..............................

Thursday, May 21, 2009

နိုင်ငံတကာသံအမတ်ကြီးများနှင့် သတင်းထောက်အချို့ ဒေါ်အောင်ဆန်း စုကြည် အမှု တက်ရောက်ခွင့်ရ

မင်းနိုင်သူ / ၂၀ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှု တတိယနေ့ ရုံးချိန်း မွန်းလွဲပိုင်း တရား စစ်မေးမှုတွင် နိုင်ငံတကာ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းထောက် အချို့ကို တက်ရောက် နားထောင်ခွင့် ပြုခဲ့ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“တရားလိုပြသက်သေနှစ်ယောက်စစ်တယ်။ တယောက်ပဲပြီးတယ်။ ကျန် တယောက်က မပြီးဘူး။ မနက်ဖြန် မနက် (၁၀) နာရီ ဆက်ချိန်းတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

ယနေ့မွန်းလွဲပိုင်း တရားစစ်မေးမှုတွင် နိုင်ငံတကာ သံအမတ်ကြီး (၃၀) နီးပါး၊ ပြည်ပ သတင်းထောက် (၅) ဦးနှင့် ပြည်တွင်း ဂျာနယ် သတင်းထောက် (၅) ဦးတို့ တက်ရောက် နားထောင်ခွင့် ရရှိခဲ့ကြသည်။

ညနေပိုင်းတရားခွင်ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံရှိ သံတမန်များ အဖွဲ့ နာယက စင်ကာပူ သံအမတ်၊ အာဆီယံ ဥက္ကဋ္ဌ ဖြစ်နေသော ထိုင်းနိုင်ငံမှ သံအမတ်၊ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်နေသော ရုရှနိုင်ငံမှ သံအမတ်များနှင့် တွေ့ဆုံခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ရက်တရားခွင်တွင် သံတမန်များနှင့် သတင်းထောက်များ တက်ရောက် နားထောင့်ခွင့် ရှိမရှိ မသိရ သေးကြောင်း အန်အယ်လ်ဒီ ပါတီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထားစဉ် နေအိမ် အတွင်း အမေရိကန် နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့သည်ဟု ဆိုကာ နအဖ စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားထပ်မံ စွဲဆိုခဲ့ရာ နိုင်ငံတကာရှိ မြန်မာ သံရုံးများရှေ့တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

အာဆီယံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အမေရိကန် အပါအ၀င် အနောက် နိုင်ငံများကလည်း အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ် နေကြကြောင်း ထုတ်ဖော် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်ကို အများပြည်သူ ကြားနာခွင့် ရရန် အမေရိကန် အစိုးရ၏ တောင်းဆိုချက် ယမန်နေ့က ပေါ်ထွက် လာပြီးနောက် ယနေ့ သံတမန်များနှင့် သတင်းထောက် အချို့ တရားခွင် ၀င်ရောက် ကြားနာခွင့်ရခဲ့သည်။

“ပြည်တွင်းသတင်းထောက်တွေကလည်း ဒီကိစ္စအပေါ် စိတ်ဝင်စားမှု ရှိကြတယ်။ ရုံးချုပ်ကို မလာဖူးကြတဲ့ သတင်းထောက်တွေပါ ပါလာပြီး တရက်ကို လူလေးငါးဆယ်လောက် လာမေးကြတယ်။ ဦးဉာဏ်ဝင်းက တရားရုံးက ပြန်လာရင် သူတို့ကို ပြန်ရှင်းပြရတယ်။ ပြန်ရေးလို့ရတယ် မရတယ်တော့ မသိဘူး။ သူတို့ကတော့ အမှုကို စွဲတင်တဲ့နေ့ ကတည်းက လာမေးနေကြတာပဲ” ဟု ဦးအုံးကြိုင်က ပြောသည်။

အန်အယ်လ်ဒီပါတီကလည်း အများပြည်သူ တက်ရောက် ကြားနာ နိုင်သည့် တရားခွင်ဖြင့် စစ်မေးရန် တင်ပြ တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်းနှင့် ယနေ့ ထပ်မံ တောင်းဆိုကြောင်း ကြေညာချက် တစောင် ထပ်မံ ထုတ်ပြန်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့