..............................

Friday, January 15, 2010

ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ

လင်းနိုင်ဦး/ ၁၄ ဇန်န၀ါရီ ၂၀၁၀

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ အထူး အစည်းအဝေးပွဲ တရပ်ကို ဇန်နဝါရီ (၁၃) ရက်နေ့မှ စပြီး မြစ်ကြီးနားမြို့တွင် ကျင်းပနေကြောင်း တက်ရောက်နေသည့် ကိုယ်စားလှယ်များက ပြောသည်။

အစည်းအဝေး တက်ရောက်နေသည့် ကိုယ်စားလှယ်တဦးက “ဒီအစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း၊ ဒု-ဥက္ကဋ္ဌ ဦးဝေါ့လော်ဟောင်းခေါင်နဲ့ ငြိမ်းချမ်းရေး ကောင်စီဝင်တွေ၊ အထူးဒေသထဲမှာ တာဝန်ယူနေကြတဲ့ ဒုတိယအဆင့် ခေါင်းဆောင်တွေ၊ မြို့ပေါ်က စီးပွားရေး ဆိုင်ရာဌာနနဲ့ ကုမ္ပဏီ အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ အရာရှိတွေ စုစုပေါင်း (၆ဝ) လောက် တက်ကြတယ်။ အန်ဒီအေ (ကချင်) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီး နောက်ပိုင်း အထူးဒေသ (၁) အနေနဲ့ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာကို ဆွေးနွေးကြတဲ့ အရေးကြီးတဲ့ အစည်းအဝေး ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီးဖြစ်၍ တပ်တွင် ပါဝင်ခြင်း မရှိတော့သည့် ယခင် ခေါင်းဆောင် အသီးသီးသည် လက်နက် ကိုင်ဆောင်ခွင့် မရှိတော့သဖြင့် မိမိတို့၏ လက်နက်များကို သက်ဆိုင်ရာထံ သွားရောက် သတင်းပို့ အပ်နှံကြရန် နှိုးဆော်သည်။

ထို့နောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရှေ့ဆက် ဘာလုပ်သင့်သလဲ ဆိုသည်နှင့် ပတ်သက်ပြီး တင်ပြစရာ ရှိသည်များကို တင်ပြကြရန် ခွင့်ပြုသည်။

အစည်းအဝေးတွင် တင်ပြချက်များနှင့်ပတ်သက်၍ ကိုယ်စားလှယ်တဦးက “ခေါင်းဆောင်တဦး တင်ပြတာတော့ အတော်ကောင်းတယ်။ သူက နယ်ခြားစောင့်တပ် ဖွဲ့ပြီးသွားပြီဆိုတော့ ဒါဟာ တပ်ကို စစ်အစိုးရထံ အပ်လိုက်ပြီဆိုတဲ့ သဘောပဲ။ လက်ရှိလည်း သူတို့ ခြယ်လှယ်နေပြီး ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒါကို နောက်ပြန် ဆုတ်လို့တော့ မရတော့ဘူး။ ပြန်ပြီး တိုက်ကြခိုက်ကြဖို့လည်း မပြောလိုဘူး။ ဒါပေမယ့် ခု တပ်ဖွဲ့ဝင်တွေကို ဒီ ကချင်အထူးဒေသ (၁) ထဲကနေ အခြား ဘယ်နေရာကိုမှ မပြောင်းရွှေ့ပါဘူးလို့ စစ်အစိုးရထံက ခိုင်လုံတဲ့ ကတိရအောင် တောင်းပေးဖို့ အကြံပြု တင်ပြတယ်။ ဒီကတိ မရှိတဲ့အတွက် နယ်ခြားစောင့် တပ်ဖွဲ့က တပ်သားတွေဟာ တဖွဲဖွဲ ထွက်ပြေး နေကြတယ်။ ဒါဟာ နောင်တချိန် သူတို့ကို အခြားဒေသ တခုခုကို ပြောင်းရွှေ့ပြီး ဘဝတူ လူမျိုးစုတွေကို တိုက်ခိုင်းမှာ စိုးရိမ်လို့ ဖြစ်တယ်ဆိုပြီး တင်ပြတာ ကြားရတယ်” ဟု ပြောသည်။

မိမိတို့ တော်လှန်ရေးလုပ်ခဲ့၍ ကချင်အထူးဒေသ(၁) အတွင်းရှိ ကျေးရွာနှင့် ပြည်သူများ နှစ်ပေါင်းများစွာ အတိဒုက္ခ ရောက်ခဲ့ကြသည့် အတွက် မည်သို့ ပြန်လည် ပေးဆပ်ရမည် ဆိုသည်ကို စဉ်းစားရန် လိုကြောင်း၊ ထို့အပြင် စစ်ပွဲ ကာလအတွင်း အသက်စွန့် သွားရသည့်သူများ၊ ခန္ဓာကိုယ် တစိတ်တပိုင်း ပေးလှူခဲ့ရသူများ၊ စွန့်လွှတ် စွန့်စားခဲ့ပြီး ယခုအခါ အသက်အရွယ် ကြီးရင့် နေသူများကိုလည်း အစီအစဉ်တကျ စောင့်ရှောက်သင့်ကြောင်း၊ အဆိုပါ တော်လှန်ရေး လုပ်ခဲ့သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို အာမခံချက်ရှိရန် လုပ်ပေးသင့်ကြောင်း အဆိုပါ ခေါင်းဆောင်က တင်ပြ ဆွေးနွေးသွားသည်ဟု သိရသည်။

အစည်းအဝေးကို လာမည့် ဇန်နဝါရီ (၁၆) ရက်အထိ နေ့စဉ် ပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေး ကောင်စီ အနေဖြင့် ပါတီ ဖွဲ့စည်းသင့်မသင့်၊ ကချင် အထူးဒေသ (၁) ၏ စီးပွားရေး လုပ်ငန်းများ မည်ကဲ့သို့ ဆက်လက် လုပ်ကိုင်မည် စသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ကချင်အထူးဒေသ (၁) နှင့် ပတ်သက်သည့် စီပွားရေး လုပ်ငန်းအားလုံး ဦးဆခုံတိန့်ယိန်းနှင့် မိသားစုက လက်ဝါးကြီးအုပ် ရယူထားသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမည်၊ မဆွေးနွေးမည် ဆိုသည်ကိုမူ မသိရသေးပေ။

ကချင်အထူးဒေသ (၁) သည် ယခင်က ကေအိုင်အေတပ်ဖွဲ့၏ လက်အောက်ခံ တပ်ရင်း နယ်မြေတခုဖြစ်ပြီး နောက်ပိုင်း ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်းတို့ ဦးဆောင်၍ ဗကပနှင့် ပူးပေါင်းကာ ဗကပ (၁ဝ၁) စစ်ဒေသ ဖြစ်လာသည်။

၁၉၈၉ ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ကချင်ဒီမိုကရေစီသစ် တပ်မတော် အန်ဒီအေ (ကချင်) တပ်ဖွဲ့ ကချင် အထူးဒေသ (၁) ဖြစ်လာကာ ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံသည့် ပထမဦးဆုံး တပ်ဖွဲ့ဖြစ်လာပြီး တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲ ဖွဲ့စည်းနေသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့