..............................

Wednesday, January 13, 2010

အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် မပြောင်းနိုင်ဟု အပစ်ရပ် SSA တပ်မှူး တဦးပြော

အင်္ဂါနေ့၊ 12 ဇန်န၀ါရီ 2010

ဒီဇင်ဘာ ၂၀၀၉ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်/ဒေသစောင့်တပ် အသွင် ပြောင်းရန် လူသူ လက်နက် စာရင်းပေးပို့ ရမည် ဆိုသည့် နအဖပေးသည့် ဒက်လိုင်းကို ဖီဆန်ကာ ‘အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် ပြောင်းတာ အဖြစ်မခံ နိုင်ဘူး’ - ဟု SSA တပ်မှူး တဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

“ကျနော်တို့ ၀ တပ်မတော်လို တောင်းဆိုချက် ၉ ချက် မတောင်းပေမယ့် ရပ်တည်ချက် မကွာဘူး။ နအဖ က SSA ဌာနချုပ် စိန်ကျော့ကို ဖိအားပေးတာလဲ ကမ်းကုန်နေပြီ အဲထက်ပို မဖိနိုင်တော့ဘူး။”- အမည် မဖေါ်လိုသည့် အပစ်ရပ် SSA တပ်မှူးတဦး ကပြောပါသည်။ အသက် ၄၀ နီးပါးရှိ ထိုတပ်မှူး လူငယ်သည် လွန်ခဲ့သည့် ၅ - ၁၀ နှစ်ခန့်က မြို့ပေါ် အနေများ သော်လည်း ၂၀၀၉ နှစ်ဦးပိုင်းမှ စ၍ ကျေးလက် ခြေစိုက် မိမိတပ်ရင်း၌ ဦးဆောင်လာခဲ့သူ ဖြစ်သည်။

နအဖ/စရဖ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတို့ ၂၀၀၉ နိုဝင်ဘာ ၁၄ ရက် တွေ့ ဆုံစဉ် နယ်မြေစောင့်တပ် HGF ( Home Guard Force) အဖြစ် အသွင်ပြောင်းရန် တပ်ရင်း ၃ ရင်း လက်နက်ကိုင် အင်အား ၁၀၀၀ စာရင်းကို ၂၀၀၉ ဒီဇင်ဘာ နောက်ဆုံးထား ပေးပို့ရမည့် ဒက်လိုင်း ကျော်လွန်သည် အထိ တင်းခံလာခြင်း ဖြစ်သည်။

“ကျနော့်အနေနဲ့တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် ရပ်တည်တဲ့ တော်လှန်ရေးတပ် မှန်ရင်- ‘လူမသေ နာမည် မပြောင်း’ဘူး၊ နအဖ ပြောတိုင်း လိုက်ယောင်ဖို့လဲ မလိုဘူး” - ဟု အဆိုပါ တပ်တပ်မှူးက ဆက်ပြောပါသည်။

အခြားတဖက်တွင်လည်း SSA အသွင်ပြောင်းလျှင် ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေသည့် ဗိုလ်ချုပ်ဆေထဲန့်နှင့် သျှမ်းခေါင်း ဆောင်များ လွတ်ပေးမည်ဟု နအဖ ဖက်က တီးတိုး ကမ်းလှမ်း သွေးတိုး စမ်းထားကြောင်း ဒေသခံများက ပြောပါသည်။

နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထဲန် နှင့် စိုင်းညွှန့်လွင်တို့ ကမူ ၎င်းတို့ကို ငဲ့ညှာနေစရာ မလိုကြောင်း၊ လုပ်ရမည့် လုပ်ငန်း ဆောင်တာများကို ရဲရဲဝံ့ဝံ့သာ ဆက်လက် ကြိုးပမ်းသွားရန် ပြင်ပလောကရှိ ခေါင်းဆောင်များ / လူငယ်များ၏ တာဝန်ဖြစ်ကြောင်း မကြာခဏ မှာကြားလေ့ရှိသည်။

ထို့အတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၀ ရက် ရက်စွဲပါ ၀ ခေါင်းဆောင် ပေါက်ယူချမ်း လက်မှတ်ထိုး ပေးပို့သည့် တောင်းဆိုချက် ၉ ချက်အား နအဖ မှ လုံးဝ လျစ်လျူရှု ပယ်ချခဲ့သော်လည်း ထပ်မံ တွေ့ဆုံကြရန် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က ယခုလ ဆန်းပိုင်း၌ တယ်လီဖုန်းဆက် ကမ်းလှမ်း လာပြန်၏။

ဝ ခေါင်းဆောင်ပေါက်ယူချဲန်းက အချိန်နေရာမရွေး လာတွေ့နိုင်ကြောင်း၊ သို့သော် မိမိတို့အဖို့ ၀ လူထုနှင့် ၀ တပ် အရာရှိ အရာခံ အကြပ် တပ်သား တပ်မှူးများ၏ ဆန္ဒ လိုလားချက်ကိုပင် လက်ကိုင် ထားဆဲ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနှင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း - ဆက်သွယ်ရေး တာဝန်ခံမှ တဆင့် အကြောင်းပြန်ကြား လိုက်သည် ဟု ၀ ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

တရုတ်နယ်စပ်အခြေစိုက် အင်အားကြီး အပစ်ရပ် တပ်ဖွဲ့များ ဖြစ်သည့် ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA ၊ ကချင်လွတ် မြောက်ရေး တပ်မတော် KIA ၊ အမျိုးသား ဒီမိုကရက်တစ် တပ်မတော် NDAA မိုင်းလားတပ်ဖွဲ့ နှင့် သျှမ်းပြည် တပ်မတော် တို့သည် တိုင်းရင်းသား တန်းတူ အခွင့်အရေး အတွက် နိုင်ငံရေး ရပ်တည်ချက် အခိုင်အမာဖြင့် သမိုင်းကြောင်း ထင်ရှားကြသည့် တပ်မတော်များ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့