..............................

Thursday, January 14, 2010

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖ ကမ်းလှမ်းမှုကို ဝ တပ်ဖွဲ့ ပယ်ချ

ပေါက်ပေါက်
၁၃ ဇန်န၀ါရီ ၂၀၁၀

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာ လုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီ ရက်ပိုင်းက ကမ်းလှမ်း လာမှုကို ဝ တပ်ဖွဲ့က ပယ်ချထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စရပ် များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်း ထားသည်ကို မဖြစ်နိုင်သည့် အကြောင်း ပြန်လည် ပြောဆိုထားသည်ဟု အမည် မဖော်လိုသည့် ဝ အရာရှိ တဦးက ပြောသည်။

၎င်းက “နောက်ဆုံး တန့်ယန်းမှာ တွေ့ပြီးကတည်းက ပြန်မတွေ့ရသေးဘူး။ အဲဒါကို ဘယ်အချိန် ထပ်တွေ့မယ် ဆိုတာလည်း မပြောထားဘူး။ အခုလ (၅) ရက်နေ့က သူတို့ဘက်က အကြောင်းကြား လာတာက ဦးပေါက်ယူချန်းနဲ့ တိုက်ရိုက် ဆွေးနွေး ချင်တယ် ဆိုပြီး ပြောလာတယ်။ သူ့ကျန်းမာရေး အရ မတွေ့နိုင်ဘူး လို့ဘဲ ပြန်ပြောထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်တွင် တန့်ယန်းမြို့၌ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ဦးဆောင်သည့် နအဖ ကိုယ်စားလှယ် အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရာတွင် ပြေလည်မှု မရရှိဘဲ ဒီဇင်ဘာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အကြောင်းပြန်ရန် နအဖ ဘက်က ရာဇသံ ပေးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသအား ဝ တပ်ဖွဲ့၏ စစ်ဒေသအဖြစ် သတ်မှတ်ရေး၊ မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ် အဖြစ် သတ်မှတ်ကာ ဝ တိုင်းဒေသကြီးထဲ ထည့်သွင်းရေး၊ အောက်ခြေ တပ်ရင်း အဆင့်တွင် နအဖ စစ်တပ်ဘက်မှ ပါဝင်စရာ မလိုဘဲ ဝ စစ်သားများဖြင့်သာ ဖွဲ့စည်းရေး စသည့် ကိစ္စရပ်များကို နအဖဘက်က လက်မခံသည့် အတွက် ဝ တပ်ဖွဲ့နှင့် နအဖတို့ ဆွေးနွေးမှုမှာ ယခု အချိန်အထိ ပြေလည်မှု မရဘဲ ရှိနေသည်။

အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် နအဖ ဘက်က ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင် ကမ်းလှမ်း လာခဲ့ရာ ကချင် အထူးဒေသ (၁) ကချင် ဒီမိုကရေစီသစ် တပ်မတော်၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် တပ်ဖွဲ့နှင့် ကယားပြည်နယ် အထူးဒေသ (၂) ကလလတ တို့က မကြာသေးမီ လပိုင်း အတွင်း၌ နယ်ခြားစောင့်တပ် အသွင် ပြောင်းခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင် ငြိမ်းချမ်းရေး အဖွဲ့မှာလည်း ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီး ဖြစ်သည်။

ဝတပ်ဖွဲ့၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား တပ်ဖွဲ့ တို့ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ခြွင်းချက် မရှိ လက်ခံနိုင်ခြင်း မရှိသေးသဖြင့် နအဖနှင့် အပစ်ခတ်ရပ် အဖွဲ့များအကြား ဆွေးနွေး နေသော်လည်း ပြေလည်မှု မရရှိဘဲ ဖြစ်နေသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့