..............................

Wednesday, May 20, 2009

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဟု ရှေ့နေဦးကြည်ဝင်း ပြောဆို

18 May 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ မြန်မာ စစ်အစိုးရက တရားစွဲဆိုခဲ့ရာမှာ မေလ ၁၈ရက်နေ့ အင်းစိန် အကျဉ်းထောင် တရားရုံးမှာ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးထုတ် စစ်ဆေး မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ သူ့ ရှေ့နေ ဖြစ်သူတို့ ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုမှာ လုံးဝ အပြစ် မရှိဘူးလို့ ပြောနေကြသလို၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီအမှုဟာ စစ်အစိုးရက အကွက်ချ စီမံ တာ ဖြစ်တယ်ဆိုပြီး မြန်မာ သံရုံးတွေရှေ့ ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ် နေကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း သိရှိထား သမျှပြောပြ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မယ့် အင်စိန်ထောင်မှာတော့ ဒီကနေ့ အင်းစိန်ထောင် ထောင်ဝင်စာ တွေ့တာတွေ အားလုံး ပိတ်ပင်ထားတယ်လို့ အကျဉ်းသား မိသားစု အသိုင်း အ၀ိုင်းတွေက တဆင့် ကြားရ ပါတယ်။ တချိန်တည်းမှာပဲ အင်းစိန်ထောင် အနီးတ၀ိုက်မှာလည်း အရပ်ဝတ် လုံခြုံရေးတွေ ပြင်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရင် အင်စိန် ထောင်အနီး သူ့ကို ထောက်ခံသူတွေ လာရောက် စုရုံးကြမှာကို အာဏာပိုင် တွေဘက်က စိုးရိမ်နေတဲ့ သဘော ရှိပါတယ်။ အမှုကို ဒီကနေ ကြားနာ စစ်ဆေးဖြစ် မလား၊ ရုံးချိန်းပဲ ထပ်ယူမလား ဆိုတာ တော့ မကျိန်းသေပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမခြံထဲ ခိုးဝင်လာတဲ့ အမေရိကန် နိုင်ငံသားကို လက်ခံ ခဲ့တာကြောင့် နေအိမ် အကျယ်ချုပ် တားမြစ်မှုကို ဖောက်ဖျက်တယ် ဆိုတဲ့ စွဲချက်နဲ့ အာဏာပိုင်တွေက သူမကို ရုံးတင် ခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်း စုကြည် ရဲ့ နေအိမ်လုံခြုံရေးကို တာဝန်ယူထားတာ အာဏာပိုင်တွေ ဖြစ်လို့ ဒီခြံထဲ ခိုးဝင် ရောက်လာသူ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် မရှိဘူး၊ ဒီအမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူမရဲ့ ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဗွီအိုအေကို ရှင်းပြပါတယ်။

“စည်းကမ်းချက်က သံရုံးက၊ နောက်ပြီးတော့ နိုင်ငံရေး ပါတီများ အဲဒါနဲ့ ဆက်နွယ်သူ အားလုံး တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဆက်ဆံခြင်း မလုပ်ရဘူးဆိုပြီး တားထားလိုက်တာပါ။ အဲဒါက ၁ အချက်ပါ။ ၂ အချက် ကတော့ ဒေါ်စုကို အိမ်အကျယ်ချုပ် ဆိုတဲ့အတိုင်း ဒီအိမ်မှာပဲနေ၊ ဒီခြံအတွင်းမှာပဲနေ၊ တခြားမှာ မနေနဲ့၊ နောက် ပြင်ပနဲ့ ဆက်နွယ်ခြင်း မပြုရဘူး။ အဲဒါပဲ။ မစ္စတာ ယက်ထော ဆိုတဲ့ ဒီပုဂ္ဂိုလ် ရေကူးဝင်လာတဲ့ ကိစ္စကို သေသေချာချာ စေ့စေ့ပေါက်ပေါက် ကြည့်ရင် အပြစ် ချိုးဖောက်မှု မရှိဘူး။ ဒေါ်စုကလည်း သူ့ကို ဖိတ်ခေါ်တာ မဟုတ်ဘူး။ သူ့ဟာသူ ရေကူးလာတာ။ သူတို့ ပြန်ပြီးတော့ နှင်ထုတ်တယ်။ နှင်ထုတ်ပေမဲ့လို့ သူကလည်း အင်းယားကန်ကြီး ဖြတ်ကူးလာပြီးတော့ တော်တော်လေး ကြွက်တက်တာနဲ့ အနား ပေးထား လိုက်တယ်။”

သားညွှန့်ဦး။ ။ အဲဒီအချိန်မှာ အနားက အာဏာပိုင်တွေက သတိ မထားမိဘူးလား။

ဦးကြည်ဝင်း။ ။ ကန်ဘက်မှာလည်း လုံခြုံရေးတွေတော့ အတော်ရှိတယ်လို့ ပြောတယ်။ ပုဂ္ဂိုလ် တယောက်ကဆို ဘယ်လောက်တောင် ပြောသလဲဆိုရင် ငါးတောင် ၀င်လို့ မရနိုင်ဘူး လို့တောင် ပြောတယ်။ အခု ၀င်လာတာကတော့ အဲဒီ တင်းတင်းကျပ်ကျပ် လုပ်ထားတယ် ဆိုတာ ပေါက်နေလို့ပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားရုံးတင် စစ်ဆေးနေတယ် အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်း ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမှာတော့ ကမ္ဘာ့ ခေါင်းဆောင်တွေ အစိုးရ အဖွဲ့တွေဟာ အတော်လေး စိုးရိမ် တကြီးနဲ့ မြန်မာစစ်အစိုးရကို ဝေဖန် ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးကြီးတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အခုလို ရုံးတင်တာဟာ၊ စစ်အစိုးရ ပြောနေ သလို အမျိုးသား ရင်ကြား စေ့ရေးနဲ့ ဒီမိုကရေစီရေး လုပ်ဆောင် နေတာတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆို နေကြတာပါ။ တချိန်တည်းမှာပဲ နိုင်ငံတကာရောက် မြန်မာတွေ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကလည်း ဒီအမှုကိစ္စဟာ စစ်အစိုးရ ဘက်က တမင်သက်သက် အကွက်ချ ဖန်တီးတဲ့ လုပ်ရပ် ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာ့ နေရာအနှံ့ ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်လာ ကြပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့