..............................

Monday, May 18, 2009

အကြီးဆုံး မြေရှင် နအဖ စစ်အစိုးရနှင့် သူတို့ရဲ့ ချစ်တီး လက်သစ်များ

ရဲဘော်ဖိုးသံချောင်း

၁၄ မေ ၂၀၀၉

“ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ ရယ်နှင့်
၀၀ပြေ့ပြေ့ နွားပြာ တရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အညာမင်္ဂလာဆောင် လေချိုးကြီး ထဲက ဆိုတာ အားလုံး သိကြပါတယ်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ကိုလိုနီလက်ထက် ဗမာပြည်က လယ်သမားများရဲ့ ဘ၀ကို ထောက်ပြထားတာပါ။ ဒါပေမယ့် အခုခေတ် လယ်သမား သရုပ်ကို ဖော်မယ် ဆိုရင်တော့ အထက်မှာပါတဲ့ ကျောင်းတကာဆိုတဲ့ နေရာမှာ စစ်ဗိုလ်ကိုသာ ထည့်လိုက်ဖို့ ရှိပါတော့တယ်။

တကယ်က ဗမာနိုင်ငံမှာ လယ်သမားတွေရဲ့ လယ်လုပ်သူ လယ်ပိုင်ခွင့် ဆိုတဲ့ အခွင့် အရေးဟာ သာမာန် ကိစ္စ မဟုတ်ပါဘူး။ အင်္ဂလိပ် ကိုလိုနီ လက်ထက်က စလို့ ဆရာစံ အရေးတော်ပုံ အပါအ၀င် လယ်သမားတွေ မျိုးဆက်နဲ့ ချီ၊ သမိုင်းနဲ့ချီ တိုက်ပွဲ ၀င်ခဲ့ပြီးမှ အသိအမှတ် ပြုခံခဲ့ရတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ မွေးရာပါ အခွင့်အရေး ပြဿနာလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင် ကာလတုန်းက ပြည်ချစ်နိုင်ငံရေး အင်အားစု အားလုံး လိုလိုက လယ်လုပ်သူ လယ်ပိုင်ရေး ကြွေးကြော်သံကို တင်ခဲ့ကြပါတယ်။ အဲဒီအင်အားစုတွေဟာ ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ တက်သန် တက်ကြွစွာ ပါဝင်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံရေးမှာ သူတို့တတွေ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံရဲ့ ထိပ်ပိုင်းကို ရောက်လာကြပါတယ်။ မြေရှင် ပဒေသရာဇ် စနစ်ကို ဆန့်ကျင်သူတွေ ဒီလိုရှေ့တန်းကို ရောက်လာ၊ ထိပ်ပိုင်းကို ရောက်လာတော့ မြေရှင်တွေနဲ့ မြေရှင်စနစ်ဟာ ဒီကာလမှာ ခေါင်းလျှို နေရတယ်ဆိုရင် မမှားပါဘူး။ ဒါ့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်မှာလည်း လက်နက်ကိုင် တော်လှန်ကြတဲ့ အင်အားစုတွေဟာ လယ်လုပ်သူ လယ်ပိုင်ရေး ကြွေးကြော်သံကို ထိပ်တန်းတင် တိုက်ပွဲဝင်ခဲ့ကြ၊ သူတို့ သြဇာလွှမ်းမိုးရာ ကျေးလက် ဒေသတွေမှာ မြေရှင့် မြေတွေ သိမ်းပြီး ဝေတာတွေ လုပ်ခဲ့လို့ ဗမာပြည်မှာ မြေရှင်စနစ်ဟာ အင်မတန်ကို ချည့်နဲ့ သွားခဲ့ရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်ကိုရောက်တော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ စစ်အုပ်စုဟာ “လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိရေး” ဆိုတဲ့ စကားနဲ့ လက်တလုံးခြား လုပ်ပြီး လယ်ယာမြေ အားလုံးကို မြေပိုင်ရှင်ဆွေဆီ ကရော၊ လယ်သမားတွေဆီ ကပါ “နိုင်ငံတော်” အမည်ခံပြီး လုယူ သွားခဲ့ပါတယ်။ နအဖစစ်အုပ်စုဟာ ဒီနေရာမှာတော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ အစိုးရ နောက်က ဖ၀ါးခြေထပ် လိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ (၃၇) မှာ “နိုင်ငံတော်သည် မြေအားလုံး………၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်” လို့ ထည့်သွင်း ထားပါတယ်။ ဒီနေရာမှာ “နိုင်ငံတော်” ဆိုတာနဲ့ ပတ်သက်လို့ ပြောစရာ ရှိလာပါတယ်။ နိုင်ငံတော်ဆိုတာ ဘယ်သူလဲ။ တကယ်က နိုင်ငံတော်ဆိုတာက ဒြပ်မဲ့နာမ် (abstract noun) တခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံတော်ဆိုတာဟာ နအဖအစိုးရလို့ အဓိပ္ပာယ် ထွက်နေပါပြီ။

သူတို့ထင်သလို လုပ်နေတာတွေကို နိုင်ငံတော် တံဆိပ် နှိပ်ပေးနေတာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာ နိုင်ငံတော် ဆိုတာ နအဖ စစ်အုပ်စုဖြစ်တယ်။ ဗိုလ်သန်းရွှေ ဖြစ်တယ်လို့တောင် ပြောရင် ရလောက်ပါတယ်။ မြေယာတွေကို သူတို့ထင်သလို စီမံ ခြယ်လှယ် တာကလည်း တကြောင်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ လုပ်ကိုင်ရာမှာ ကိုယ်ကျိုးစီးပွားကို အခြေခံတာ ကြောင့်လည်း တကြောင်း၊ လယ်မြေတွေ လက်လွှတ်ကုန်ရတဲ့ လယ်သမားတွေ များသထက် များလာနေပါတယ်။

ကချင်ပြည်နယ်ကနေ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ဗမာပြည် တနံတလျားမှာ လယ်သမားတွေ လယ်မြေတွေ အလုခံရ၊ ဆုံးရှုံးရတဲ့ သတင်းတွေ နေ့စဉ်မပြတ် ကြားနေရပါတယ်။ ဆုံးရှုံးတဲ့ ကိန်းဂဏန်းကိုလည်း ကြည့်ပါဦး။ တချို့ နေရာများ ဆိုရင် လယ်မဲ့ ယာမဲ့ အရေအတွက်ဟာ (၅၀-၆၀) ရာခိုင်နှုန်း အထက်မှာတောင် ရှိနေပါတယ်။ ဒါဟာ စစ်မဖြစ်မီ ကိုလိုနီကာလက နှုန်းထားထက် မလျော့ပါဘူး။ မတိမ်းမယိမ်းပါ။ ဒါ့အပြင် လယ်သမားတွေ ကြွေးလည်ပင်း ခိုက်နေတဲ့ အခြေအနေဟာလည်း ကြောက်ခမန်း လိလိ ဖြစ်နေတာကို သတိမပြုဘဲ မနေနိုင်ပါဘူး။

မဆလ စစ်အစိုးရလက်ထက်တုန်းကတော့ ဆိုရှယ်လစ် စကားတွေ ပြော၊ သူများတွေရဲ့ ဥစ္စာဓန တွေကို “ပြည်သူပိုင်သိမ်း” နေရတော့ ဗိုလ်နေ၀င်းတို့ရဲ့ စစ်အုပ်စုဟာ မြေယာကို ပုဂ္ဂလိကပိုင် မလုပ်ရဲ ပါဘူး။ ဒါပေမယ့် ဗိုလ်သန်းရွှေတို့ လက်ထက်ကျတော့ ဈေးကွက် စီးပွားရေးလို့ ပြောနေတာမို့ နိုင်ငံခြားသားတွေအပါ ငွေရှင်ကြေးရှင်တွေကို သူတို့ကြိုက်သလို လုပ်ပိုင်ခွင့်ချပေး၊ ကျေးလက်မှာ ဗိုလ်ကျရမ်းကား ခွင့်ရတဲ့ သူတို့ရဲ့ တပည့် သားမြေးတွေက ထင်သလို သိမ်းယူ၊ စစ်တပ်က ထင်သလို သိမ်းယူ၊ တနိုင်ငံလုံး ဗြောင်းဆန် နေတယ်လို့ ပြောရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်မှာ သူတို့ ခန့်ထားတဲ့ အာဏာပိုင် အမျိုးမျိုးဟာ အတိုးကြီး ပေးရာကနေ လယ်သမားတွေရဲ့ မြေတွေကို အကြွေးအကြောင်းပြ သိမ်းပြီး မြေရှင်တွေ ဖြစ်လာနေကြတာလည်း မနည်းပါဘူး။ နအဖ မွေးထုတ်တဲ့ ချစ်တီးလက်သစ် တွေပါ။ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေက လယ်ဧကတွေ ရာနဲ့ချီပြီး သိမ်းယူတဲ့ ဖြစ်ရပ်တိုင်းမှာ စစ်တပ်ထိပ်ပိုင်းတွေနဲ့ တိုက်ရိုက်ပဲ ပတ်သက်နေပါတယ်။ အနည်းဆုံး တိုင်းမှူး ဆိုသူကတော့ “ပွ” သွားတာပါပဲ။

ဆိုးတဲ့အချက်တခုက အဲဒီလို စစ်တပ်တွေက၊ ကုမ္ပဏီကြီးတွေက လယ်ယာတွေ သိမ်းသွားလို့ ကျေးလက်တွေမှာ စက်မှု လက်ယာ ပေါ်မလာဘဲ သီးစားချထားတဲ့ စနစ်ပဲ ဆိုးဝါး ပြင်းထန်လှတဲ့ နှုန်းတွေနဲ့ ထွန်းကား လာတာပါပဲ။ တပ်ရင်းတွေကတောင် လယ်သမားတွေရဲ့ မြေတွေကို အနိုင်ကျင့် လုယက်ပြီး သီးစား ပြန်ပေးတယ်လို့လည်း အံ့မခန်း ကြားနေရပါတယ်။ ဒီလို မြေယာ လုယက်မှုတွေဟာ နအဖရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်တဲ့ အတွက် ပိုတောင်များလာ၊ ကြမ်းလာတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ ဘယ်သူတွေ ကို အကျိုးပြုတယ် ဆိုတာကို ဒီမြေရှင်သစ်တွေ ပေါ်ပေါက်မှုက အထင်ရှားဆုံး မြင်သာစေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒီနေရာမှာ နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ သူတို့ရဲ့ ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်လို့ကျတော့ အခန်းကြီးတခန်း သီးသန့်ဖွင့်ပြီး ပုဒ်မရှစ်ခုနဲ့ ဖွင့်ဆိုထားပြီး အားလုံးရဲ့ ထမင်းရှင် လယ်သမားများနဲ့ ပတ်သက်လို့ ကျတော့ ပုဒ်မ (၂၃) မှာ အပိုဒ်တိုလေး နှစ်ပိုဒ်ပဲ ဖော်ပြထားဆိုတာ ထောက်ပြလိုပါတယ်။

အခုတော့ ကျေးလက်တွေမှာ လူဦးရေ တိုးတက်လာတဲ့ အပြင် မြေမဲ့ယာမဲ့တွေ ပိုများလာတဲ့ အတွက် အတည်တကျ မရှိတဲ့ အလုပ်လက်မဲ့ တပ်ဖွဲ့ကြီး အဖြစ် စုစည်း မိလာနေပါတယ်။ ဒီအလုပ်လက်မဲ့ တပ်ဖွဲ့ကြီးမှာ ပြည်ပက အလုပ်ပြုတ် ပြန်လာသူ တွေ ထပ်တိုး လိုက်တော့ ဒီဂဏန်းဟာ ဧရာမဂဏန်းကြီး ဖြစ်လာပါတယ်။ သူတို့ဟာ ပြည်တွင်းမှာလည်း ဟိုသွားဒီလှည့် အလုပ်ရှာကြ၊ ပြည်ပ-အထူးသဖြင့် အိမ်နီးနားချင်း တွေမှာ ဟိုစမ်းတိုး၊ ဒီရမ်းတိုး အလုပ်ရှာကြ၊ ၀မ်းမပြည့်၊ စိတ်မငြိမ် ဖြစ်နေကြတာတော့ အမှန်ပါပဲ။

ဒီကြားထဲမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကလည်း မကျော်လွန်နိုင်သေး ဆိုတော့ အရေအတွက်ဟာ ပိုလို့သာ များလာစရာ ရှိပါတယ်။ လယ်ယာကို မှီခိုအသက်ရှင်သူ အရေအတွက်ဟာ ဗမာပြည်လူဦးရေ ရဲ့ (၇၀) ရာခိုင်နှုန်း ကျော်လို့ သုတေသန ပြုချက်များက ဆိုထားချက်နဲ့ ဆက်စဉ်းစားလိုက်ရင် ဒီပြဿနာ ဘယ်မျှကြီးမား တယ်ဆိုတာ ရှင်းနေပါတယ်။

ဘာတွေဆက်ဖြစ်နိုင်တယ်ဆိုတာကို တွေးတတ်သူတိုင်း တွေးပူမိကြမှာပါ။

အခုတော့ ဒီနိုင်ငံမှာ မြေအများစုကြီးဟာ နအဖစစ်ဗိုလ်တွေနဲ့ သူတို့ အသိုင်းအ၀ိုင်း တွေဆီမှာ စုနေပါပြီ။ ဒါ့အပြင် သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်းမှုကြောင့် နောင်မှာလည်း အများကြီး သူတို့ လက်ထဲရောက်ဖို့ ရှိနေပါသေး တယ်။ ဒါကြောင့် အခုအခါ ဗမာပြည်မှာ ဘယ်သူဟာ အကြီးဆုံး မြေရှင်လည်းလို့ မေးလာရင် နအဖ စစ်အုပ်စုလို့ပဲ ပြောရတော့မှာပါ။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့