..............................

Friday, May 22, 2009

အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ (ဦးဝင်းတင်နှင့် အင်တာ ဗျူး)

ကိုဝိုင်း ကြာသပတေးနေ့၊ မေလ 21 2009 13:49 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်နေသည့် အချိန် ကာလတွင် အင်းစိန်ထောင်ရှေ့ သွားရောက် စုရုံးနေသူများသည် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ‘ဆန္ဒ ဖော်ထုတ်နေခြင်း’ သာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

လက်ရှိပြုလုပ်နေသော တရားခွင်နှင့်ပတ်သက်၍ သူ့အမြင်ကို ဦးဝင်းတင်က မဇ္ဈိမ သတင်းထောက် ကိုဝိုင်းသို့ ဖြေကြား ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူရှေ့မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ အခုလိုမျိုး တံခါးပိတ် စီရင်နေတဲ့ ကိစ္စ အပေါ်မှာ ဘယ်လို မြင်ပါသလဲ ခင်ဗျာ။

တရားစီရင်တဲ့အခါမှာ တစ်က ဒါတွေက ဘာမှ မဆန်းသလို ဖြစ်နေတယ်။ ကျနော် နေခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက် အတွင်းမှာ မဆလခေတ် တခေတ်လုံး ကလည်း အလား တူပဲဗျနော်။ အများ ပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ သူတို့ရဲ့ တံခါးပိတ် တရားစီရင်ရေး ပုံစံနဲ့ပဲ အများကြီး ကျနော် ကြုံခဲ့ဖူးတော့ ကျနော့် အဖို့ကတော့ မဆန်း သလိုပဲလို့ ပြောလို့ ရတယ်ဗျာ။

သို့သော်လည်း ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ် ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာလမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီ အဖွဲ့အစည်း တခုရဲ့ ခေါင်းဆောင် တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများပြည်သူ နားထောင် သင့်တယ်လို့ ကျနော် ယူဆတယ်။

ဥပမာ - ဆိုပါတော့ သခင်စိုးအမှု တရားစီရင်တဲ့ အခါမှာ လွတ်လပ်စွာ တရားစီရင်ခွင့် မရဘူး။ တံခါးပိတ် စီရင်တယ်။ အဲဒီလို စီရင်တဲ့အခါမှာ သူလည်း နိုင်ငံရေးသမားပဲ ဘာလို့ သူ့ကို တံခါးပိတ် စီရင်တာ မကန့်ကွက် ဘဲနဲ့ ဒေါ်စုကျမှ ဘာလို့ ကန့်ကွက်လဲ ပြောစရာ အခြေအနေက ပေါ်လာတယ်။ သခင်စိုးကိုက နိုင်ငံရေး ခေါင်းဆောင် တယောက် အနေနဲ့ တရားစီရင်တာ မဟုတ်ဘူးဗျ။ သူပုန်ခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ။ ဒေါ်အောင်ဆန်းစုကြည်က သူပုန်ခေါင်းဆောင် မဟုတ်ဘူးဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်။

သခင်စိုးလက်ထက်မှာ တရားစီရင်တယ် ဆိုတာတောင်မှ သခင်စိုး တရားစီရင်ချက် တွေကို သတင်းစာမှာ ပုံမှန်ဖော်ပြတာ ရှိသေးတယ်ဗျ။ လူတွေလည်း သတ်မှတ်ထားတဲ့ အတိုင်း ၁ဝ ယောက်၊ ၁၅ ယောက် တနေ့ကို စသည်ဖြင့် နားထောင်ခွင့် ရသေးတယ်ဗျ။ မီဒီယာလည်း အဲဒီမှာ သွားပြီး နားထောင်ခွင့် ရတယ်။

ကျနော်ပြောချင်တာက ခေတ်ကာလနဲ့ လုံးဝ မကိုက်ညီဘူး။ ဒီလို ဟာမျိုးတွေ နှစ်ပေါင်း ၄ဝ လောက် တွေ့ခဲ့ဖူးတယ် ဆိုသော်ငြားလည်း၊ ဥပမာ - ထောက်လှမ်းရေး အမှုပေါ့ဗျာ။ တံခါးပိတ် ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် အခု ဖြစ်နေတာထက် ပိုပြီးတော့ အများကြီး လွတ်လပ်တယ်။ ငွေစက္ကူ အမှုတွေ စစ်ဆေးတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။ ကန့်ကွက်နေတာ။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အများပြည်သူ ရှေ့မှောက်မှာ ရုံးထုတ်တာ မလုပ်ဘဲနဲ့ သီးသန့် တံခါးပိတ် စစ်ဆေးတာဟာ အများပြည်သူရဲ့ မူလ အခွင့်အရေးရယ်၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးရယ် တွေကို ချိုးဖောက် ခံရတယ်လို့ရော ယူဆပါသလား ခင်ဗျာ။

ကျနော်က ယူဆပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တရားခွင်ကို သွားရတယ် ဆိုတာ သူ့ရဲ့ဘဝကို ချောက်ကမ်းပါးနား သွားနေရတာ။ သူ ချောက်ထဲကို လိမ့်ကြသွားမလား၊ ကမ်းပေါ်မှာပဲ တင်ကျန် နေမလား၊ မသိရတဲ့ အခြေအနေမျိုး။ အဲဒီ လူကို သူ့ရဲ့ အမှုကို လွတ်လပ်စွာ တရားစီရင်ခြင်း၊ မှန်ကန်မျှတစွာ စီရင်ခြင်း မရှိရုံတင် မကဘူး၊ သူ့ တရား စီရင်ခြင်းကို အများပြည်သူ ကြားနာနိုင်ဖို့ ဥပဒေအရ အခွင့်အရေး ရှိပါရဲ့နဲ့ ခွင့်ပြုချက် မရဘူးဆိုတာက သူ့ လူ့အခွင့်အရေး ချိုးဖောက် ခံရတာပဲလို့ ပြောနိုင်ပါတယ်။

အလားတူပဲ အများပြည်သူက ကြားနာခွင့် မရတာလည်း တရားခွင်မှာ အများ ပြည်သူ ရှေ့မှောက် ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့သားနဲ့ နအဖ အစိုးရ လက်ထက်မှာလည်း ဒီဥပဒေကို ဆက်လက် ပြဋ္ဌာန်း ထားပါလျက်နဲ့ နားထောင်ခွင့် မရဘူး၊ လေ့လာခွင့် မရဘူး။ ဒါလည်း ချိုးဖောက်ခံရတာပဲ။

ဒေါ်စုကို ရုံးထုတ်နေတုန်း အန်အယ်ဒီအဖွဲ့ဝင်တွေ၊ အန်အယ်ဒီကို ထောက်ခံတဲ့ လူတွေ၊ ဒီမိုကရေစီ လိုလား သူတွေဟာ အင်းစိန်ထောင်ရှေ့နဲ့ အင်းစိန်မြို့နယ် အတွင်းမှာ စုဝေး နေကြတာ သတိထား မိပါတယ်။ ဒီကိစ္စ အပေါ်မှာ ဘယ်လို မြင်ပါသလဲ ခင်ဗျာ။

ကျနော် အဲဒီမှာ လူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ရဲ့ အမြင်တွေ၊ သဘောထားတွေ၊ ခံစားချက်တွေကို သိရတာပေါ့။ ပြောချင်တာက ကျနော် အပါအဝင် အဲဒီရှေ့မှာ ရောက်လာပြီးတော့ စုရုံးနေတဲ့ လူတွေရဲ့ အခြေခံ အမြင်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် သူတို့ကိုလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ တဦးချင်း ကလည်း ကျနော့်ကို ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ အချင်းချင်းလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာ။ ကျနော်တို့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်နေတာ မဟုတ်ဘူး။ စာရွက် စာတမ်းတွေ ရေးပြီး ကမ်းလှမ်းနေတာ မဟုတ်တဲ့ အတွက် တဦးချင်း ကိစ္စက သဘောထား အသီးသီးကို မပြောနိုင်ပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အမြင်၊ အယူအဆ၊ ခံစားချက်ကိုတော့ ပြောလို့ရတယ်လို့ ထင်တယ်။

ဘယ်လို လူမျိုးတွေ ရောက်လာပြီး၊ ဘာလာလုပ်နေကြတယ် ဆိုတာရော ပြောပြ နိုင်မလား ခင်ဗျာ။

အဲဒီထဲမှာ အန်အယ်ဒီတွေ ပါတယ်။ တခြားသော ကျောင်းသား၊ လူငယ်တွေ ပါတယ်ဗျာ။ ရဟန်း သံဃာတွေ ပါတယ်ဗျာ။ လူမျိုးစုံပါတယ်။ ကလေးပါတယ်။ လူကြီးပါတယ်။ မိန်းမပါတယ်။ ယောက်ကျား ပါတယ်ပေါ့ဗျာ။ ဒီလူတွေ အားလုံးရဲ့ ရင်ထဲမှာ ရှိတဲ့ဟာက ဘာလဲဆိုရင် တစ်က ကျနော်တို့ဟာ နတ်ကရာ ချီးမွမ်း လာပြီး ထိုင်နေကြတာ မဟုတ်ဘူး။ ငေးမောပြီးတော့ ပွဲတော်တခု လာကြည့်နေတာ မဟုတ်ဘူး။ စတုဒိသာ ပွဲတခု လာပြီး စားသောက်နေတာ မဟုတ်ဘူး။ နောက်တခုက တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဆန္ဒပြ နေတာလည်း မဟုတ်ဘူး။ ဒါက အရေးကြီးတယ်။ ဆန္ဒ ပြချင်တဲ့လူ ကတော့ ပြမှာပဲ။ မပြဘူးလို့ မပြောနိုင်ဘူး။ ပြချင်တဲ့စိတ် မရှိဘူး၊ ရှိတယ်လည်း မပြောဘူး။

သို့သော် ပုံသဏ္ဍာန်အားဖြင့်၊ အမြင်အားဖြင့်ဆိုရင် ကျနော်တို့ တတွေဟာ ငေးမောပြီးတော့ နေပူ ကျဲတဲမှာ ထိုင်စရာ မရှိ၊ နေစရာ မရှိ၊ စားစရာ မရှိ၊ သောက်စရာ မရှိ၊ အပေါ့အပါး သွားစရာမှ မရှိတဲ့ အနေအထားမျိုးမှာ နာရီပေါင်းများစွာ။ တချိန်တည်းမှာပဲ ကျနော်တို့က ဆူပူခြင်း၊ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ တောင်းဆိုခြင်း ဒါတွေ လုပ်နေတာလည်း မဟုတ်ဘူး။ အားလုံး တိတ်တိတ် ငြိမ်ငြိမ်ပဲ။ စကားတောင် အော်ကျယ် မပြောဘူး။

ဒါဆိုရင် ဘာလုပ်နေတာလဲလို့မေးရင် ကျနော်က ပြောမယ်၊ အကုန်လုံး ရင်ထဲမှာ နိုင်ငံရေး စိတ်တွေ၊ သဘောထားတွေ ရှိတယ်။ နိုင်ငံရေး ခံစားချက်တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သူတို့ လုပ်နေတာ။ နိုင်ငံရေး လုပ်နေတာပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးကို ပုံသဏ္ဍာန် တမျိုးနဲ့ လုပ်နေတာ။ အဲဒါ ဘာလဲဆိုရင် ‘ကျနော်တို့ ဆန္ဒ ဖော်ထုတ်နေတာ’ လို့ ပြောချင်တယ်။ တဦးချင်း တဦးချင်း၊ လူတိုင်း လူတိုင်း - ဆန္ဒ ဖော်ထုတ်နေတာ။

‘ဆန္ဒ ဖော်ထုတ်နေတာ’ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြ ပေးပါဦး ခင်ဗျာ။

ကောင်းပြီ။ ဒါဖြင့် ဘာဆန္ဒတွေလဲလို့မေးရင် တစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော် တို့ရဲ့ ခေါင်းဆောင် ဖြစ်တယ်။ လူထု ခေါင်းဆောင် ဖြစ်တယ်။ အဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်တယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်တယ်။ ဒီလို ခေါင်းဆောင်မျိုး တယောက်ကို ဘယ်နေရာမှ တရား စီရင်နေမှန်း မသိ၊ လူတွေလည်း မဝင်ရ၊ ဒီအကြောင်းလည်း ဘာမှန်း မသိရ၊ ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတာကို ကျနော်တို့ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေမလား။ မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ကြည်ညိုတယ်၊ ထောက်ခံတယ်၊ တသားတည်း ဖြစ်တယ်၊ တပေါင်း တစည်းတည်း ဖြစ်တယ် ဆိုတာကို ပြချင်တယ်။ အဲဒီဆန္ဒတွေ ရှိတယ်။ အဲဒီဆန္ဒတွေနဲ့ ထောင်ရှေ့မှာ လာပြီး ထိုင်နေကြတာ။

ဒုတိယအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရား စွဲတာနဲ့ ပတ်သက်ပြီး ကျနော်က လုံးဝကို လက်မခံဘူး။ ဒီအမှုက အမှုဆင်တာ၊ ရမယ်ရှာပြီးတော့ ပုဒ်မ တပ်တာ။

အမှုဆင်တာလို့ ဘယ်လို အခြေခံအကြောင်းတွေကြောင့် ပြောနိုင်တာလဲ ခင်ဗျာ။

အကွက်ဆင်တာ၊ ဘာလို့လဲဆိုတော့ ထင်ရှားတာ အချက် နှစ်ချက် ရှိတယ်။ တစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာ ဒီလ ၂၇ ရက်ဆို လွတ်တော့မယ်။ လွတ်ခါနီးကျမှ ဒီကိစ္စ ပေါ်လာတယ်။ နောက် သူနဲ့ သက်ဆိုင်တယ် ဆိုတဲ့ လူက ဒုတိယ အကြိမ် ပြန်လာတာဗျ။ ဒီ ယက်တော ဆိုတဲ့လူက လွန်ခဲတဲ့ နှစ်တုန်းက ရောက်ခဲ့ပြီးပြီ။ ရောက်ခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကနေ ဒေါက်တာ တင်မျိုးဝင်းကနေ တဆင့် ပြည်ထဲရေး ဌာနကို တိုင်ကြားပြီးပြီ၊ အသိပေးပြီးပြီ။ အဲဒီ ကြားထဲကနေ ဒီလူ ရောက်လာတယ် ဆိုတာ ဘယ်လို ရောက်လာတာ လဲလို့။

ကျနော့်အတွေ့အကြုံ ပြောမယ်။ ကျနော့်အကြောင်း လေ့လာနေတဲ့ လူက ကျနော် ထောင်ထဲမှာ ရှိနေတုန်း ဗမာပြည် လာဖူးတယ်ဗျ။ ဦးစိန်ဝင်းတို့၊ လူထု ဒေါ်အမာတို့၊ ဒဂုံ တာရာတို့၊ ဦးမောင်မောင်ခင်တို့ စသည်ဖြင့် စာပေသမားတို့၊ သတင်းစာ သမားတို့နဲ့ တွေ့တယ်။ အဲဒါကို အစိုးရက နည်းနည်းမှ မကြည်ဖြူဘူး၊ မှတ်ထားတယ်။ အဲဒါက ၅ နှစ်ကျော်ပြီ။ မကြာခင်တုန်းက ကျနော် လွတ်လာတော့ ကျနော့်ကို လာတွေ့ချင်တယ်။ ဗီဇာမရဘူး။ စဉ်းစားကြည့်ဗျာ။ ကျနော်က နိုင်ငံရေးအရ ကြီးကျယ်တဲ့ လူလည်း မဟုတ်ဘူး။ သာမန် သတင်းစာ သမား တယောက်။

ကောင်းပြီ။ ယက်တောက ဘယ်လို ဗီဇာရလဲ။ တခါတုန်းက ဒေါ်စုအိမ်ထဲ အိမ်ထဲ ဝင်တယ် ဆိုတာလည်း သိပြီ။ ဒေါ်စုရဲ့ ညွှန်ကြားချက်အရ ဒေါက်တာ တင်မျိုးဝင်း ကလည်း ပြည်ထဲရေး ဌာနကို အကြောင်းကြား ပြီးပြီ။ အဲဒီလောက် အမှတ်အသားဖြစ်ပြီး မှတ်ထားတဲ့ လူဟာ ဒီလို အချိန်မှာ ဘာ့လို့ ဗီဇာရသလဲ၊ ဘာဖြစ်လို့ ဗီဇာပေးသလဲ။ နိုင်ငံခြားရေး ဌာနတို့ ဘာတို့က ဒီလောက်ပဲ ပေါ့လျော့သလား။ ဒီလောက် လက်လွတ်စပယ် လုပ်သလားဆိုတာ မေးစရာတွေ ရှိလာတယ်။ မဟုတ်ဘူး၊ မပေါ့တန်ဘူး။ စည်းကမ်းတကျ အဖွဲ့အစည်း၊ ကမ္ဘာ့ အဆင့်အတန်းမီ အဖွဲ့အစည်း၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန ဖြစ်တယ်ဆိုရင်၊ အဲဒီလို ဆိုရင်တော့ ဒီ ဗီဇာ ပေးလိုက်ခြင်းဟာ လုပ်ကြံမှုရဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ထဲမှာ ဒီဟာက လုပ်ကြံမှုကြီး။ အဲဒါကို ဒီအမှုကို ဖျက်သိမ်းပေးပါ။

နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ထောင်ချလိုက်မယ် ဆိုရင် အန်အယ်ဒီ၊ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အနေအထားက တစုံတရာ အပြောင်းအလဲ ဖြစ်သွားနိုင်မယ် ယူဆ ပါသလားခင်ဗျာ။

အဲဒီလိုဟာမျိုးကတော့ ပြောရတာတော့ ခက်တယ်။ တစ်က ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်း တရပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့အစည်း တရပ်ဟာ မှားယွင်းတဲ့ အခြေခံနဲ့ ဖြစ်စေ၊ မှန်တဲ့ အခြေခံမှာ ဖြစ်စေ တရားခွင် ရောက်တယ်။ တရားခွင်က လွတ်လပ်တဲ့ တရားခွင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလို အခြေခံ မျိုးကနေ တရား စီရင်လိုက်တဲ့ အပေါ်မှာ ကျနော်တို့ဟာ တစ် မမှန်ကန်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်ဖို့ ဆိုတာ ကျနော်တို့ ဘာအကြောင်းမှ မရှိဘူး။ ဆိုလိုတာက တရားစီရင်ရေးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တရားစီရင်ရေး စနစ်နဲ့ သွားတယ်ဆိုရင် တစုံတရာသော အတိုင်းအတာ အထိ လက်ခံရမယ်လို့ ကျနော်တို့ ယူဆတယ်။ တရားစီရင်ရေး ကနေ ထွက်လာတဲ့ ရလဒ်တခုကို လက်လွတ်စပယ်နဲ့ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ မလုပ်ဘူးလို့ ပြောလို့ရတယ်။

ကျနော်တို့ဟာ အဖွဲ့အစည်းဖြစ်တဲ့ အတွက် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ။ သေချာတာကတော့ ပြစ်ဒဏ် ချလိုက်ပြီဆိုတာကို လက်ခံရသည့်တိုင် ဒီဟာကိုတော့ ဆက်ပြီးတော့ တရားဥပဒေ ရှုထောင့်က တိုက်သွားဦးမှာပဲ။ တရားဥပဒေ ရှုထောင့်က တိုက်လို့ မရဘူးဆိုရင်လည်း တုံ့ပြန်သင့် တုံ့ပြန်ထိုက်တဲ့ ပုံသဏ္ဍာန် တခုနဲ့တော့ တုံ့ပြန်မှာပဲလို့ ပြောလို့ရပါတယ်။ တရားစီရင်ရေးကနေ ထွက်လာတာတော့ မှန်တယ်။ တရားစီရင်ရေး အရလည်း ဆုံးခန်းတိုင် ရင်ဆိုင်သွားမယ်။ အဲဒီကြားထဲကနေ တရားမျှတ မှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးဆိုရင် ဆန့်ကျင်တဲ့ အရာ တစုံတရာတော့ ပေါ်လာမှာပဲ။ အများနဲ့ လုပ်တာလေ။ တယောက်ကတော့ ငုံ့ခံချင် ငုံ့ခံနေမယ်၊ အများကတော့ ငုံ့ခံမနေဘူး။ သည်းခံခြင်း ရှိမယ်၊ ငုံ့ခံခြင်း မရှိဘူး။

နအဖ ထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတ ရားရုံး ICC ကို တင်ဖို့ ကြိုးစား နေတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလား ခင်ဗျာ။

ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရားစွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်း များစွာပေါ့၊ အာဖရိက နိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင် ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။

ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေ မျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့ မရတဲ့ အနေအထား။ မီဒီယာတွေထဲ ပါလို့ ကျနော်က ငြင်းလို့ မရတာလို့ ပြောတာ မဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူတွေဟာ ရှစ်လေးလုံး ကာလလို ကာလမျိုးက စပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင် တော်လှန်ရေးလို ကာလမျိုး နောက်တခါ နိုင်ငံရေး အကျဉ်းသား များစွာကို ညှင်းဆဲ သတ်ဖြတ် ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ တရားစီရင် ခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့် ကိစ္စ။ ကျနော့် ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင် တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။

သို့သော် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းက ရှိခဲ့တဲ့ သဘောထား ပေါ့ဗျာ။ ကျနော်တို့ ဗမာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဟာတွေအကုန်လုံး တယောက်နဲ့ တယောက် လက်စား ချေကြမယ် ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ် ဆိုတာ သဘောတူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲ ဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီ ရယ်လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ် ဆိုရင် ချေချင်တိုင်း ချေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဟာ လူသားအပေါ်မှာ အလွန် ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

အဲဒီလို ပုံစံအမျိုးမျိုး ကျူးလွန်တဲ့လူတွေကို သင်ပုန်းချေတယ် ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ် လိုက်ရင် ရမလား။ နိုင်ငံရေး ပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေး ခေါင်းဆောင် တယောက်ကနေ လုပ်ရင် ရမလား။ မရဘူး။ တရားဝင် ဖြစ်ဖို့လိုတယ်။ ပြည်ပ တရားရုံးတို့ ဘာတို့ ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီး မကြားသေးဘူး ပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲ ဆိုတော့ လွှတ်တော်တို့ ဘာတို့မှာ တင်ပြီးတော့ ဥပဒေ ပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာ ဖြစ်စေ၊ ဒါက တခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆိုရင် ကျနော်တို့က အမျိုးသား ပြန်လည် သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။

သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော် အဆင့်ကို မရောက်ခဲ့တဲ့ အတွက် ကျနော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာ မဟုတ်တဲ့ အတွက်၊ ကျနော်တို့ဆိုတာ ကျနော်တို့ ဒီမိုကရေစီ သမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ ဆိုတာ ဖွဲ့နိုင်တဲ့ အနေအထားမှာ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင် ခံရမယ်လို့ တထစ်ချ မပြောနိုင် သေးပေမယ့် ဒီလူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော် ယုံကြည်ပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့