..............................

Monday, May 18, 2009

ဒေါ်အောင်ဆန်းစုကြည် ပတ်သတ်၍ ကြားဖြတ်သတင်းများ

နိုင်ငံခြား သံအမှုထမ်းများကို အင်းစိန်ထောင် ဝင်ခွင့် မပြု
တနင်္လာနေ့၊ မေလ 18 2009 11:50 - မြန်မာစံတော်ချိန်

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
--------------------------

ဖဲကြိုးဝေသူ လူငယ်တဦး အဖမ်းခံရ
တနင်္လာနေ့၊ မေလ 18 2009 11:40 - မြန်မာစံတော်ချိန်

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
--------------------------

တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်
တနင်္လာနေ့၊ မေလ 18 2009 11:25 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
--------------------------

စစ်အစိုးရကို ဘယ်လ်ဂျီယံ ရှုတ်ချ
တနင်္လာနေ့၊ မေလ 18 2009 11:15 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က စစ်အစိုးရကို ရှုတ်ချလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားခြင်းအပေါ် နိုင်ငံတကာ၏ ကန့်ကွက်မှု စာရင်းထဲ နောက်တိုးအဖြစ် ပါဝင်လာသည်။

“စစ်အစိုးရက သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပါနိုင်အောင် အချုပ်အနှောင်မှာ ဆက်ထားချင်တော့ အကြောင်းပြချက် လိုက်ရှာနေတာလို့ပဲ ကျနော်တော့ စဉ်းစားမိတယ်” ဟု မစ္စတာ De Gucht က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ် တစိတ်တဒေသ ဖြစ်နိုင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက်လည်း မရှိမဖြစ် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။
--------------------------

လူငယ်များနှင့် ကြံ့ဖွံ့တို့ ရင်ဆိုင်တွေ့
တနင်္လာနေ့၊ မေလ 18 2009 10:01 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ လမ်းပိတ်ထားသော်လည်း လူအများအပြား အင်းစိန်ထောင် အနီးသို့ ရောက်ရှိနေကြပြီး လူငယ် ၃၀ ခန့်မှာ အကျဉ်းထောင်ရှေ့သို့ ချဉ်းကပ်နိုင်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၅၀ ခန့်က လူငယ်များကို စောင့်ကြည့်နေကြပြီး ယနေ့ အစောပိုင်းက ရန်ကုန်တွင် အင်တာနက် ပြတ်တောက်သွားခဲ့သည်။


ဒေါ်စု၏ ရှေ့နေများ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွား

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။

မဇ္ဈိမ

0 comments:

အပေါ်သို့