက် သင့်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လူထု တိုက်ပွဲတွေမှာ မိုက်ရူးရဲဆန်တာတွေ၊ စိတ်ခံစားမှုကို ဦးစားပေး ဆုံးဖြတ်တာတွေ ကိုလဲ အထူး ရှောင်ကြဉ် သင့်ပါတယ်။

တတိယ အင်္ဂါရပ်တခုကတော့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တိကျ ပြတ်သားတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ- ဒီမိုကရေစီ ရရှိရေး ဆိုရုံနဲ့ မပြီးပါ။ စစ်အစိုးရ ပြုတ်ကျရေး၊ ကြားဖြတ် အစိုးရ ပေါ်ပေါက်ရေး စသဖြင့် တိကျတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ လိုအပ်ပါတယ်။ လူထု တိုက်ပွဲကြီး ရေချိန် တက်နေတုန်းမှာ နိုင်ငံရေး အင်အားစုတွေ အကြားက ကြွေးကြော်သံတွေ မညီရင် အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ လူထု တရပ်လုံး ပါဝင်နေတဲ့ တော်လှန်ရေး တိုက်ပွဲကြီး မပြီးခင် ကာလမှာ အင်အားစုတွေ အကြား ပြိုကွဲစေနိုင်တဲ့ ကိစ္စရေးရာ တွေကို အာရုံစိုက် ဖော်ဆောင်မှု မလုပ်မိ စေဖို့ကလဲ အရေးကြီးပါသေးတယ်။ တအိမ်လုံးကို ဓားပြ ဝင်စီးပြီး၊ ကြိုးတုပ် အငတ်ထားနေတဲ့ အချိန်မှာ တရုတ်စာ စားချင်တယ်၊ ကုလားစာ စားချင်တယ်၊ ပြင်သစ်စာ စားချင်တယ်၊ ဘိုစာ စားချင်တယ်ပြောပြီး ရန်ဖြစ်နေလို့လဲ ဘာမှ မထူးပါ။ ငတ်ပြီး သေမှာက သေမှာပါပဲ။ ငတ်ပြီး မသေချင်ရင် ပထမဆုံး ဓားပြကို မောင်း ထုတ်ရပါမယ်။ ပြီးမှ ဘယ်လိုအစာ စားမယ်ဆိုတာ ညှိနှိုင်းသင့်ပါတယ်။

နောက်ဆုံးတချက်ကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆိုတာမှာ ရည်မှန်းချက် ပန်းတိုင် ရှိရပါမယ်။ တတိုင်းပြည်လုံးက လူတွေ လမ်းမပေါ် ထွက်လာရုံနဲ့လဲ ပြီးတာ မဟုတ်ပါ။ အာဏာရှင်တွေ တယောက်ပြီး တယောက် နှုတ်ထွက်ပြီး နာမည်ပြောင်းသွားရုံ နဲ့လဲ အောင်မြင်တယ် မဆိုနိုင်ပါ။ အာဏာရှင်တွေ ဘက်မှာ ယုံကြည်ဖွယ်ရာ တစုံတရာမှ မရှိဘူးဆိုရင် အစိုးရ အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး ကြားဖြတ် အစိုးရနဲ့ အစားထိုးရ ပါမယ်။ ဒီလို ကြားဖြတ် အစိုးရမှာ အတိုက်အခံနဲ့ အာဏာရှင် ဘက်ကနေ လူထုနဲ့ ပူးပေါင်းလာတဲ့ ခေါင်းဆောင် တချို့ ပူးတွဲပါဝင်ရင် နိုင်ငံရေး တည်ငြိမ်မှုကို အမြန်ဆုံး ပြန်ပြီး ဆောင်ကျဉ်း ပေးနိုင်ပါတယ်။ ဒီအတွက် ကြိုတင် လမ်းခင်း ပေးထားမှုတွေ လိုပါတယ်။ ဒီလို လမ်းခင်းမှုတွေမှာလဲ လျှို့ဝှက်မှုက အရေးကြီးပါတယ်။ အချိန်မတန်ခင်မှာ သတင်း ထုတ်လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ စေနိုင်ပါတယ်။

ဒီလိုမဟုတ်ပဲ လူထုတိုက်ပွဲတွေ ဖော်ဆောင်ပြီးမှ အဆုံးသတ်မှာ လူထုခေါင်းဆောင်နဲ့ အာဏာရှင်တွေ တွေ့ဆုံ ဆွေးနွေးမှုကို ဦးတည် သွားစေလိုတဲ့ ပန်းတိုင်ဆိုရင်တော့ တော်လှန်ရေး သမားတွေဘက်မှာ အမှန်တကယ် ဖိအားပေးနိုင်မယ့် နိုင်ငံတကာ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။ မထိရောက်တဲ့ ယောင်ပြ ဖိအားကို ဆိုလိုတာ မဟုတ်ပါဘူး။ အာဏာရှင်တွေဘက်က အမှန်တကယ် ကမ်းလှမ်းမှုလား၊ အချိန်ဆွဲ ကမ်းလှမ်းမှုလား ဆိုတာကို ခွဲခြားနိုင်မယ့် သတ်မှတ်ချက်တွေလဲ ရှိဖို့ လိုပါတယ်။

လူမှုဗေဒ ပရော်ဖက်ဆာ Manuel Antonio Garretón ကတော့ ကမ္ဘာတဝှမ်းက တော်လှန်ရေး လှုပ်ရှားမှုတွေမှာ စိတ်ကူးယဉ် မိုက်ရူးရဲ တော်လှန်ရေးတွေလဲ ရှိနိုင်ကြောင်းကို ထောက်ပြခဲ့ပါတယ်။ လူထု လှုပ်ရှားမှုတွေကို ဖော်ဆောင်ပြီး အဆုံးသတ် ပန်းတိုင်အတွက် ပြင်ဆင်မှု အားနည်းချက်ရှိတဲ့ တော်လှန်ရေး တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ လူထု ခေါင်းဆောင်တွေနဲ့ အာဏာရှင်တွေ အကြား တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက် သွားစေဖို့ ဆိုတာမှာ အာဏာရှင်တွေ ဘက်က မတွေ့ဆုံရင် မဖြစ်တော့ဘူး ဆိုတဲ့ အခြေအနေကို သိလာတော့မှ အကောင်အထည် ပေါ်ပါတယ်။ တွေ့ပါလို့ ထိုင်ပြောနေရုံနဲ့ ပြီးတဲ့အရာ မဟုတ်ပါ။ ဒီလို သိလာစေဖို့မှာ ကလဲ မြင်သာထင်သာတဲ့ ဖိအား လိုပါတယ်။ လူထု လှုပ်ရှားမှုတွေကို ဒီလို ဖိအားအဖြစ် အသုံးပြု ဖော်ဆောင်တဲ့အခါ ဘယ်အချိန်မှာ တိုက်စစ် တိုးမြှင့်ရမယ်၊ ဘယ်အချိန်မှာ ဆုတ်ပေးရမယ် ဆိုတာတွေကို စနစ်တကျ ဖော်ဆောင်နိုင်မယ့် စီမံချက် လိုအပ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေက ဒီလို အချက်တွေမှာ အားနည်းနေရင် အာဏာရှင်တွေ ဘက်က တွေ့ဆုံ ဆွေးနွေးပွဲကို ဟန်ပြ အကောင်အထည် ဖော်ပြပြီး၊ နောက်ဆုံးမှာ အာဏာရှင် လက်ထဲကိုပဲ ပြန်ပြီး အာဏာရောက် သွားနိုင်ကြောင်း ပညာရှင်တွေက ဆိုထားကြပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဆုံးသတ် ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုတင်ပြင်ဆင် ထားမှုတွေဟာ အင်္ဂါရပ် တခုအနေနဲ့ လိုအပ်တာ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာရှင်တွေဆိုတာ အာဏာကို တပ်မက်ရူးသွပ် ခုံမင်လွန်းတာ အတွက်ကြောင့် လူ့အရိုးပုံမှာ အားရ ပါးရ ထိုင်ရင်း အာဏာရှင် ဘဝကို ခံယူ ထားသူတွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အဆောက်အအုံ တည်တံ့ ခိုင်မြဲရေးကို ရှေးရှုပြီး ဘက်စုံ ထောင့်စုံမှာ ဒေါက်တိုင်တွေ ဖန်တီးပြီး၊ အုပ်ချုပ်ရေး ယန္တရားကို ထောက်မ ထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီယန္တရားကြီး တခုလုံး ပြိုလဲဖို့ အတွက် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အဆင့်ဆင့်ကို စနစ်တကျ ဖော်ဆောင်မှုတွေနဲ့ တိကျတဲ့ ရည်မှန်းချက် ပန်းတိုင် တွေကို သတ်မှတ်နိုင်မှု၊ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လိုအပ်တဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှုတွေက အလွန်ပဲ အရေးကြီးလှပါကြောင်း တင်ပြ လိုက်ရပါတယ်။

(၇၊ ၁၊ ၂ဝ၁ဝ)

Ref: ခင်မမမျိုး

0 comments:

အပေါ်သို့